ကလေး ၆ ယောက် အမေအား မုဒိန်းရန် အားထုတ်တဲ့ ဒုတပ်ကြပ်ကို အမှုဖွင့်တိုင်ကြား
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ် မြို့မ ရဲစခန်းတွင် မမိချိုက
ဒုတပ်ကြပ်ရဲလင်းထွန်းအား အဓမ္မကျင့်ရန် ကြံစဉ်မှု ပုဒ်မ ၃၇၆/၅၁၁၊ နာကျင်စေ မှု
ပုဒ်မ (၃၂၃)ဖြင့်အမှုဖွင့်ခဲ့ပြီး ယခုအခါ အဆိုပါ အမြောက်တပ် (၃၁၅)သို့
ပြန်လည် လွဲပြောင်းပေး အပ်ထားကြောင်း သံဖြူဇရပ်မြို့နယ် ရဲစခန်းမှ သိရှိရသည်။
ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ် ၀ဲရက် ကျေးရွာပိုင် ရာဘာခြံ တစ်ခုတွင်
ရာဘာစေး လှီးနေသော ကလေး (၆)ယောက်၏ မိခင် မမိချိုကို ၀ဲကလိ လမ်းဆုံရှိ အမြောက်တပ်
(၃၁၅) မှ ဒုတပ်ကြပ် ရဲလင်းထွန်းဆိုသူက ရိုက်နှက် ကိုက်ဖဲ့လုံးဖမ်းပြီး
အဓမ္မပြုကျင့်စဉ် မမိချိုမှပရိယာယ်သုံးထွက်ပြေးကြိုးစားခဲ့ခြင်းဖြစ်သည်ဟု
၎င်း၏အမျိုးသား နိုင်လွန်းက ပြောသည်။
“ဒီအမှုကို ကျွန်တော်တို့ စခန်းက အမှုဖွင့်ပေးလိုက်တယ်။ တပ်ကပြန်ခေါ်သွားတယ် လောလော ဆယ်တော့ တပ် အချုပ်မှာ ချုပ်ထားတယ်လို့ သိရတယ်။ တပ်က အမှုဖြစ်ရင် ရဲစခန်းက အမှုဖွင့်ပြီး သက်ဆိုင်ရာ တပ်ကို ပြန်လွှဲပေး ရတဲ့ ထုံးစံရှိတယ်။ အဓ္ဓမပြုကျင့်ဖို့လာတာမဟုတ်ပဲ ရာဘာစေးခိုးဖို့ လာရင်းဖြစ်သွားတယ်လို့တော့ ထွက်ဆိုထား တယ်။” သံဖြူဇရပ်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် ညွှန့်ဝင်း က ပြောသည်။

အဆိုပါ ကြံစည်မှုတွင် အမြောက်တပ်(၃၁၅)မှ ဒုတပ်ကြပ်
ရဲလင်းထွန်းမှာ အဆိုပါ ခြံအတွင်းသို့ ရာဘာစေး များ
ခိုးယူရန်သွားခြင်းဖြစ်ပြီး ခြံအတွင်း မမိချိုကိုတွေ့သောကြောင့်
အဓမ္မကျင့်ရန်ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု သံဖြူ ဇရပ် မြို့နယ် ရဲစခန်းတွင်
အဓ္ဓမပြုကျင့်ရန်ကြံစည်သူက ထွက်ဆိုထားကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မွန်ဒီမိုကရေစီပါတီနှင့် မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ် ပါတီမှ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါကိစ္စကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအာဏာပိုင်သို့ တောင်းဆိုထားကြောင်း မွန်ပါတီမှ သိရှိရသည်။
“ကျွန်တော်တို့ အနေနဲ့ ဒီလိုမျိုးတွေဖြစ်နေတာကို လုံးဝလက်မခံနိုင်ပါဘူး။ အမြန်ဆုံး အရေးယူ ဆောင် ရွက် ပေးစေ လိုပါတယ်။ အမျိုးသမီးတွေကို တပ်မတော်သားတွေ အဓမ္မပြုကျင့်တာတွေရှိနေတယ်။ ဒါက ပေါ်ပေါက်သွားလို့ပါ။ မပေါ်ပေါက်တာတွေလည်းရှိနေဦးမှာ။ သံဖြူဇရပ်မြို့နယ်ဆိုတာ ငြိမ်းချမ်း တယ်လို့ သတ်မှတ်လို့ ရပါတယ်။
အနက် ရောင်နယ်မြေမှာဆိုရင် ဒီလိုကိစ္စတွေဘယ်လောက်တောင်များနေမလဲ။ အခု ဒီအမျိုးသမီးမှာ ဦးခေါင်းထဲ သွေးတည် နေတဲ့ အထိဖြစ်နေပါပြီ။ အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးစေ လိုပါတယ်။”ဟု မွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်းကပြောသည်။
အဆိုပါ ကိစ္စရပ်ကြောင့် အဓမ္မကျင့်ရန်ကြံစည်ခံရသည့် မမိချိုသည် ဦးခေါင်း၊ မျက်စိ၊မျက်နှာ၊ ရင်ဘတ်ဒ ဏ်ရာများ ဖြင့် သံဖြူဇရပ်ဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ဆေးရုံမှတ်တမ်း များအရ သိရှိသည်။
“အဲ့ဒီတပ်ကနေ ထောက်ပံ့ငွေ နည်းနည်းလာပေးတာရှိပါတယ်။ ကျွန်တော့်အမျိုးသမီးရဲ့ အခြေအနေက ရန်ကုန်ကို ပြောင်းပြီးကုရမယ်လို့သိရပါတယ်။ ကျွန်တော်အနေနဲ့ ဒီပြစ်မှုကျူးလွန်သူတွေကို အမြန်ဆုံး အရေးယူပေးဖို့ပဲ တောင်း ဆိုခြင်ပါတယ်။”ဟု မမိချို၏ အမျိုးသား နိုင်လွန်း က ပြောသည်။___မြန်မာခရိုနီကယ်

0 မှတ်ချက်များ for "ကလေး ၆ ယောက် အမေအား မုဒိန်းရန် အားထုတ်တဲ့ ဒုတပ်ကြပ်ကို အမှုဖွင့်တိုင်ကြား"