သန်းခေါင်စာရင်းကောက်ခံရာတွင် တိုင်းရင်းသားများ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရပျက်ကွက်မှုကို ကယန်းပြည်သစ်ပါတီ ကန့်ကွက်

သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံပြီး တိုင်းရင်းသား စာရင်းထဲတွင် မပါဝင်သူ များအား သီးခြား စာရင်းခွဲကာ ကောက်ခံသွားမည် ဟု  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန (လ၀က) ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြားချက်အပေါ် တိုင်းရင်းသားများ ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရက ပျက်ကွက်ခြင်းကို ကန့်ကွက်ကြောင်း ကယန်းပြည်သစ်ပါတီက ပြောကြားလိုက်သည်။ 

ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အချက်အလက်များရရှိရန် သန်းခေါင်စာရင်းကောက်ခံခြင်းအပေါ် ထောက် ခံသော်လည်း တိုင်းရင်းသားများ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရက ပျက်ကွက်ခြင်းကို ကန့်ကွက်ကြောင်း ကယန်းပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလွင် က ပြောကြား လိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေရဲ့ သဘောထားအမြင်ကိုမယူဘဲနဲ့ အစိုးရရဲ့ တစ်ဖက် သတ် သတ်မှတ်ချက်တွေအပေါ် အခြေခံပြီးလုပ်တဲ့အခါကျတော့ ဆိုးကျိုးတွေဖြစ်လာမှာ သေချာပါတယ်။ တိုင်းရင်းသား တစ်မျိုးနဲ့တစ်မျိုး
ကြား အထင်အမြင်လွဲမှားမှုတွေ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပျက်ပြားစေတဲ့ ဆိုးကျိုးတွေ ဖြစ် လာနိုင်တယ်”ဟု ဗိုလ်မှူးစောလွင်က ပြောသည်။

အစိုးရသတ်မှတ်ချက်များအရ စာရင်းကောက်ခံမည်ဆိုပါက ၎င်းတို့သည် “ကယား၊ ဇယိမ်း၊ ကယမ်း (ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ပရဲ (ကယော်)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်”အဖြစ် သတ်မှတ်ထားသည့် ကယားမျိုးနွယ်စု ကိုးစုအောက်တွင် စာရင်းရောက်ရှိမည်ဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်ချက်ကို ကယန်းလူမျိုးများက အပြင်းအထန်ကန့်ကွက်မှု များရှိနေသည်။ သီးခြား မျိုးနွယ်စုအဖြစ် အသိအမှတ်ပြုရန် “ကယန်း(ပဒေါင်)” အမည်တွင် “ပဒေါင်”သည် နှိမ့်ချသည့် အသုံးအနှုန်းဖြစ်သောကြောင့် ပယ်ဖျက်ပေးရန် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Kayun အစား Kayan ဟုသုံးနှုန်းရန် စသည့်အချက်များကိုလည်း ကယန်းတိုင်းရင်းသားများအရေး လှုပ်ရှားသူများက အပြင်းအထန်တောင်းဆိုလျက်ရှိသည်။

ကယန်းတိုင်းရင်းသား စိုးရိမ်နေသလို အခြားတိုင်းရင်းသားများလည်း အဆိုပါ ၁၃၅ မျိုးကိစ္စအပေါ် စိုးရိမ်စိတ် ကိုယ်စီရှိနေကြသည်။ အစိုးရသတ်မှတ်စာရင်းတွင် မျိုးနွယ်စု ၅၃ စုထိ သတ်မှတ်ထည့်သွင်းကာ ချင်းတိုင်းရင်းသား မျိုးနွယ်စုခေါင်းစဉ်အောက်တွင် ကောက်ခံခဲ့ပါကလည်း အဆိုပါမျိုးနွယ်စုဝင်များအကြား စည်းလုံး ညီညွတ်မှုများ ပျက်ပြားမည်ကို စိုးရိမ်မိကြာင်း ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာရွှေခါးက ပြောသည်။

ရခိုင်မျိုးနွယ်စုအောက်သတ်မှတ်ချက်ထဲထည့်သွင်းပြီး “ကမန်” လူမျိုးများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ထားရှိမှုသည် ကမန်များနှင့် ဘာသာတူ ဘင်္ဂါလီများ အခွင့်အရေးအဖြစ် အသုံးချမည်ကို ရခိုင်တိုင်းရင်းသားများက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။

လက်ရှိအချိန်တွင်ပင် ကမန်အမည်ခံ ဘင်္ဂါလီအများအပြား နိုင်ငံသားလက်မှတ် လက်ဝယ် ရရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများက ဆိုသည်။

မျိုးနွယ်စုအမည် ထည့်သွင်းသတ်မှတ်ရာတွင် တစ်မျိုးတည်းကို ထပ်ခါ ထပ်ခါရေတွက်ခြင်းများလည်း ရှိကြောင်း၊ အပြင်လောကတွင် အမှန်တကယ် မရှိသည့် မျိုးနွယ်စုဝင်များ စာရင်းပေါက်နေသည်များလည်း ရှိကြောင်း တိုင်းရင်းသားများကထောက်ပြသည်။

“ကရင်ပြည်နယ်မှာတော့ စကောကရင်ရယ်၊ ပိုးကရင်ရယ်ဆိုပြီးတော့ ပဲရှိတယ်။ အဲဒီတော့မျိုးနွယ်စု ကိစ္စတော့ ပြဿနာသိပ်မရှိဘူး။ ဒါပေမဲ့ စာဖြူကရင်ဆိုတာကို လူမျိုးနာမည်ထဲမှာ ထည့်မယ်ဆိုလို့တော့ ကြားထားတယ်။ ဒါကလူမျိုးနာမည်တော့ မဟုတ်ဘူး။ ခရစ်ယာန်ကိုးကွယ်ကြတဲ့ ကရင်လူမျိုးတွေကို
ခေါ်ကြတာပါ”ဟု ဖလုံစခေါ်ဒီမိုကရက်တစ်ပါတီ (ဥက္ကဋ္ဌ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသိန်းအောင်က ပြောသည်။

အစိုးရစာရင်းများအရ ကရင်မျိုးနွယ်စု ၁၁ စုရှိပြီး အသေးစိတ်အနေဖြင့် ကရင်၊ ကရင်ဖြူ၊ ပလေကီး၊ မွန်ကရင်(စာဖြူ)၊ စကော(ကရင်)၊ တလှေပွား၊ ပကူး၊ ဘွဲ၊ မောနေပွား၊ မိုးပွား၊ ပိုး(ကရင်)တို့ဖြစ်သည်။

၁၃၅ စာရင်းတွင် ထူးခြားမှုအနေဖြင့် မျိုးနွယ်စုတစ်စုတည်းသာ အစိုးရသတ်မှတ်ခဲ့သည့် တိုင်းရင်းသား လူမျိုးစုတစ်စုလည်းရှိသည်။ “မွန်”သည် ထပ်မံခွဲခြား စိတ်ဖြာခြင်းမခံရသည့် တစ်ခုတည်းသော တိုင်းရင်းသား ဖြစ်သည်။

မွန်တိုင်းရင်းသားများသည် ယခင်ကာလများက အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်(သို့) သန်းခေါင် စာရင်းတွင် “မွန်”အဖြစ် သတ်မှတ်ခြင်း မခံခဲ့ရသောကြောင့် လူမျိုးပျောက်ကွယ်မည့်အရေး ကြုံတွေ့နေ ရကြောင်း မွန်တိုင်းရင်းသားများက ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပုံစံနှင့် လူမျိုးအမည် ကုတ်သတ်မှတ်ချက်များသည် သက်ဆိုင်ရာ လူမျိုးစုများအကြား ရှုပ်ထွေးနေပြီး အငြင်းပွားမှုများရှိနေ၍ ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့အစည်းများ က သန်းခေါင်စာရင်းကောက်ယူမှုကို အချိန်ရွှေ့ဆိုင်းနောက်ဆုတ်ပေးရန် ဇန်န၀ါရီ ၁၂ ရက်က အစိုးရထံတောင်းဆိုထားသည်။

“ကချင်တိုင်းရင်းသားတွေရဲ့ လိုလားချက်က ဘာလဲဆိုတာကို အရင်ဆွေးနွေးပြီးမှ သူတို့ ကုတ်သတ်မှတ် ရမှာ။ အဲဒီလိုမဆွေးနွေးဘဲနဲ့ အပေါ်ကနေ ဗဟိုဦးစီးစနစ်နဲ့ချပေးတော့ အောက်ခြေမှာ မကျေမလည်တွေ အများကြီးဖြစ်တာပေါ့”ဟု ဒေါ်ဒွဲဘူကပြောသည်။

နှစ်ပေါင်း ၃၀ ကျော်ကြာမှ တစ်ကျော့ပြန်လာသည့် သန်းခေါင်စာရင်းကောက်ယူမှုမှာ ယခင်အစိုးရများ လက်ထက် သတ်မှတ်ခဲ့သည့် တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးအရေးနှင့် မကြာမီအချိန်အတွင်း သန်း ၆၀ သော နိုင်ငံသားများ ကြုံတွေ့ရတော့မည်ဖြစ်သည်။

0 မှတ်ချက်များ for "သန်းခေါင်စာရင်းကောက်ခံရာတွင် တိုင်းရင်းသားများ၏ခံစားချက် ထည့်သွင်းစဉ်းစားရန် အစိုးရပျက်ကွက်မှုကို ကယန်းပြည်သစ်ပါတီ ကန့်ကွက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++