ကင်ဆာအကြောင်း သိကောင်းစရာ

တစ်ကမ္ဘာလုံးမှာ ကင်ဆာရောဂါဖြစ်ပွားမှု နှုန်းဟာတစ်နေ့ထက် တစ်နေ့ ပိုမို မြင့်မား လာနေတာကြောင့် လူ့ သက်တမ်းစေ့
နေထိုင်နိုင်ရေးအတွက် အထူးဂရုပြု နေထိုင်သင့်ပါတယ်။ 
 
အဆုပ်ကင်ဆာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားတွေမှာ အဖြစ် အများဆုံးဖြစ်ပြီး အမျိုးသမီးတွေမှာတော့ တတိယ အဖြစ် အများဆုံး ဖြစ်တယ် လို့ မြန်မာကင်ဆာအထူးကုတွေက ဆိုကြပါတယ်။ 
 
ယောက်ျားတွေရော မိန်းမတွေပါ ကင်ဆာကြောင့် သေဆုံးရတဲ့ အကြောင်းရင်းထဲမှာ အဆုပ်ကင်ဆာက
ထိပ်မှာရှိနေပါတယ်။  ဒီနံပါတ်က အမြဲတန်းတော့ မဟုတ်ပါ။ အခုချိန် အဆုပ်ကင်ဆာကြောင့် သေဆုံးရသူ ၁ဝ ယောက်ထဲမှာ ဆေးလိပ်သောက်သူက ၉ ယောက်ရှိနေပါတယ်။ 

မြန်မာနိုင်ငံမှာ ကင်ဆာတွေကြောင့် သေရတဲ့အထဲမှာ အများဆုံး ကဆေးလိပ်ကြောင့်ပါ။  ဆေးလိပ်သောက် တာကို ရှောင်နိုင်ဖို့ နဲ့ ကိုယ်တိုင်ဆေးလိပ်မသောက်ရင်တောင်မှ ဆေးလိပ်သောက်တဲ့ သူနားမှာနေပြီး
ဆေးလိပ်အငွေ့ မရှုရှိုက်မိဖို့က အရေးကြီးဆုံး ဖြစ်နေပါတယ်။ 

နောက်တစ်ခုက (ရင်ဒေါင်) ဓါတ်ငွေ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု နဲ့ ဓါတုပစ္စည်းတွေရယ် တခြား အကြောင်း အရာတွေ ရယ်ကြောင့်ပါ။ 

Radon Gas ဓါတ်ငွေ့ ဆိုတာက ဓါတုဗေဒလို Rn နဲ့ရေးပြီး အနုမြူနံပါတ် ၈၆ ဖြစ်ပါတယ်။  Radon gas (ရင်ဒေါင်) ဟာ သဘာဝဖြစ် ရေဒီယို ဓါတ်ကြွသတ္တိ ရှိပါတယ်။ 

အမေရိကားမှာတော့ ဆေးလိပ်ပြီးရင် အဆုပ်ကင်ဆာ ဖြစ်စေတဲ့ ဒုတိယ တရားခံပါဘဲ။  ဒီရောဂါနဲ့
သေဆုံးရသူထဲက ၁၂% ဟာ ဒါနဲ့ ဆက်စပ်နေပါတယ်။ 

နောက်ထပ်တစ်ခုကတော့ အိမ်အမိုးတွေမှာပါနေသေးတဲ့ ကျောက်ဂွမ်းအမှုန် (Asbestos Fibers) နဲ့
ရေတွင်းတွေမှာ အာဆင်းနစ်ဓာတ် အများအပြားပါဝင်နေတာတွေပါ။ 

ဒါ့အပြင် ကားမီးခိုးငွေ့တွေ အပါဝင် လေထုပတ်ဝန်းကျင် ညစ်နွမ်းမှု့ ကြောင့်လည်းဖြစ်နေပါသေးတယ်။ 

ပုံမှန် အားဖြင့် ခန္ဓာကိုယ် ဟာ လိုအပ်တဲ့ ဆဲလ် အရေအတွက်ကို ထိန်းထားပြီး လိုအပသည့် အချိန် ကျမှသာ ဆဲလ် အသစ်ပွား ခြင်းကို ပြုလုပ်တတ်ပါတယ်။ 
 
ကင်ဆာကြိတ် ဖြစ်ပါက ဆဲလ်ပွားခြင်း၊ ပုံမှန် မဟုတ်သော ဆဲလ်များ ဖြစ်လာခြင်း တို့ကြောင့်
Tumour (အလုံး၊ သို့မဟုတ် အကြိတ်) ဖြစ်လာ စေပါတယ်။ 

လျင်မြန်စွာ ကြီးထွား နိုင်ပြီး စတင် ဖြစ်ပေါ်သည့် အဆုတ် အပြင် အခြား သော ကိုယ်အင်္ဂါများ ကိုပါ
ထိုးဖောက် ရောက်ရှိ ပျံ့နှံ့စေပါတယ်။ 

အဓိက အများဆုံး ပျံ့နှံ့သည့် နေရာများမှာ  အသည်း ဦးနှောက် အရိုး တို့ဖြစ်ကြပြီး အဆုတ်ရဲ့
မည်သည့် အစိတ်အပိုင်းတွင် မဆို ဖြစ်စေ နိုင်ပါတယ်။ 

သို့ သော် ၉၀-၉၅ ရာခိုင်နှုန်း မှာမူ လေပြွန် အဝင်အထွက် အပေါက်များတွင် ကာရံထားသည့် Epithelial များတွင် အများဆုံး ဖြစ်နိုင်ကြောင်းတွေ့ရှိရပါတယ်။ 
 
အန္တရာယ်ဖြစ်စေတဲ့အရာတွေကတော့ ဆေးလိပ်သောက်ခြင်း ဆေးလိပ်ငွေ့ ရှုရှိုက်မိခြင်း၊ အိမ်အမိုးတွေမှာ ပါနေသေးတဲ့ ကျောက်ဂွမ်းအမှုန် (Asbestos Fibers) များ၊  မီးခံကျောက်ပြားပါ ကျောက်ဂွမ်းမျှင်၊
နစ်ကယ်လ်၊ ကက်ဒ်မီယမ်(သို့)ရေဒီယိုသတ္တိကြွပစ္စည်းများ၊  (ရေဒွန်ငွေ့)နာတာရှည် လေပြွန်ရောင်ခြင်း၊ တီဘီဖြစ်ဖူးခြင်း၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးထိတွေ့ခြင်း၊  ပီဗွီစီများနှင့်ထိတွေ့မှုရှိခြင်း၊ တစ်နေ့ကော်ဖီ ငါးခွက်ထက်ပိုသောက်ခြင်း၊ ကဖင်းန်ပါဝင်သော အစားအသောက်များ များများမှီဝဲခြင်း၊  အရက်သောက် များခြင်း၊ ဘလီယိုမိုင်စင်၊ ဆိုက်ကလိုဖော့စ်မာမိုက်ဒ် စသည့်ကင်ဆာဆေးများသွင်းရခြင်း၊ မာဂျရင်းန်ထောပတ် အဆီအစားများခြင်းတို့ပါဘဲ။ 

အဆုပ်ကင်ဆာနဲ့ ပတ်သက်ပြီး နောက်ထပ်အရေးကြီးဆုံး သိသင့်တာက တကယ်လို့ ကင်ဆာဖြစ်လာ ခဲ့ရင်တောင်မှ ရောဂါရှိနေတာကို စောစောစီးစီး သိနိုင်ဖို့နဲ့  ရောဂါမကျွမ်းခင် စောစောစီးစီး ကုသပေးနိုင်ဖို့ ဖြစ်ပါတယ်၊ 

ရောဂါဖြစ်တာကို စောစောစောစီးစီးသိနိုင်ဖို့ ကြိုတင်ဆေးစစ်တာတွေ ဘယ်လိုလုပ်သင့်ပြီး
ဘယ်လို ရောဂါလက္ခဏာတွေပြလာရင် ချက်ချင်းစစ်ဆေးဖို့လိုပါသလဲဆိုတာကိုလည်း
သိမှတ်ထားဘို့ လိုပါလိမ့်မယ်။

သတိပေးလက္ခဏာတွေကတော့ ….

ချောင်းဆိုးတာ မပျောက်နိုင်ဘဲဖြစ်နေခြင်း၊  ချောင်းဆိုးလျှင်သွေးပါခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခြေကုန် လက်ပန်းကျခြင်း နုံးခြင်း၊ အသက်ရှုမ၀ခြင်း ရင်ကျပ်ခြင်း၊ ရင်ညွန့်ရိုးအောင့်နာခြင်း၊ ပခုံးအာရုံကြော များနာခြင်း၊  အစာ မျိုချရ ခက်ခြင်း၊ အသံပြောင်းခြင်း အသံဝင်ခြင်း၊  အားနည်းခြင်း ပိန် လာခြင်း တွေပါဘဲ။ 

ဖြစ်ခါစမှာ မသိသာနိုင်သလို ဘာမှမခံစားရသေးပေမယ့် ဆက်ဖြစ်လာခဲ့ရင် ကင်ဆာ ဆဲလ်တွေ အရိုးကို ပြန့်ပွားပါက အရိုးနာခြင်း အောင့်ခြင်းတို့ ဖြစ်စေနိုင် ပါတယ်။

ဦးနှောက်ကို ပြန့်ပွားပါက အမြင် ဝေ၀ါးခြင်း၊ ခေါင်းကိုက်ခြင်း၊  တက်ခြင်း၊  လေဖြတ်ခြင်း တို့ကို ဖြစ်စေနိုင် ပါတယ်။  လက္ခဏာများ ခံစားရပါက သက်ဆိုင်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ 

အဆုတ် ကင်ဆာ ရောဂါကို ကုသရာတွင် ရောဂါ အဆင့် အလိုက် မူတည်ပြီး ခွဲစိတ် ကုသခြင်း (Surgery)
ဓာတ်ရောင်ခြည် ဖြင့် ကုသခြင်း (Radiotherapy) ဆေးသွင်း ကုသခြင်း (Chemo-therapy) အစ ရှိသည့် နည်းလမ်းများ ဖြင့် ကုသ နိုင်ပါတယ်။  နောက်ပေါ် ဆေးဝါးသစ်တွေက အားတက်စရာ ရှိပါတယ်။ 
ဆေးလိပ် က အဓိက အကြောင်း အရင်း တစ်ခု ပါ။  ဖြစ်ပွားမှု နှုန်း၏ ၉၀ ရာခိုင်နှုန်းမှာ
ဆေးလိပ်သောက်သုံးခြင်း ကြောင့်ဖြစ်နေပါတယ်။ 

ဆေးလိပ်မှာ ဓာတု ပစ္စည်း ပေါင်း လေးထောင် ကျော်ခန့် ပါဝင်ပြီး အများစုမှာ ကင်ဆာ ဖြစ်စေသည့် အမျိုးအစား များဖြစ်ပါတယ်။  အဲဒီ အထဲတွင် Nitrosamine နှင့် Polycyclic Aromatic Hydrocarbon တို့ဟာ
ကင်ဆာ ဖြစ်စေ နိုင်တဲ့ အဓိက ဓာတု ပစ္စည်းများ ဖြစ်ပါတယ်။ 

အသက်ရှူလမ်း တစ်လျှောက်မှာ Cilia ခေါ်တဲ့ အမွှေးသေးသေးလေးတွေ ရှိနေပါတယ်။  အဆိပ် အတောက်တွေ ဗက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေ ဝင်လာရင် တားဆီးပေးတတ်တယ်။ 

ဆေးလိပ်ငွေ့က ဒီအမွှေးလေးတွေကို ဖြတ်လိုက်သလိုဖြစ်နေစေပါတယ်။  အဲဒီအခါ Carcinogens ကင်ဆာဖြစ်စေနိုင်တာတွေ အဆုပ်ထဲကို အတားအဆီးမရှိ ဝင်လာနိုင်ကြပါတယ်။ 

ဆေးလိပ် သောက်သုံးသူနဲ့ အနီးကပ် နေထိုင် သူတွေမှာလည်း ဆေးလိပ်ငွေ့ ရှူရှိုက်မိ တဲ့အတွက်
အဆုတ် ကင်ဆာ ရောဂါကို ဖြစ်ပွားစေ နိုင်ပါတယ်။ 

ဇနီးဖြစ်ဖြစ် ခင်ပွန်းဖြစ်ဖြစ် ဆေးလိပ် သောက်သူဖြစ်ရင် သူများတွေထက် ၂ဝ-၃ဝ% ပိုဖြစ်လာနိုင်ပါတယ်….

သတ္တု တူးဖော်ရေး လုပ်ငန်း များနဲ့ လုပ်ငန်းခွင်တွေမှာ အများဆုံး ရင်ဆိုင်တွေ့ကြုံ ရတာက
ကျောက်ဂွမ်း အမှုန်များပါဘဲ။

အသက်ရှူ တဲ့အခါ အဆုတ် အတွင်းကိုရောက်ရှိပြီး ဆေးလိပ်လည်း သောက်နေမယ်ဆိုရင်
အဆုတ်ကင်ဆာ ဖြစ်ပွားမှု နှုန်းကို ပိုမို မြင့်မား စေပါတယ်။

မျိုးရိုးဗီဇ (Gene) ပေါ်တွင် မူတည်ပြီး မိဘဘိုးဘွား များမှာ အဆုတ် ကင်ဆာဖြစ်ပွား ခဲ့သူရှိမယ်ဆိုရင်
ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ပိုမြင့်မား တာကို တွေ့ရှိရပါတယ်။

အဆုတ် တွင် အနာဖြစ်ဖူးခြင်း အဆုတ်ရောင်ခြင်း ကုသမှု ခံယူပြီးသော အဆုတ် ရောဂါများ
ဖြစ်ပွား ခဲ့ဖူးရင်လည်း အဆုတ် ကင်ဆာ ဖြစ်နိုင်ချေ ရာခိုင်နှုန်း များနိုင်ပါတယ်။

အဆုတ် ကင်ဆာ ဖြစ်ပွား သူတွေရဲ့ ၂၅ရာခိုင်နှုန်းဟာ  Chest X-ray ၊ သို့မဟုတ် CT-scan တွင်
ကင်ဆာကြိတ် စတင်တွေ့ရှိချိန် တွင်မူ မည်သည့် ရောဂါ လက္ခဏာမှ ခံစားရခြင်း မရှိတတ်ချေ။

အဆုတ်ကင်ဆာကို ကာကွယ်ဖို့က ဆေးလိပ် မသောက်ရင်အကောင်းဆုံးပါ။ သောက်နေသူဖြစ်ပြီး ဖြတ်လို ရင် နီကိုတင်း ပါဝင်သော ပီကေ အငွေ့ ရူဆေးများ ကိုအသုံးပြုပြီး ဆေးလိပ် ဖြတ်သင့်ပါတယ်။ 
သူများဆေးလိပ်ငွေ့ များကို မရှူမိ စေရန်လည်း သတိပြု သင့်ပါတယ်။ 

အလုပ်ခွင်အတွင်း မှာလည်း လုံခြုံ စိတ်ချ ရမယ့် အကာအကွယ်ပေးနိုင်တာတွေ ဝတ်ဆင်ပြီး အလုပ်လုပ် သင့်ပါတယ်။ 
 
ကင်ဆာ ရောဂါလက္ခဏာတွေကို စောစောသာသတိမူပြီး ကျန်းမာရေး စစ်ဆေးမှုများကို စနစ်တကျ ပြုလုပ်ခဲ့ရင် ကုသမှု့ အောင်မြင်ခြေ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။ 
 
တကယ်လို့များ သင်သာ ဆေးလိပ်မသောက်သူတစ်ဦးဖြစ်နေပါက မဖြတ်သေးသူတွေထက် ကင်ဆာဖြစ်နိုင်ချေ ပိုဝေးနေသေးတယ်ဆိုတာ တွေးရင်းဝမ်းသာပါ။
လူသားအားလုံး ကင်ဆာဝေဒနာဆိုးမှ ကင်းဝေးနိုင်ကြပါစေ...

___ Dr. တင့်ဆွေ

0 မှတ်ချက်များ for "ကင်ဆာအကြောင်း သိကောင်းစရာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++