ကချင်ဒေသ ထိုးစစ်ဆင်းမှုတွင် အစိုးရစစ်သည် ၅၀၀၀ ခန့် သေ

၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကချင်ပဋိပက္ခ တိုက်ပွဲများတွင် အစိုးရဘက်က စစ်သည် ၅၀၀၀ ခန့်
သေကြေပြီး ရဟတ်ယာဉ်နှစ်စင်း၊ တိုက်လေယာဉ် တစင်း ဆုံးရှုံးခဲ့ကြောင်း မတ် ၁၂ ရက်နေ့စွဲဖြင့် ဖော်ပြ သည့် Jane's Defence Weekly ပါ ဆောင်းပါးအရ သိရသည်။

၂၀၁၂ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIO/KIA ဌာနချုပ် လိုင်ဇာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ နိုင်ငံတကာမှ ကန့်ကွက်နေသည့်ကြားမှ Mi-35 ရဟတ်ယာဉ်များနှင့် K-8 Karakoram တိုက်လေယာဉ်များဖြင့် လေကြောင်းစစ်ဆင်ရေးကို အသုံးပြုခဲ့သည်ဟု ဆောင်းပါးရှင်က ဆိုသည်။

အစိုးရကို ထောက်ခံသည့် ဘလော့ခ်တစ်ခုတွင် တင်ပြခဲ့သော စာရင်းများအရ ၂၀၁၁ ခုနှစ် ဇွန်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အစိုးရစစ်သည်ပေါင်း ၅၀၀၀ ကျဆုံးခဲ့ကြောင်း ခန့်မှန်းခဲ့သည်။ ထိုအချိန်နောက်ပိုင်း ဆက်လက်ဖြစ်ပေါ်ခဲ့သည့် လိုင်ဇာစစ်ဆင်ရေးနှင့် အခြားစစ်ဆင်ရေး ငယ်များတွင် အကျအဆုံးများ ရှိခဲ့သဖြင့် စစ်သည် ၅၀၀၀ ထက်ပိုသော ကျဆုံးမှု ရှိနိုင်ကြောင်း ဆောင်းပါးရှင် က ပြောကြားသည်။

တပ်မတော်ဘက်၌ စစ်သည် ၅၀၀၀ ခန့် ကျဆုံးသည်မှာ မှန်ကန်ကြောင်းနှင့် KIA ဘက် ထိခိုက်ဒဏ်ရာ ရရှိသူများ အပါအ၀င် ကျဆုံးသူအရေအတွက် စုစုပေါင်း ၁၀၀၀ ခန့် ရှိကြောင်း KIO အရာရှိ တစ်ဦး၏ ပြော ကြားခဲ့သည်။ တပ်မတော်မှ စစ်ဆင်ရေးမှူးများသည် လွန်ခဲ့သော နှစ် ၂၀ ခန့်က အသုံးပြုခဲ့သော ခြေလျင်တပ်နှင့် လက်နက်ကြီးအသုံးပြုမှု လိုလားခြင်းကို ကချင်ပဋိပက္ခစစ်ပွဲများအား ကြည့်ခြင်းဖြင့် သိရှိနိုင်သည် ဟု ဆောင်းပါး၌ ရေးသားခဲ့သည်။

 လေကြောင်းစစ်ဆင်ရေးကို အသုံးပြုခဲ့သော်လည်း လေယာဉ်မှူးများ၏ အတွေ့အကြုံမရှိမှု၊ ထိန်းသိမ်းမှုပိုင်း ဆိုင်ရာ အားနည်းမှုများနှင့် မြေပြင်-ဝေဟင် ဆက်သွယ်မှုများက မြန်မာ့တပ်မတော်၏ စစ်ဆင်ရေး ထိရောက်မှု အားနည်းစေရန် အဟန့်အတားဖြစ်သည်ဟု ဒေသတွင်း သုံးသပ်သူများကဆိုကြောင်း အဆိုပါဆောင်းပါးတွင် ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ပြောဆိုမှုများသည် လိုင်ဇာဒေသ မြေပြင်စစ်ဆင်ရေးအတွက် K-8၊ G-4 တိုက်လေယာဉ်များ၊ Mi-35 ရဟတ်ယာဉ်များအား တပ်မတော်က အသုံးပြုမှု ပါဝင်သည့် ရုပ်သံဖိုင် ထွက်ရှိခဲ့ပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်သည်။ အစိုးရက အားစိုက်လုပ်ကိုင်နေသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် ပျက်ကွက် မှုများ ရှိခဲ့ပါက တပ်မတော်အနေဖြင့် (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို) တိုက်ခိုက်ဖြိုခွဲပြီး စီးပွား ရေးနှင့် ငွေကြေးဖြတ်တောက်သည့် နည်းလမ်းများဖြင့်ပါ အားနည်းစေရန် လုပ်ဆောင်သည့်နည်းလမ်းကို ပြန်လည်လုပ်ဆောင်လာနိုင်ကြောင်း ဆောင်းပါး၌ သုံးသပ်သည်။

ကရင်နှင့် ကချင်တိုက်ပွဲများတွင် အောင်မြင်ခဲ့ခြင်းကြောင့် အင်အားတောင့်တင်းသော ‘၀’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရင်ဆိုင်ရာတွင် ထိုနည်းလမ်းကိုပင် အသုံးပြုမည့် အလားအလာ ရှိနိုင်ကြောင်း ဆောင်းပါး၌ ရေးသားခဲ့သည်။

ကချင်စစ်ဆင်ရေးတွင် တပ်မတော်က လုပ်ဆောင်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် UWSA အပေါ် သင့်လျော်သည့် စစ်ဆင်ရေးပြုလုပ်ရန် ဝေးကွာနေပြီး UWSA တွင် ပုံမှန်အားဖြင့် စစ်သည် ၂၀၀၀၀ ခန့် ရှိနေကာ KIA ထက် နှစ်ဆကြီးသည့်အပြင် ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားမှုများနှင့် လက်နက်များ ရှိကြောင်း ဆောင်းပါးရှင်က ရေးသားသည်။ KIO မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာများအရ ၂၀၁၂ ခုနှစ်ဇွန်မှ ဒီဇင်ဘာအတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ခိုက်မှုပေါင်း ၂၄၀၀ ကျော်ရှိခဲ့သည်ဟု ဆိုသည်။

အစိုးရ၏ ထုတ်ပြန်ချက်များတွင် တိုက်ပွဲပေါင်း ၁၀၉၅ ပွဲရှိသည်ဟု ဖော်ပြခဲ့သည်။ ကျဆုံးမှုအနေဖြင့် တပ် မတော်ဘက်မှ စစ်သည် ၅၀၀၀ နှင့်အထက် ကျဆုံးကြောင်း KIO က ထုတ်ပြန်ပြီး အစိုးရ၏ ထုတ်ပြန် ချက်များတွင် အစိုးရစစ်သည် ၃၅ ဦး ကျဆုံးပြီး ၁၉၀ ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။

စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ၁၅၀၀၀၀ နှင့်အထက် ရှိခဲ့သည်။ Jane's Defence Weekly ၌ ဆောင်း ပါးရှင် Tony Davis က ရေးသားဖော်ပြခဲ့သော အချက်အလက်များနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့ကို ဆက်သွယ်ပြီး အတည်ပြုချက်ရယူရန် ကြိုးစားခဲ့သော် လည်း ဖြေကြားမှု မရှိကြောင်း ဆိုသည်။

 စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များကို အထူးပြု ထုတ်ဖော်ရေးသားနေသည့် Jane's Defence Weekly ၌ ဆောင်း ပါးရှင် Tony Davis က မြန်မာ့တပ်မတော်နှင့် ပတ်သက်ပြီး Hostage to history? အမည်ရှိ ဆောင်းပါး ရေးသားခဲ့ကာ ထိုဆောင်းပါး၌ အဆိုပါအချက်များကို ထည့်သွင်းရေးသား ခဲ့ခြင်း ဖြစ်သည်။

0 မှတ်ချက်များ for "ကချင်ဒေသ ထိုးစစ်ဆင်းမှုတွင် အစိုးရစစ်သည် ၅၀၀၀ ခန့် သေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++