အပစ်အခတ်ရပ်စဲ စာချုပ်မူကြမ်းအပေါ် အမြင်ကွဲလွဲနေ၍ ဆက်ဆွေးနွေးမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်း
ရေးဆွဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ကိုယ်စားပြု တဲ့ NCCT အဖွဲ့ကိုယ်စားလှယ်တို့ အကြို ဆွေးနွေးပွဲ ဒုတိယနေ့မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းရဲ့ အခန်း (၇)ခန်း ထဲက အခန်း (၁)မှာ ပါရှိတဲ့ အခြေခံမူကို အဓိက ဆွေးနွေးခဲ့ကြပြီး အစိုးရတင်ပြ တဲ့ တချို့အချက်တွေ ကွဲလွဲမှု ရှိနေတဲ့အတွက်  ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ 

ကျနော်တို့ တင်ပြချက်တဲ့ တချို့အချက်တွေနဲ့ အစိုးရတင်ပြတဲ့ တချို့အချက်တွေ ကွဲလွဲမှုရှိပေမယ့်လို့ ညှိနှိုင်းပြီးတော့ တစ်ခုတည်းဖြစ်ဖို့အတွက် ကျနော်တို့လုပ်နိုင်ခဲ့တယ်၊ တချို့အချက်တွေမှာကျတော့ ကျနော်တို့ဒီက ပြန်လည်ပြီးတော့ ဆွေးနွေးရမယ့်အချက်တွေရှိတယ်၊ သဘောမတူဘူးဆိုတဲ့ အနေ အထားတော့မဟုတ်ဘူး၊ ကျနော်တို့ မနက်ဖြန်ဆက်ပြီးတော့ ဆွေးနွေးသွားမယ်" လို့ NCCT အဖွဲ့ ကိုယ်စားလှယ်၊ KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း က ပြောပါတယ်။

ဆွေးနွေးပွဲကနေ ပထမအဆင့် အပစ်ရပ် စာချုပ်မူကြမ်း တစ်စောင်ကို မနက်ဖြန်မှာ ထုတ်ပြန်သွားမှာ
ဖြစ်မယ်လို့ ဆိုပါတယ်။

အခုအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း အကြိုဆွေးနွေးပွဲမှာ တပ်နေရာချထားရေးနဲ့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ မူဘောင်တွေချမှတ်နိုင်ရေး ကိစ္စရပ်တွေကိုသာ အဓိကထားဆွေးနွေးနေကြကြောင်း၊ ဖက်ဒရယ်
ပြည်ထောင်စု တည်ထောင်ရေးနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ညပဋ္ဌာန်းခွင့်ရရေးတွေ ကိုတော့ အပစ်ရပ် လက်မှတ်ရေးထိုးပြီး နို်င်ငံရေးဆွေးနွေးပွဲတွေရောက်မှသာ ဆွေးနွေးသွားမယ်ဖြစ်လို့ သိရပါတယ်။

နှစ်ပါင်း ၆၀ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့၊ ဖယ်ဒရယ် ပြည်ထောင်စု အရေးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကိစ္စတွေလို အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြရတာ ဖြစ်တဲ့အတွက်၊ အချိန်ယူပြီး သူ့အမြင် ကိုယ့် အမြင်တွေကို ဖလှယ်ဖို့လိုတယ်လို့ NCCT ရဲ့ ကိုယ်စားလှယ်  ဒေါက်တာ ဆလိုင်းလျန်မှုန်းက မှတ်ချက် ပေးခဲ့ပါတယ်။

အခု ဆွေးနွေးပွဲကနေ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး မူကြမ်းဟာ အပြီးသတ် ထွက်လာနိုင်ဖို့ မျှော်လင့် မထားဘူး ဆိုပြီးတော့လည်း ဒေါက်တာ ဆလိုင်းလျန်မှုန်း က ပြောခဲ့ပါတယ်။

ဒီအကြိုဆွေးနွေးပွဲဟာ (၂)ရက်ကြာမယ်လို့ ကနဦးက ထုတ်ပြန်ထားပေမယ့်၊ ဒီကနေ့အထိ ဆွေးနွေး ချက်တွေဟာ မပြီးပြတ်သေးတာကြောင့် နောက်ထပ် ရက်တိုးမြှင့်ပြီး ဆွေးနွေးဖွယ် ရှိပါတယ်။

0 မှတ်ချက်များ for "အပစ်အခတ်ရပ်စဲ စာချုပ်မူကြမ်းအပေါ် အမြင်ကွဲလွဲနေ၍ ဆက်ဆွေးနွေးမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++