ပလောင်ရွာတွေမှာ အစိုးရလက်နက်ကိုင် တပ်ဖွဲ့ များ ၀င်ရောက် - သောင်းကျန်း

ဒေသခံ တအာင်းပလောင်အမျိုးသား လွတ်မြောက်
ရေးတပ်မတော်  TNLA နှင့် တိုက်ပွဲဖြစ်ပွားခဲ့၍ အစိုးရ လက်နက်တပ်ဖွဲ့ဘက်က အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း မြို့နယ်ထဲရှိ တအာင်းပလောင် တိုင်းရင်းသားနေ အိမ်တွေကို အစိုးရ လက်နက်ကိုင် တပ်ဖွဲ့က တအိမ် တက်ဆင်း ဝင်ရောက်ရှာဖွေ မှုတွေ ပြုလုပ်ပြီး  တွေ့ ရှိသော  ရွှေငွေများ ယူဆောင် သွားခြင်းနှင့် ဥစ္စာ ပစ္စည်းများ ဖျက်ဆီးခြင်းနှင့် ရွာသားတွေကို ဖမ်းဆီး
ခေါ်ဆောင်သွားခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်ထဲက ဆိုင်တောင်၊ မန်ကန်နဲ့ ဖာဒဲန်ကျေးရွာတွေကို အစိုးရ စစ်တပ် ခလရ ( ၃၀၁) နဲ့ တပ်မ (၈၈) စစ်ကြောင်းတွေက မေလ ၁၃ ရက်နေ့မှာ ဝင်ရောက် စစ်ဆေးခဲ့ရာ ဖာဒဲန် ရွာသားတဦးကို လည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့  အနီးကပ် စောင့်ကြည့် မှတ်တမ်းယူခဲ့တဲ့  တအာင်းပလောင် အမျိုး သမီးအဖွဲ့ (TWO) က  ပြောသည်။
ပလောင်(တအာင်း) စစ်သားတွေ ဖွက်ထားပေးသလား၊ ပတ်သက်မှုရှိလား ဆိုပြီး ရွာထဲကို တအိမ်တက် ဆင်းဝင်ရှာတယ်။ တချို့အိမ်တွေမှာဆိုရင် ပစ္စည်းတွေ ရိုက်ခွဲဖျက်ဆီးတာတွေရှိတယ်။ တအိမ်မှာဆိုရင် သိမ်းထားတဲ့ တရုတ်ငွေ ယွမ် ၃ ထောင်နဲ့ မြန်မာငွေ ၅ သောင်းယူသွားတယ်။ ဖာဒဲန်ရွာသားတဦးကိုလည်း TNLA တပ်ဖွဲ့ဝင်ဆိုပြီး ဖမ်းသွားတယ်” လို့  လွေးပိုးငယ်က  ဆိုသည်။

အစိုးရက ငြိမ်းချမ်းရေးကို လိုချင်ပါတယ် ဆိုပြီး လုပ်ပြနေနေချိန်မှာ ဒါမျိုးအဖြစ်အပျက်တွေက မဖြစ်သင့် ပါဘူး။ တဖက်မှာ ဆွေးနွေးနေတယ်ဆိုပြီး တဖက်မှာကတော့ တိုက်ပွဲတွေဖြစ်နေတယ်။ ဘာမှမဆိုင်တဲ့ အပြစ်မဲ့ ရွာသားတွေကိုလည်း ဒုက္ခပေး နေတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရေးဆိုတာက သံသယဖြစ်စရာပါ” လို့ လွေးပိုးငယ် က ဆက်ပြောသည်။

တအာင်းကျေးရွာတွေအပေါ်  အစိုးရ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုတွေနဲ့ ပတ် သက်ပြီး  နိုင်ငံတော် သမ္မတအပါအဝင် လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေ၊ လူအခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံ တကာ အဖွဲ့အစည်းတွေကို တင်ပြသွားမယ်လို့ သိရသည်။

မေလ ၈ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုး၊ နမ့်ခမ်းမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်တွေထဲမှာ အစိုးရ စစ်တပ် နဲ့ TNLA ပျောက်ကျားတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် တအာင်း ကျေးရွာတွေကို အခုလို ဝင်ရောက် စစ်ဆေးမှုတွေပြုလုပ်လာတာဖြစ်တယ်လို့  သိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လမှာ TNLA ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေး ခဲ့ကြပေ မယ့် ခိုင်မာတဲ့ သဘောတူညီချက်တွေ မရရှိခဲ့ဘူးလို့ သိရပါတယ်။

TNLA နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ လှုပ်ရှားမှုတွေရှိနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း ၊ စကခ ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နဲ့ တပ်မ တပ်မ ၅၅ အပါအ၀င် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေစိုးမိုးရေး ဆောင် ရွက်နေကြောင်း TNLA ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ TNLA၊ KIA နဲ့ SSPP/SSA တို့ မဟာမိတ်အဖြစ် ပူးပေါင်းလှုပ်ရှားနေကြပြီး မကြာခင် ရက်ပိုင်း အတွင်းက အစိုးရလက်နက်ကိုင်တပ်ဖွဲ့ နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကိုးကန့် တပ်မတော်လို့ လူသိ များတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့ကလည်း ပူးပေါင်းတိုက်ပွဲ ဝင်လာတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၂ ခုနှစ်ကစပြီး  TNLA ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ရှမ်းပြည် တပ်မတော်မြောက် ပိုင်း (SSPP/SSA) တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ကြား  တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့တာကြောင့် အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသတွေ က   ထောင်နဲ့ ချီ ရှိသည်။ 

0 မှတ်ချက်များ for "ပလောင်ရွာတွေမှာ အစိုးရလက်နက်ကိုင် တပ်ဖွဲ့ များ ၀င်ရောက် - သောင်းကျန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++