အစိုးရကြောင့် ရှမ်းနဲ့ပအို့ဝ် တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူကြီးဒေသမှာ အစိုးရကြောင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင် ပိုင်း (RCSS/SSA)နဲ့ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ကြား ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အစိုးရနဲ့သဘောတူညီထားတဲ့နေရာမှာ PNLO နေ အိမ်များ တည်ဆောက်နေမှုကို RCSS /SSA က ဟန့်တားတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့  PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

RCSS/SSA ကလည်း PNLO ကို အိမ်ဆောက်ဖို့ အစိုးရက အမိန့်ပေးတယ်လို့ ကျနော်တို့ သိထားပါတယ်။  ဒါပေမယ့် ကျနော်တို့ ထိန်းချုပ်နယ်မြေထဲ ဖြစ်တဲ့အတွက် အိမ်မဆောက်ဖို့ သတိပေးပြီး နောက်မဆုတ် တဲ့အပြင်တပ်တွေပါ တိုးချလာတော့ ကျနော်တို့ တိုက်ခိုက်ရတာလို့  ပြောပါတယ်။

အစိုးရက နယ်မြေသတ်မှတ်ပေးမှုနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူနဲ့ PNLO ဥက္ကဌ ခွန်မြင့်ထွန်းတို့ထံ ပေးပို့ခဲ့တဲ့ RCSS/SSA ဥက္ကဌ ယွက်စစ်ရဲ့စာမှာ ၎င်းတို့နယ်မြေထဲ PNLO လှုပ်ရှားခွင့်ပြုမှာ မဟုတ်ဘဲ နေအိမ်ဆောက်လုပ်မှုများ ရပ်တန့်ပေးရန်နှင့် ပအို့ဝ်တပ်များ ဆုတ်ခွာပေးရန် အကူအညီလိုအပ်ပါက ကူညီပေးသွားမယ်လို့  ဖော်ပြထားပါတယ်။

မောက်မယ်မြို့နယ်၊ ကဒူကြီးဒေသရှိ နောင်တော်ကျေးရွာဟာ သူတို့ထိန်းချုပ်နယ်မြေလို့ RCSS/SSA ပြော တာကို မြန်မာအစိုးရက PNLO ရဲ့ နယ်မြေအဖြစ် သတ်မှတ်ပေးလိုက်တဲ့အတွက် တိုင်းရင်းသားတပ်ဖွဲ့ အချင်းချင်းကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

RCSS/SSA နှင့် UNFC အဖွဲ့ဝင် PNLO အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ကိစ္စကို  ကြားဝင်ဖြေရှင်းပေးမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒု ဥက္ကဌ နိုင်ဟံသာက  ပြောပါတယ်။

နှစ်ဖက်ခေါင်းဆောင်ကလည်း စက်တင်ဘာလ ၁၅ ရက်မတိုင်မီ RCSS ထိန်းချုပ်နယ်မြေ
လွယ်တိုင်းလျန်မှာ  တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "အစိုးရကြောင့် ရှမ်းနဲ့ပအို့ဝ် တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++