သွေးထွက်သံယိုမှု မရှိတဲ့ ဖွဲ့စည်းပုံ - ပြင်ဆင်ရေး အစိုးရနဲ့ တပ်မတော် တာဝန်အရှိဆုံး ဟုဆို

သွေးထွက်သံယိုမရှိဘဲ ၂၀၀၈ စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပ တို့ ပြင်ဆင်ရန် မလွယ်ကူသောကြောင့် ပြောင်းလဲနိုင်ရန် အုပ်ချုပ်ရေးနှင့် တပ်မတော် ခေါင်းဆောင်များတွင် တာဝန်အရှိဆုံးဟု တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်သည်။

သွေးထွက် သံယိုမှုများမရှိဘဲ ပြည်သူများ လိုလားသည့်အတိုင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လက်ရှိအစိုးရ
ခေါင်းဆောင်များကို အပြောင်းအလဲဖြစ်ဖို့ တွန်းအားပေးရန် လိုအပ်သည်ဟု မြင်ကြောင်း ဧပြီ ၉ ရက်က ရန်ကုန်မြို့  ပြည် လမ်းရှိ Café 47 ၌ ပြုလုပ်သော ညီညွတ်သော တိုင်းရင်းသား လူမျိုး မဟာမိတ်အဖွဲ့ UNA နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း
ရေးအဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲအပြီး (UNA) ခေါင်းဆောင် ဦးအေးသာအောင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။
 
မြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်ကိစ္စရပ်အားလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ရေးအပေါ်တွင် မူတည်နေကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး အခန်း ကဏ္ဍဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)က လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်တွေ့
ပြင်ဆင်ဖို့ မလွယ်ကြောင်း ဆက်ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေအနေ အချိန်အခါအရ ပြင်ဆင်ရန် လိုအပ်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်း(၁၂)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု ပြီးခဲ့သည့် မတ်လ အတွင်းက နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က  ပြောကြား ထားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်နိုင်ရေး အခက်အခဲဖြစ်စေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းမှ ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲနိုင်ရန်
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အခြေခံဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက် ရှိနေသကဲ့သို့ ပြည်သူများကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန်
တောင်းဆိုဆန္ဒ ထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။

0 မှတ်ချက်များ for "သွေးထွက်သံယိုမှု မရှိတဲ့ ဖွဲ့စည်းပုံ - ပြင်ဆင်ရေး အစိုးရနဲ့ တပ်မတော် တာဝန်အရှိဆုံး ဟုဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++