မူလတန်းနဲ့ အလယ်တန်းရဲ့ သင်ရိုးညွှန်းတမ်း ကို လျော့ချမည်
လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း
သင်ရိုး ပြဋ္ဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထပ်တူ အရေးကြီးတဲ့ ကဏ္ဍတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်မှု
တွေ ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု၊ work load အပြင် ခေတ်စနစ်နဲ့ မညီတဲ့ သင်ရိုးညွှန်း တမ်းတွေကို အနည်းငယ် ပြုပြင်ထားတယ်လို့ အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။
သူတို့ အနေနဲ့ အနည်းငယ်သာ အချိန်မီ လုပ်နိုင်ခဲ့ပြီး လက်ရှိသင်ရိုးရဲ့ ၈၅ ကနေ ၉ဝ ရာခိုင်နှုန်းလောက် ကိုသာ ခပ်ပါးပါး ပြုပြင်ထားတယ်လို့ သင်ရိုး လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်လို့ သူက ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ခပ်ပါးပါး ပြုပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်ကို ရိုက်နှိပ်ပြီး ကျောင်းသူ ကျောင်းသားတွေ ကို ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။
အရည်အသွေး ရှိတဲ့ ပညာရေး ဆောင်ရွက်ဖို့ ဆိုရင် ဆရာ ဆရာမတွေရဲ့ သင်ကြားပို့ချမှုအပေါ် အများကြီး မူတည်နေတယ်လို့ သူက ဆိုပါတယ်။
သင်ကြားမှုနဲ့ ပတ်သက်ပြီး ကလေး ဗဟိုပြု ဖြစ်လာဖို့ မြို့နယ် ၃၃၀ ထဲက ကျန်နေသေးတဲ့ မြို့နယ်တွေမှာ ကလေး ဗဟိုပြု သင်ကြားရေး မွမ်းမံသင်တန်းတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။
သင်ရိုးပြုပြင်ရေး သာမက သင်ကြားနည်းနဲ့ စာမေးပွဲ စနစ်တွေမှာပါ ပြုပြင်ရေးတွေ လုပ်ဖို့ရှိတာနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြရာမှာ စာမေးပွဲ စနစ်နဲ့ ပတ်သက်လို့ ကျောင်း သား ကျောင်းသူတွေရဲ့ တီထွင်ကြံဆမှုနဲ့ ဥာဏ်ရည် ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ စာမေးပွဲစနစ် ဖြစ်လာဖို့ လေ့လာ ဆန်းစစ်နေတယ် လို့လည်း ပြောပါတယ်။
နှစ်ပေါင်းများစွာ ခေတ်နောက်ကျ ကျန်ရစ်တဲ့ မြန်မာ့ ပညာရေးမှာ ပြုပြင်ပြောင်းလဲရေးတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့ အများကြီး လိုအပ်နေတယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း မကြာခဏ ကြားနေရပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "မူလတန်းနဲ့ အလယ်တန်းရဲ့ သင်ရိုးညွှန်းတမ်း ကို လျော့ချမည်"