မြန်မာစာနှင့် တိုင်းရင်းသား စာ ပေါင်းစပ် သင်ကြားရေးေ ဆွးနွေးမည်
တိုင်းရင်းသား မိခင်ဘာသာစကားများ ရှိသည့် ဒေသများတွင် မိခင်ဘာသာနှင့်
မြန်မာစာကို ညှိနှိုင်းပေါင်းစပ် သင်ကြားနိုင်ရေး အတွက် ဆွေးနွေးပွဲ
(Seminar on Promoting Mother Tongue-Based Multilingual Education) ကို
၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့တို့တွင် NNER
(National Network for Education Reform) က ပြုလုပ်သွားမည် ဖြစ်ကြောင်း
အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို ဆွေးနွေးပွဲကို ရန်ကုန် မျက်မမြင်ကျောင်း၊ ခဝဲခြံ၊ ဗဟိုလမ်း (အပေါ်လမ်း) မရမ်းကုန်းမြို့နယ်တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမည် ဖြစ်ကာ မူဝါဒကြမ်း ရေးဆွဲရန် ဆွေးနွေးမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မူ ပြည်တွင်းရှိ ပညာရှင်များဖြင့်သာ ဆုံးဖြတ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပညာရေးကွန်ရက် အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောကြားသည်။

“နိုင်ငံတကာ အတွေ့အကြုံတွေကို ပြည်ပ
ပညာရှင်တွေဆီက ယူမယ်။ ဒါပေမဲ့ ဘာသာစကားအခက်နဲ့ ကိုယ့်အခက်အခဲကို
ပြန်တင်ပြနိုင်အောင် ပြည်တွင်းက တိုင်းရင်းသားတွေပါတဲ့ ပညာရှင်တွေနဲ့
ဖေဖော်ဝါရီ ၁ ရက်မှာ ဆွေးနွေးမယ်” ဟု ၎င်းက ထပ်လောင်းဆိုသည်။
ထိုသို့ နိုင်ငံတော်က ဖွင့်လှစ်သည့် ကျောင်းများတွင် မြန်မာစာနှင့် တိုင်းရင်းသား မိခင်ဘာသာစကား ညှိနှိုင်းပေါင်းစပ် သင်ကြားနိုင်ရေးနှင့် မှီငြမ်းခြင်းများ ပြုလုပ်နိုင်ရေးအတွက် ဇန်နဝါရီလ ၃၁ ရက်တွင် ထိုင်းတက္ကသိုလ်နှင့် သြစတြေးလျ တက္ကသိုလ်တို့မှ ပညာရှင် နှစ်ဦးတို့က နိုင်ငံတကာ သင်ရိုးညွှန်းတမ်း ဆိုင်ရာများကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း NNER ၏ ယင်းဆွေးနွေးပွဲ ဖြစ်မြောက်ရေး အစီအစဉ် တာဝန်ရှိသူများထံမှ သိရသည်။

“တိုင်းရင်းသား
ကလေးငယ်တွေအတွက် တချို့ Abstracts (ဒြပ်မဲ့ပစ္စည်း) တွေက နားလည်ဖို့
တော်တော် ခက်တယ်။ သူတို့ကို ရှင်းပြဖို့ အတွက်လည်း ဒါပဲဆိုပြီး ပြလို့မရဘူး
ဖြစ်နေတယ်” ဟု ငြိမ်းဖောင်ဒေးရှင်းမှ စီမံချက် မန်နေဂျာ ဦးထင်ဇော်က
ဆိုသည်။
ယခု ပြုလုပ်မည့် ဆွေးနွေးပွဲတွင် ဗမာ၊ ကရင်၊ မွန်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ကချင်၊ ဝ အစရှိသည့် တိုင်းရင်းသား ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြမည် ဖြစ်ပြီး ၎င်းတို့က လက်ရှိ ပညာရေးတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဖြေရှင်းနည်း များကို အချင်းချင်း ဖလှယ်ကာ ဆွေးနွေးကြမည် ဖြစ်သည်။___တဗွိုင့်

0 မှတ်ချက်များ for "မြန်မာစာနှင့် တိုင်းရင်းသား စာ ပေါင်းစပ် သင်ကြားရေးေ ဆွးနွေးမည်"