SNLD ရှမ်းပါတီ ဥက္ကဋ္ဌကို အစိုးရတပ် ရိုက်နှက်ဖမ်းဆီး

ကျိုင်းတုံမြို့နယ် နမ့်လင်းမိုင်ရွာက SNLD ပါတီ ဥက္ကဋ္ဌ စိုင်းဂျဲန်ကို အစိုးရတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ မေလ ၅ ရက် ညနေပိုင်းမှာ လာရောက် ရိုက်နှက် ဖမ်းဆီး
ခေါ်ဆောင်သွားတယ်လို့  သိရသည်။

“ကျနော့်ကို ရွာသားတွေက လာတိုင်လို့ သိရတာပါ။ စိုင်းဂျဲန်ကို သူ့အိမ်မှာလာဖမ်းတာတဲ့။ အဲတုန်းက သူနဲ့ သူ့သူငယ်ချင်းက ထိုင်နေတာ။ စစ်တပ်က ၀င်လာပြီး ၂ ယောက်လုံးကို ၀ိုင်းဖမ်းတယ်။ သူ့သူငယ်ချင်းကျတော့
စစ်သားကို ပြန်တွန်းပြီး ထွက်ပြေးခဲ့တယ်။ စိုင်းဂျဲန်ကို တညလုံးခေါ်သွားပြီး မေလ ၆ ရက်နေ့ နေ့ခင်း ၁၁ နာ ရီလောက်ကျတော့ စစ်သားတွေက သူ့ကိုပြန်ခေါ်လာတယ်။ လက်ပြန်ကြိုးတုပ်ပြီး မျက်နှာမှာလည်း အညို အမည်းတွေနဲ့၊ သူတို့ တအိမ်လုံးကို မွှေနှောက်ရှာဖွေတယ်။ ဘာမှမတွေ့တော့ ဆန် ၆ ပြည်ယူပြီး ပြန်ခေါ် သွားတယ်၊ အခုကျိုင်းတုံ စစ်တိုင်းရုံးမှာလို့လည်း ကြားပါတယ်။”  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သံလွင်အရှေ့ခြမ်းဒေသ ဥက္ကဋ္ဌ ဦးစိုင်းလုံက ပြောပါတယ်။

ဘာကြောင့် ခုလိုရိုက်နှက်ဖမ်းဆီးသွားလည်းဆိုတာ အတိအကျမသိနိုင်တဲ့အကြောင်း အကျိုး အကြောင်း သိရဖို့ ဒီကနေ့ မေလ ၇ ရက် မနက်ပိုင်းက ကျိုင်းတုံ ရဲအထူးသတင်းတပ်ဖွဲ့ ရုံးကို သွားမေးရာမှာ တာဝန်ကျ ရဲအရာရှိတဦးက အဖမ်းအဆီးကိစ္စသူတို့လည်း မသိကြောင်း၊ စိတ်မပူဖို့နဲ့ နောက်ထပ် ၃ – ၄ ရက် စောင့် ကြည့်ဖို့ ပြောဆိုခဲ့တယ်လို့ ဦးစိုင်းလုံက ဆက်ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်ကတော့ သူတို့ပါတီဝင်တဦး အခုလို အကြောင်းမဲ့ဖမ်းဆီးခံရတာဟာ နယ်မြေတွင်း ဥပဒေစိုးမိုးမှုမရှိကြောင်း ပြသနေပြီး အဖွဲ့အစည်းတွေကြား လည်း ယုံကြည်မှု ပျက်ပြားစေတယ်လို့ ပြောပါတယ်။

“သူ့မှာ အပြစ်မရှိလောက်ဘူးလို့ ကျနော်တို့ ယူဆတယ်။ အပြစ်ရှိခဲ့တယ်ဆိုရင်တောင် တရားဥပဒေ နည်း လမ်းအရ အရေးယူဖို့ လိုအပ်တယ်။ အဲလိုမဟုတ်ဘဲ အခု လက်လွတ်စပယ် ရဲရဲ့ဝရမ်းလည်း မပါဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဘာညာတွေ မပါဘဲနဲ့ ၀င်ဖမ်းတာ ကျနော်တို့ ကန့်ကွက်တယ်။”

အလားတူ အစိုးရတပ်တွေဟာ ကျိုင်းတုံမှာရှိတဲ့ ရှမ်းပြည် တပ်မတော်တောင်ပိုင်း ဆက်ဆံရေးရုံးကိုလည်း မနေ့က မပြောမဆို လာရောက်စစ်ဆေး မွှေနှောက်သွားခဲ့တယ်။

0 မှတ်ချက်များ for "SNLD ရှမ်းပါတီ ဥက္ကဋ္ဌကို အစိုးရတပ် ရိုက်နှက်ဖမ်းဆီး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++