ဒီနေ့ ည ကောင်းကောင်းအိပ်ပျော်ဖို့ နည်းလမ်း ( ၇ ) သွယ်

“ ကောင်းကောင်း အိပ်ပျော်ရဲ့လား ”

လူတော်တော်များများရဲ့အဖြေကတော့ ” No ” ပါတဲ့ ။ အိပ်လို့ကောင်းပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေကြတဲ့သူတွေတောင်မှ အဲဒီလိုပဲ ဖြေကြပါတယ် ။ နယူးရော့မြို့တော် Columbia-Presbyterian Medical Center ရှိ Sleep Disorders Center မှ ဒေါက်တာ Neil B.Kavey က အခုလို ပြောပါတယ် ။ “ လူအတော်တော် များများဟာ ညမှာ တစ်ခုခု မှားယွင်းနေတာကို သတိ မထားမိကြဘူး ။ သူတို့ဟာ နေ့ပိုင်းမှာလည်း လန်းလန်း ဆန်းဆန်းမရှိဘူး ။ ဒါဟာ ဘာကြောင့်လဲဆိုတာ သူတို့စဉ်းစားမရ ဖြစ်နေကြတယ် ”

ပုံမှန်အားဖြင့်တော့ လူကို ပြန်လည်လန်းဆန်းစေတဲ့ အိပ်စက်ခြင်းမှာ အဆင့်ငါးဆင့် ပါဝင်ပါတယ် ။ ပထမအဆင့်လေးဆင့်ဟာ တစ်ဆင့်ပြီးတစ်ဆင့် ပိုပြီး နက်ရှိုင်းလာတယ် ။ အဲဒီနောက်မှာတော့ အနှစ်ခြိုက်ဆုံး အိပ်ပျော်သွားတဲ့အဆင့်ကိုရောက်ပြီး REM ( rapid eye movement ) မျက်လုံးလျင်မြန်စွာရွေ့လျားခြင်းဆိုတဲ့ ပဉ္စမအဆင့်ကို ကူးပြောင်းပါတယ် ။ အဲဒီအဆင့်ငါးဆင့်ဟာ တစ်ညလုံး လည်ပတ်နေပါတယ် ။ ဒါပေမဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကို ပြန်လည် လန်းဆန်းလာစေတဲ့ အဆင့်ကတော့ နောက်ဆုံးအဆင့် ( အနက်ရှိုင်းဆုံးအဆင့်) ပဲ ဖြစ်ပါတယ် ။ တကယ်လို့ ခင်ဗျားဟာ ခဏခဏနိုးနေတယ်ဆိုရင်တော့ အဲဒီအဆင့်ကို ရောက်မှာ မဟုတ်ပါဘူး ။ ရောက်ရင်လည်း ခဏတဖြုတ်ပဲ ဖြစ်ပါလိမ့်မယ် ။ ဒီတော့ အဲဒီအဆင့်ရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အ၀ ခံစားနိုင်မှာ မဟုတ်ပါဘူး ။

ဒီလို ခဏခဏနိုးနေတာဟာ သိပ်ကြီးသတိထားရလောက်တဲ့ ပြဿတစ်ခုတော့ မဟုတ်ပေမဲ့ အိပ်ရေးပျက်တာဟာ နေ့စဉ်ရက်ဆက်ဖြစ်လာတယ်ဆိုရင်တော့ သူ့ရဲ့ဆိုးကျိုးတွေက တသီတသန်းကြီးပါ ။ အားအင်ကုန်ခမ်းတာ ၊ အာရုံစူးစိုက်မရတာ နဲ့ ဒေါသဖြစ်လာတာတွေ ပါဝင်ပါတယ် ။ မလန်းမဆန်းနဲ့ ပင်ပန်းနေခြင်းဟာ ကားအက်ဆီးဒင့်ဖြစ်တာ ၊ အလုပ်နောက်ကျတာတို့ထက်ပိုတဲ့ ဆိုးကျိုးတွေ ကို ဖြစ်စေနိုင်ပါတယ် ။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုပါ ထိခိုက်နိုင်ပါတယ် ။

ခင်ဗျားရဲ့အလေ့အကျင့်တွေ ( ခင်ဗျားလုပ်တာတွေနဲ့ ခင်ဗျားတွေးတာတွေ နှစ်ခုစလုံးကို ပေါင်းပြီးတော့ အလေ့အကျင့်လို့ ခေါ်ပါတယ် ) က အိပ်စက်ခြင်းပြဿနာတွေကို ရေရည်ဖြစ်စေနိုင်ပါတယ် ။ ဟောဒီမှာ -ခင်ဗျားရဲ့ အိပ်စက်မှုကို ဖျက်စီးနေတဲ့ ခင်ဗျားသတိမထားမိတဲ့ အချက်တွေ ။ ပြီးတော့ ဒီနေ့ည ပိုပြီး ကောင်းကောင်းအိပ်ပျော်ဖို့ နည်းလမ်း(၇)ခု ။


၁ ။ အိပ်ချိန်ဇယားတစ်ခု စလုပ်ပါ


ခင်ဗျားရဲ့ခန္ဓာကိယ်ထဲမှာရှိတဲ့ အချိန်မှတ်တဲ့အရာတွေဟာ ပုံမှန်လုပ်ဆောင်ခြင်းကို အလိုရှိကြပါတယ် ။ “ နေ့တိုင်းနေ့တိုင်း ( အားလပ်ရက်တွေမှာပါ ) အချိန်မှန် အိပ်ရာထခြင်းဟာ ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ရရှိဖို့ အရေးအကြီးဆုံးနည်းလမ်းပဲ ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ နံနက်ခင်း နေရောင်ခြည်နဲ့ ပုံမှန်ထိတွေ့ခြင်းဟာ ဦးနှောက်ကို နှိုးစက်ပေးခြင်းပါပဲ ။ ဒီလို ဦးနှောက်ကို နှိုးစက်ပေးခြင်းဟာ အိပ်ရာထချိန်မှန်စေတယ် ။ ပြီးတော့ ညမှာလည်း အိပ်ရာဝင်ချိန်ကို ပုံမှန်ဖြစ်စေပါတယ် ” လို့ မစ်စူရီပြည်နယ် ၊ ချက်ကာစဖီးရှိ St.Luke’s ဆေးရုံ ၊ အိပ်စက်ခြင်းဆေးပညာနှင့် သုတေသနဋ္ဌာနမှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး James Walsh က ပြောပါတယ် ။
 

၂ ။ အိပ်ရာထဲကို အလုပ်တွေ မသယ်ပါနဲ့

“ ခင်ဗျားကို အိပ်မပျော်စေတဲ့အရာတွေထဲမှာ TV ကြည့်တာ ၊ မနက်ဖြန်အစည်းအဝေးအတွက် ကြိုတင်စီစဉ်တာ ၊ ခင်ဗျားရဲ့အိမ်ထောင်ဘက်နဲ့ ပြဿနာတွေ ဖြေရှင်းတာ ၊ ပြီးတော့ စာဖတ်တာတောင်မှ ပါဝင်ပါတယ် ” လို့ “ အိပ်မပျော်ခြင်းမှ လွတ်ကင်းရေး – အိပ်မက်များ၏ အိပ်စက်မှုကို ရယူခြင်း ” စာအုပ်ရေးသားသူ ၊ စိတ်ပညာရှင် Charles Morin က ပြောပါတယ် ။ ဒါတွေဟာ တချို့လူတွေအတွက်တော့ အလုပ်တွေ ပြီးဖို့ဖြစ်ပေမဲ့ ခင်ဗျားဟာ အိပ်ရေးကောင်းကောင်းမရသူတစ်ယောက်ဆိုရင်တော့ အိပ်ခန်းကို အိပ်စက်ဖို့နဲ့ Sex အတွက်သာ အသုံးပြုဖို့ သတ်မှတ်သင့်ပါတယ် ” လို့ သူက ဆိုပါတယ် ။
 

၃။ ဘာတွေဖြစ်ဖြစ် အိပ်ချိန်ဟာ အိပ်ချိန်

အိပ်လို့ မရဘဲ အိပ်ရာထဲမှာ အချိန်အကြာကြီးလှဲနေမိတဲ့ညတွေ များလာတဲ့အခါ ခင်ဗျားမှာ အိပ်မပျော်တဲ့ရောဂါတစ်ခု ရှိနေပြီလို့ ခင်ဗျားကိုယ်ခင်ဗျား ထင်လာပါမယ် ။ အိပ်မပျော်ရင်တော့ အလုပ်တွေ ထိခိုက်ကုန်တော့မှာပဲလို့လည်း စိုးရိမ်လာမယ် ။ ကောင်းကောင်းအိပ်ပျော်ဖို့ကိုပဲ စိတ်က လိုလားနေမယ် ။ ဒါဆို ခင်ဗျားမှာ ဖိအားတွေ တိုးလာပါပြီ ။

ခင်ဗျားဟာ စိုးရိမ်တတ်တဲ့သူတစ်ယောက် ၊ ပြီးတော့ စိုးရိမ်စိတ်တွေကလည်း အိပ်ရာထဲရောက်တဲ့အခါကျမှ ပေါ်လာတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ခင်ဗျားရဲ့ တစ်နေ့တာအချိန်တွေထဲက နာရီဝက်ကို ထုတ်ယူပြီး “ စိုးရိမ်ပူပန်ဖို့အချိန် ” အဖြစ် သတ်မှတ်လိုက်ပါ ။ အဲဒီအချိန်အတွင်းမှာ ခင်ဗျားစိုးရိမ်ပူပန်ချင်တာမှန်သမျှကို စိုးရိမ်ပူပန်ပါ ။ အဲဒါတွေကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကိုလည်း စာရွက်မှာ ချရေးထားပါ ။ ပြီးရင်တော့ ကျန်တဲ့အချိန်တွေမှာ အဲဒီစိုးရိမ်ပူပန်စရာတွေကို ခဏမေ့ထားပစ်လိုက်ပါ ။ ခင်ဗျား အိပ်မယ့်အချိန်မှာ အဲဒီစိတ်ပူစရာတွေကို ပြန်စဉ်းစားမိနေတယ်ဆိုရင် ခင်ဗျားကိုယ်ခင်ဗျား ဒီလို ပြောလိုက်ပါ ။ “ ငါ အဲဒါကို ဖြေရှင်းပြီးပြီ ” လို့ ။

ခင်ဗျားဟာ အိပ်ရာထဲမှာ အိပ်လို့မရဘဲဖြစ်နေတာ ၁၅ မိနစ်ထက်ကျော်လာရင်တော့ အိပ်ရာကနေ ထလိုက်ပါ ။ ပြီးတော့ စိတ်ကို လှုံ့ဆော်နိုင်တဲ့အရာတွေ ( ဥပမာ- သတင်းနားထောင်တာတို့ ၊ စာအုပ်ကောင်းတစ်အုပ် ဖတ်တာတို့ ) မလုပ်ပါနဲ့ ။ TV ကြည့်ရင်လည်း တိတ်ဆိတ်တဲ့ nature program တွေကိုပဲ ကြည့်ပါ ။ စာအုပ်ဖတ်မယ်ဆိုရင်လည်း ပျင်းစရာကောင်းတဲ့စာကို ဖတ်ပါ ( ဥပမာ – တက်ခေါင်ရဲ့ blog ) ပြီးတော့ အိပ်ချင်လာပြီဆိုတဲ့အခါကျမှ အိပ်ရာပြန်ဝင်ပါ ။
 

၎ ။ ခန္ဓာကိုယ်အပူချိန် ပုံမှန်ဖြစ်ပါစေ

ခန္ဓာကိုယ်အပူချိန်မှာ နဲနဲလေး အနိမ့်အမြင့်အတက်အကျဖြစ်တာကလည်း ခင်ဗျားရဲ့ ဇီဝစည်းချက်တွေအတွက် အရေးကြီးပါတယ် ။ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ဖို့ နည်းလမ်းတွေကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပါပဲ ။ မအိပ်ခင် ငါးနာရီကျော်အလိုမှာ မိနစ်နှစ်ဆယ်လောက် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဟာ ကောင်းကောင်းအိပ်ပျော်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ် ။ ဒါပေမဲ့ မအိပ်ခင် နှစ်နာရီ သုံးနာရီအတွင်း လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ရင်တော့ ခင်ဗျား အိပ်မရဘဲ နေပါလိမ့်မယ် ။ အိပ်ရာမ၀င်ခင် ရေနွေးနဲ့ရေချိုးခြင်းဖို့ကိုလည်း ကြိုးစားကြည့်သင့်ပါတယ် ။ အဲဒါက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်စေလို့ပါပဲ ။
 

၅ ။ နေ့လည်ကစပြီး ကဖင်းဓာတ် ရှောင်ပါ

ကော်ဖီသုံးခွက်ကရတဲ့ ကဖင်းဓာတ်ဟာ နောက်ထပ် ရှစ်နာရီအထိ အကျိုးသက်ရောက်မှုရှိပါတယ် ။ ကော်ဖီသောက်ထားလည်း အိပ်လို့ရပါတယ်လို့ ပြောတဲ့သူတွေတောင်မှ သူတို့ထင်သလောက်အိပ်မပျော်ကြပါဘူးလို့ လက်တွေ့စမ်းသပ်မှုတစ်ခုက ဆိုပါတယ် ။ တခြား ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ ( ဥပမာ- ချောကလက် ၊ ကိုလာနဲ့ လက်ဖက်ရည်) ဟာလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ သတိရပါ ။
 

၆ ။ ညမှာ မသောက်နဲ့

ဟုတ်ပါတယ် ။ အရက်က ခင်ဗျားကို အိပ်ပျော်စေတယ်ဆိုတာ မှန်ပါတယ် ။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဖြစ်စဉ်အတွင်းမှာ အယ်လ်ကိုဟောက သဘာဝလှုံ့ဆော်ပစ္စည်းတစ်ခုကို ထုတ်လွှတ်ပါတယ် ။ အဲဒါက ညရဲ့ ဒုတိယတစ်ဝက်မှာ အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ် ။ အရက်သောက်ထားတာ များလေလေ ၊ အိပ်မရခြင်းကလည်း ဆိုးဝါးလာလေလေပါပဲ ။
 

၇ ။ ဆူညံသံတွေ အလိုမရှိ

ခင်ဗျားဟာ ကားတွေ ၊ ဒါမှမဟုတ် လေယာဉ်ကွင်းက လာတဲ့ဆူညံသံတွေနဲ့ အိပ်စက်နေကြဆိုရင်တော့ အဲဒါဟာ ခင်ဗျားထင်ထားတာထက်ပိုပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ် ။ လေ့လာမှုတွေရဲ့အဆိုအရ လေယာဉ်ကွင်းအနီးအနားမှာ နေတဲ့သူတွေဟာ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ နေတဲ့သူတွေထက်ပိုပြီး ညမှာ မကြာခဏ နိုးလေ့ရှိပါတယ် ။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်ဆိုရင်လည်း ခဏပါပဲ ။

ခင်ဗျားဟာ အဲဒီဆူညံသံတွေကို ရပ်အောင်မလုပ်နိုင်ဘူးဆိုရင်တော့ အဲဒီအသံတွေကို ကာကွယ်ဖို့ ကြိုးစားကြည့်ပါ ။ ကောဇောခင်းခြင်း ၊ လိုက်ကာတွေ ကာခြင်း က အထောက်အကူဖြစ်စေပါတယ် ။ ဒါမှမဟုတ်ရင်လည်း ကြိမ်နှုန်းနိမ့်တဲ့ဆူညံသံတွေ ဖန်တီးခြင်းက အကောင်းဆုံးဖြစ်မှာပါ ။ ပန်ကာဖွင့်ခြင်း ၊ ရေဒီယိုကို ဒိုင်ခွက်ပေါ်က ဗလာအမှတ်မှာ လိုင်းညှိပြီး ဖွင့်ထားခြင်းဖြင့် ဖန်တီးနိုင်ပါတယ် ။ ဒါမှမဟုတ် ကြိမ်နှုန်းနိမ့် အသံတွေထုတ်ပေးတဲ့စက်ကို အသုံးပြုပါ ။

အိပ်မရခြင်းဆိုတဲ့ပြဿနာမျိုဟာ အလွယ်တကယ်ကူ ဖြေရှင်းလို့ ရတဲ့ဟာမျိုးတော့ မဟုတ်ပါဘူး ။ ခင်ဗျားရဲ့ အလေ့အကျင့်တွေကို ပြန်ကြည့်ပါ ။ ကောင်းမွန်တဲ့ ထိန်းညှိပြုပြင်မှုတစ်ခုလုပ်ပါ ။ အဲဒီ ပြောင်းလဲမှုတွေနဲ့အတူ ဒီည နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပါ ။

0 မှတ်ချက်များ for "ဒီနေ့ ည ကောင်းကောင်းအိပ်ပျော်ဖို့ နည်းလမ်း ( ၇ ) သွယ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++