တိုက်ခိုက်မှုတွေ ရပ်ကြဖို့ အစ္စရေးနဲ့ ဟားမတ်စ် ကို နိုင်ငံတကာ တောင်းဆို

အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတွေအကြား အပြန်အလှန် တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်
ဒေသမှာ စစ်သွေးကြွတပ်ဖွဲ့ဝင်အပါဝင် အရပ်သား များ သေဆုံးမှု တိုးလာနေတဲ့အတွက်  နိုင်ငံတကာ က  တိုက်ခိုက်မှုတွေ နှစ်ဖက်စလုံး အဆုံးသတ်ကြ ဖို့ တောင်းဆိုနေသလို အီဂျစ်ကလည်း အပစ် အခတ်ရပ်စဲရေး အစီအစဉ်တခုကို အဆိုပြုလိုက် ပါတယ်။

အင်္ဂါနေ့ကစတင်ပြီး ယာယီအပစ်ခတ် ရပ်စဲထားဖို့၊ ဒီ့နောက်ပိုင်းမှာ ဂါဇာနယ်စပ် ဖြတ်ကျော်မှုကို ဖွင့်ပေးဖို့၊ ၂ ရက်အတွင်း နှစ်ဖက်စလုံး ကိုင်ရိုမြို့မှာ ဆွေးနွေးစကားပြောဆိုကြဖို့  စတဲ့ အချက်တွေ လုပ်ဆောင်ကြဖို့ အီဂျစ်က တနင်္လာနေ့မှာ ချပြလိုက်တာဖြစ်ပါတယ်။

ဒီအစီအစဉ်အပေါ် ဟားမတ်စ်အဖွဲ့က တံခါးဖွင့်ထားပါတယ်လို့ ဟားမတ်စ် အဖွဲ့ရဲ့ ထိပ်တန်း အရာရှိ တဦးက ပြောဆိုလိုက်သလို အစ္စရေးနိုင်ငံမှာတော့ အီဂျစ်ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ ကျင်းပမဲ့ အစိုးရအဖွဲ့ လုံခြုံရေးဆိုင်ရာအစည်းအဝေးမှာ တင်ပြမယ်လို့ ၀န်ကြီးချုပ် ဘန်ဂျင်မင် နက်တန်ယာဟု က ပြော ပါတယ်။

အစ္စရေးနိုင်ငံထဲကို ပစ်ခတ်လာတဲ့ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ ရော့ကက် ကျည်ပေါင်း ၁၀၀၀ ကျော်ကို အစ္စရေးရဲ့ရော့ကက် ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ်က  မိုးပေါ်ကနေ ဖျက်ဆီးပစ်နိုင်ခဲ့တဲ့အတွက် အစ္စရေး ဘက်မှာ အသေအပျောက်မရှိပါဘူး။

ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံအတွင်းကို ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာတွေ ရပ်သွား
စေဖို့ ရည်ရွယ်တဲ့ မြေပြင်စစ်ဆင်ရေး ကို ပြီးခဲ့တဲ့ အင်္ဂါနေ့ က အစ္စရေး စတင်လုပ်ဆောင်ခဲ့ပါတယ်။

အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဟားမတ်စ် စစ်သွေးကြွတပ်ဖွဲ့ဝင် ၁၈၅ ယောက် သေဆုံးခဲ့မှုမှာ အရပ်သားတွေလည်း ပါဝင်နေတယ်လို့ ပါလစ္စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက စွတ်စွဲ ပြော ဆိုပြီး အသေအပျောက်တွေ များလာတာနဲ့အမျှ တိုက်ခိုက်နေတာတွေ ရပ်စဲဖို့ နိုင်ငံတကာရဲ့ ဖိအားတွေ တိုးများလာနေပါတယ်။ 

0 မှတ်ချက်များ for "တိုက်ခိုက်မှုတွေ ရပ်ကြဖို့ အစ္စရေးနဲ့ ဟားမတ်စ် ကို နိုင်ငံတကာ တောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++