မြန်မာအစိုးရတပ်ဖွဲ့ ဖမ်းဆီးနှိပ်စက် မှုကြောင့် ရှမ်းရွာသားများ ထွက်ပြေးနေရ
နယ်မြေခံ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသမှာ တပ်ဖွဲ့ဝင်အရာရှိ ၂ယောက် သေးဆုံးသွားခဲ့တာကြောင့် မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ က ကျေးရွာ ရပ်မိရပ်ဖတွေကို ဖမ်းဆီးစစ်ဆေး ညှင်းပမ်းနှိပ်စက်နေလို့ ရွားသားတွေက ရွာကနေ ထွက်ပြေးတိမ်းရှောင်ကြ ပါတယ်။
သေးဆုံးသွားတဲ့ မြန်မာလက်နက်ကိုင်တပ်ဖွဲ့ တပ်မ ၈၈ လက်အောင်ခံ တပ်ရင်း ၁၆ တပ်ခွဲမှူး ဗိုလ်ကြီး ၀င်းသူရထွန်းနဲ့ တပ်ကြပ်အဆင့်ရှိသူ ၁ ယောက်တို့ရဲ့ ရုပ်အလောင်းကို နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာနဲ့ ၄ ဖာလုံသာဝေးတဲ့ ကူးတို့ဆိပ် လမ်းခွဲနားမှာ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းလောက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အလောင်းတွေ့ရှိတဲ့နေရာနဲ့ နီးတဲ့ နောင်မတာကျေးရွာက ရပ်မိရပ်ဖတွေကို ဖမ်းဆီး စစ်ဆေးညှင်းပမ်းနှိပ်စက်ခံနေရတယ်လို့ ခြိမ်းခြောက်ခံရတယ်လို့ ရွားသားတစ်ယောက်က အခုလို ပြောပြ ပါတယ်။
မြန်မာတပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့က ရွာဥက္ကဋ္ဌ၊ အတွင်းရေးမှူး ကျောင်းကော်မတီတွေကို လူသတ်တဲ့ တရာခံ ဘယ်သူတွေလဲလို့မေးပြီး မသိဘူးလို့
ငြင်းရင် လက်သီးနှင့်ထိုး၊ ခြေထောက်နဲ့ ဆောင့်ကန်၊ ကျည်ကပ်တွေနဲ့ ရိုက်ခံရပြီး မနက် ၃ နာရီလောက်က
ပြန်လွှတ်ပေးတာနဲ့ တရုတ်ပြည်ဘက်ခြမ်း ဆေးရုံမှာ လာရောက်ကုသကြတယ်လို့
ဆိုပါတယ်။
တပ်ရင်း ၁၆ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့က ဒီလူသေဆုံးတာ တန်ဖိုးရှိတယ်၊ သူ့တန်ဖိုးက ခင်ဗျားတို့ လူအယောက် ၂၀၀ စာရှိတယ်။ ခင်ဗျားတို့ရွာကို မီးရှို့လိုက်မယ်။ ခဗျားတို့ရဲ့ သားမယားတွေကို တစ်ယောက်မချန် အကုန်သတ်ပစ်သတ်မယ် ဆိုပြီးပြောတယ်။ ဒီနေ့ချိန်းထားတယ် ကျနော်တို့ မသွားရဲဘူး။ သွားရင် ရိုက်နှက်မှာ ကြောက်လို့။ ရွာသားတွေက ကြောက်ပြီး အားလုံး ထွက်ပြေးကုန်ကြတယ်။”
နောင်မတာကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၁၂၇ လုံးရှိပြီး လူဦးရေ ၅၀၀ လောက်နေထိုင်ကြောင်း၊ မနေ့ကတည်းက တရုတ်နယ်စပ် ဆွေမျိုးနီးစပ်ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြပြီး မကျန်းမာသူနဲ့ သက်ကြီးရွယ်အိုတချို့ပဲ ကျန်တယ်လို့ ဆိုပါတယ်။
ကလေးတွေလည်း မိဘနဲ့အတူ ထွက်ပြေးနေကြလို့ ကျေးရွာ မူလတန်းကျောင်းလည်း လက်ရှိ ပိတ်ထားရပြီး လူကြီးတွေလည်း လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်ကြတော့ဘူးလို့ ဦးစိုင်းတင်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမြန်ဖြေရှင်းပေးရန် သက်ဆိုင်ရာတာဝန်ရှိ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပေးဖို့ ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီတို့က အရေးပေါ် အစည်းအဝေး တရပ်ကျင်းပခဲ့ပါတယ်။
နမ့်ခမ်းမြို့နယ်ထဲမှာ ဒီလအတွင်း လူသတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၃ ရက်နေ့ညက နောင်ဇန့်  ရပ်ကွက်ထဲမှာ ဒေသခံလူရွယ် ၁ ဦးကို မြန်မာအစိုးရကနေဖွဲ့စည်းပေးတဲ့ ပြည်သူ့စစ်တပ်ဖွဲ့က သေနတ် ပစ်သတ်ခဲ့ပါတယ်။


0 မှတ်ချက်များ for "မြန်မာအစိုးရတပ်ဖွဲ့ ဖမ်းဆီးနှိပ်စက် မှုကြောင့် ရှမ်းရွာသားများ ထွက်ပြေးနေရ"