စစ်သွေးကြွတွေကို နှိမ်နင်းရေး အတွက် အမေရိကန်ရဲ့ အကြံပြုချက် အီရတ်ပယ်ချ
ဆူနီ အစ္စလာမ် စစ်သွေးကြွတွေကို နှိမ်နင်းရေးနှင့် ပတ်သက်ပြီး လူနည်းစုတွေပါဝင်တဲ့ အရေးပေါ် အစိုးရတရပ် ဖွဲ့စည်းဖို့ အမေရိကန် အကြံပြု တိုက်တွန်းချက်အပေါ် အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပယ်ချ လိုက်ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့ ၀န်ကြီး ကယ်ရီ တို့ နှစ်ဦးစလုံးက အီရတ်မှာ ဆူနီနဲ့ ကာ့ဒ် လူနည်းစုတွေပါ ပါဝင်တဲ့ အစိုးရတရပ် ဖွဲ့စည်းဖို့ အီရတ်ခေါင်းဆောင်တွေကို တိုက်တွန်းပြီး ဒီလို လုပ်ဆောင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တာ၊ ဧပြီလ ၃၀ လွှတ်တော် ရွေးကောက် ပွဲတွေ ရဲ့ ရလဒ်ကို ဆန့်ကျင် တာ ဖြစ်တယ်လို့ ဒီကနေ့ ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ မစ္စတာ Maliki က ပြောသွားတာပါ။
ရွေးကောက်ပွဲလွန် အစိုးရတရပ်ကို ဇူလိုင်လ ၁ ရက်နေ့ နောက်ဆုံး သတ်မှတ်ရက်အမီ စတင် ဖွဲ့စည်း သွားမယ့်အကြောင်း အီရတ် ခေါင်းဆောင်တွေက သူ့ကို ကတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry က တနင်္လာနေ့က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Maliki ဦးဆောင်တဲ့ အီရတ်အစိုးရဟာ လူနည်းစုတွေကို ချန်လှပ်ထားကာ ဂိုဏ်းဂဏစွဲ တင်းမာ မှုတွေဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒီကနေ့ သူ့ရဲ့ မိန့်ခွန်းမှာတော့ မစ္စတာ Maliki က အားလုံး ညီညွတ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
တချိန်တည်းမှာ al-Qaida အဖွဲ့ခွဲတခုဖြစ်တဲ့ ISIL စစ်သွေးကြွအဖွဲ့တွေဟာ အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေကို ဒီရက်ပိုင်းတွေတွင်း ဆက်တိုက် သိမ်းယူလာနေတာ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "စစ်သွေးကြွတွေကို နှိမ်နင်းရေး အတွက် အမေရိကန်ရဲ့ အကြံပြုချက် အီရတ်ပယ်ချ "