ကြောက်ရွံ့ခြင်းမှ ကင်းဝေးအောင်

ကလေးဆိုတာ သူတို့နဲ့ စိမ်းတဲ့ ပတ်ဝန်းကျင်ကို ကြောက်လေ့ရှိကြတယ်။ သူတို့နားမလည်တဲ့ဝန်းကျင်၊ သူတို့အတွက် အဆင်မပြေတဲ့ နေရာတွေဆိုရင် စိတ်ရှုပ်ပြီးတော့ ကြောက်တတ်တယ်။ ဒီလိုအနေအထားမျိုး တွေဟာ သူတို့ငယ်ရွယ်စဉ် ကလေးဘဝရဲ့ စိန်ခေါ်မှုတွေပဲ။

သူတို့မသိတဲ့ ထူးဆန်းတဲ့ ခံစားမှုတွေနဲ့ သံသယတွေဖြစ်ပြီး ကြောက်စိတ်တွေ ဝင်လာတာကို လူကြီးတွေက အချိန်မီ ဖြေရှင်းပေးဖို့လိုပါတယ်။ သူတို့မသိမှုကို ဒီအတိုင်း လွှတ်ထားလိုက်ရင် သူတို့ကြောက်စိတ်တွေက ပိုပြီးဆိုးလာတတ်တယ်။

သူတို့ဝန်းကျင်မှာ ရှိနေတဲ့ ရုပ်ရှင်၊ ကာတွန်း၊ အသံတွေကလည်း သူတို့ကို ကြောက်စိတ်တွေ ဖြစ်ပေါ်လာ အောင် တိုက်တွန်းတတ်ပါတယ်။ ဒါကြောင့် သူတို့ကြောက်စိတ်တွေကို ဘယ်လိုကုစားပေးကြမလဲဆိုတာ အဖြေရှာသင့်ပါတယ်။

ကလေးတွေ ကြောက်လာရင် သူတို့မှာရှိတဲ့ ခွန်အားတွေလည်းပျောက်ကုန်တတ်တယ်။ သူတို့မှာ ကူသူ ကယ်သူမဲ့ပြီ ဆိုပြီးတော့လည်း အားငယ်စိတ်လေးတွေ ပေါ်လာတတ်တယ်။ ဒါကြောင့် သူတို့ကြောက်နေ တာဟာ ဘာမှမဟုတ်ပါလားဆိုတာကို တစ်ခုခု သက်သေပြဖို့လိုတယ်။

အကြောက်တရားတစ်ခုကို လူကြီးတစ်ယောက်နဲ့ ရင်ဆိုင်စေတာ အကောင်းဆုံးပဲ။ ကြောက်လို့ ပြေးလာပြီး ကိုယ့်အပေါ်ဖက်တက်လာတဲ့ကလေးကို ဆီးပြီးတော့ ငေါက်လိုက်၊ ရိုက်လိုက်မယ့်အစား ပွေ့ဖက်ပြီးတော့ နွေးထွေးမှုပေးလိုက်ပြီး သူတို့ကြောက်လာတဲ့အရာဟာ ဘာမှမဟုတ်ကြောင်း လူကြီးက သက်သေပြ ပေးနိုင် ရမယ်။

ကလေးဆိုတာ လူကြီးနဲ့ ငယ်ရွယ်စဉ်အချိန်မှာ မကင်းကွာသင့်ပါဘူး။ လူကြီးတွေက သူတို့အတွက် “အထူးအချိန်” လေးတစ်ချိန် သတ်မှတ်ပေးဖို့လိုပါတယ်။ အထူးအချိန်ဆိုတာ သူတို့နဲ့ အတူတူနေထိုင်ပြီး ကိုယ်က စာအုပ်လေးဖတ်ပြ၊ အတူတူကစားကြတဲ့ အချိန်လေးကို ပြောတာ။ သူက စာဖတ်ပြမယ်ဆိုရင် လည်း ကိုယ်က နားထောင်ပြနိုင်တဲ့ အချိန်တစ်ခုပေးရမယ်။ သူတို့ စိတ်ဓာတ်ခွန်အားတိုးအောင် အဲဒီအချိန်မှာ အကောင်းဆုံး လုပ်ပေးနိုင်တယ်။

ကလေးနဲ့ သူအားကိုးအားထားပြုစရာ မိဘတွေ အတူရှိနေချိန်များလေ ကလေးအတွက် စိတ်ဓာတ်ခွန်အား တိုးလေပါပဲ။ သူတို့နဲ့ မိဘတွေက ရယ်မောပျော်ရွှင်ချိန် များများပေးလေ သူတို့ဘဝအတွက် လုံခြုံမှု အရှိဆုံးလို့ ထင်နေလေဖြစ်ပါတယ်။ ကလေးကို စိတ်ဆိုးအောင်၊ စိတ်တိုအောင် စတာ၊ နောက်တာ၊ ပြောင်တာ အကျိုး မရှိပါဘူး။ မလုပ်မိအောင် ရှောင်သင့်ပါတယ်။

ကလေးဟာ တစ်ခုခုကြောင့် ကြောက်နေပြီဆိုရင် ဘယ်လိုဖြေသိမ့်ပေးရမလဲဆိုတာ မိဘအပေါ် မူတည်ပါ တယ်။ ကြောက်ဦးကွာဆိုပြီး ရိုက်နှက်နေတာ ကုစားခြင်းမဟုတ်ပါဘူး။ ကလေးတစ်ယောက်ကို သိမ်ဖျင်းတဲ့ လူကြောက်လေးတစ်ယောက်ဘဝကို တွန်းပို့နေသလို ဖြစ်စေပါလိမ့်မယ်။ ကလေးတစ်ယောက်ရဲ့ စိတ်ကို ဘယ်တော့မှ သိမ်ငယ်အောင် အညွန့်ကျိုးအောင် မလုပ်သင့်ပါဘူး။

ကလေးကကြောက်လာပြီဆိုရင် ပထမဆုံး ပွေ့ဖက်အားပေးတာ အကောင်းဆုံးပဲ။ သူတို့ သိပ်ကြောက် နေပြီဆိုရင်၊ ရုန်းကန်၊ တုန်လှုပ်နေပြီဆိုရင် ရင်ခွင်ထဲထွေးပွေ့ပေးထားတာ ရှေးဦးပြုစုခြင်းပါပဲ။ အခြေအနေ တည်ငြိမ်သွား လောက်ပြီဆိုမှ“မေမေ ဒီမှာရှိတယ်။ ဘယ်မှ မသွားဘူး။ ဘာမှ မဖြစ်ဘူး”
“ဖေဖေ သားကို စောင့်ကြည့်နေတယ်။ ဖေဖေတစ်ယောက်လုံးရှိနေတာပဲ။ ဘာမှမဖြစ်ဘူး” ဆိုတဲ့ အားပေး စကားလေးတွေနဲ့ သူတို့ရဲ့ ကြောက်စိတ်ကို ဖြေဖျောက်လိုက်မယ်။

ဒီလောက်လေး ပြောလိုက်တာနဲ့တော့ ကလေးတစ်ယောက်ရဲ့ ကြောက်စိတ်ဟာ ရုတ်တရက် ပျောက်သွားမှာ မဟုတ်ပါဘူး။ အချိန်ပေးရမယ်။ သူတို့နဲ့ အချိန်ကြာကြာလေး နေပေးရမယ်။ ပြောနေ ဆိုနေရင်းက ကြောက်စိတ်တွေပျောက်ပြီး လမ်းကြောင်းလွဲသွားနိုင်တယ်။ ရယ်စရာ မောစရာတွေပြော၊ ပြောင်ရင်း နောက်ရင်းက ကြောက်စိတ်တွေ ပြေသွားနိုင်ပါတယ်။

ကြောက်လာတဲ့ ကလေးတစ်ယောက်ကို ချက်ချင်းကြီး ပျောက်သွားအောင် လုပ်လို့တော့ မရနိုင်ပါဘူး။ တဖြည်းဖြည်းချင်း သူဘာကိုကြောက်လာသလဲဆိုတာ အဖြေရှာပြီးမှ၊ ဘာကြောင့် မကြောက်သင့်ကြောင်း အဖြေပေးနိုင်ဖို့ လူကြီးက စဉ်းစားဆုံးဖြတ်ရပါလိမ့်မယ်။

ဒီနေရာမှာ အမွှာကလေးနှစ်ယောက်ရဲ့ မိခင်ပြောပြတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ပြချင်ပါတယ်။
ကျွန်မမှာ ၂၂ လသားအရွယ် အမွှာသားနှစ်ယောက်ရှိတယ်။ သားတစ်ယောက်က ရေချိုးရတာ အရမ်း သဘောကျတယ်။ တစ်ညတော့ သူနဲ့ သူ့အစ်မ ရေအတူချိုးကြတယ်။ ရေချိုးဇလုံနဲ့ မဟုတ်ဘဲ သူ့အစ်မက ရေပန်းကို ဖွင့်လိုက်တော့ သူ့ခေါင်းပေါ် ရေတွေကကျပြီး သူအရမ်းကြောက်သွားတယ်။

အဲဒီအချိန်ကစပြီးတော့ သူ့ကို ရေချိုးပေးတော့မယ်ဆိုရင် အော်တော့တာပဲ။ ကျွန်မ နည်းလမ်းရှာရတယ်။ သူ့ကို ရေချိုးကန်ထဲ အထည့်ခံဖို့ မပြောနဲ့ ရေချိုးခန်းထဲ ထည့်မယ်ဆိုရင်တောင် ငိုတဲ့သားအတွက် စဉ်းစား ရတော့ တာပေါ့။

သူ့ညီလေးက ရေမကြောက်ဘူး။ ရေချိုးကန်ထဲ ထည့်ထားပြီး အရုပ်လေးတွေပါ ကန်ထဲ ထည့်ထားပေး လိုက် တယ်။ ဘဲရုပ်လေးတွေ၊ လိပ်ရုပ်လေးတွေပေါ့။ သူ့ညီလေး ပျော်ရွှင်စွာ ရေကစားနေတာကို အရင်ပြရတယ်။ ပြီးတော့မှာ ကန်နားကို တဖြည်းဖြည်းကပ်ပြီးတော့ ရေကစားချင်လာအောင် လုပ်ရတယ်။
ရေပန်းကို မကြောက်ဖို့ကတော့ သူနဲ့ကျွန်မ ရေပန်းကို အတူဖွင့်လိုက်၊ ပိတ်လိုက်၊ အကြိမ်ပေါင်းများစွာ လုပ်ကြည့်ကြရတယ်။

ကျွန်မက သားတွေကို ဘယ်တော့မှ ပေးမကြောက်ဘူး။ သူတို့ကြောက်တယ်ဆိုရင် ကျွန်မနဲ့ အတူ ရင်ဆိုင်နိုင် အောင်အမြဲလုပ်တယ်။

ဘာမှန်းမသိတာကို ကြောက်နေမယ့်အစား၊ သိအောင် တစ်ခုခု လုပ်ပေးလိုက်တာဟာ သူတို့ရဲ့ ကြောက်စိတ်ကို အကောင်းဆုံး ဖြေဖျောက်နည်းလို့ ထင်ပါတယ်။

(Ref : Helping Children Conquer Their Fears, Patty Wipfler)

0 မှတ်ချက်များ for "ကြောက်ရွံ့ခြင်းမှ ကင်းဝေးအောင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++