ဆီးရီးယား သမ္မတကို ဖြုတ်ချဖို့ အမေရိကန်ပြော
ဆီးရီးယား အစိုးရရဲ့ ညှဉ်းပမ်း နှိပ်စက်မှု အထောက် အထားတွေဟာ သမ္မတ ဘာရှား
အယ်လ် အာဆတ်ကို
ဖြုတ်ချဖို့ လိုအပ်နေပြီ ဆိုတဲ့ အချက်ကို လေးနက် ထင်ရှားစေတယ်လို့ အမေရိကန် အစိုးရက ပြောလိုက် ပါတယ်။

ဆီးရီးယားအရေး
ဆွေးနွေးပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ပြောဆိုလိုက်တာလည်း
ဖြစ်ပါတယ်။
အထောက်အထား ဓာတ်ပုံတွေကို ရိုက်ကူးသူက သူ့နာမည်ကို ဆီဇာဆိုတဲ့ လျှို့ဝှက်နာမည်သာ ထုတ်ဖော် ပြောဆိုပါတယ်။ သူဟာ အရင်က စစ်ဘက်ဆိုင်ရာ ရဲတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ အလုပ်တာဝန်ဟာ သေသူတွေရဲ့ အလောင်းကို ဓာတ်ပုံရိုက်ရတဲ့ တာဝန်လို့လည်း ဆိုပါတယ်။
အဲသလို ဓာတ်ပုံရိုက်ခိုင်းတဲ့ ရည်ရွယ်ချက်ကတော့ သေစာရင်းပြုလုပ်ဖို့ရယ်၊ အစိုးရက သုတ်သင်ရှင်းလင်း ခိုင်းတဲ့သူတွေ သေဆုံးသွားပြီဆိုတာ အထောက်အထား ခိုင်မာဖို့အတွက်ရယ်လို့ ဆိုပါတယ်။
သူနဲ့အတူ သူရိုက်ကူးခဲ့တဲ့ သောင်းနဲ့ချီတဲ့ ဓာတ်ပုံတွေကို ယူဆောင်ပြီး ဆီဇာဟာ ဆီးရီးယားနိုင်ငံထဲက ခိုးထွက်ပြီး စစ်ရာဇဝတ်မှု စွဲချက်တင်သူ အမှုလိုက်ရှေ့နေ ၃ ယောက်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
သူနဲ့ ပါလာတာကတော့ သေဆုံးသူ ၁ သောင်း ၁ ထောင်ရဲ့ ဓာတ်ပုံပေါင်း ၅ သောင်း ၅ထောင်လို့ ဆိုပါတယ်။
ဆီးရီးယား အပြင်ဘက် တနေရာမှာ ရက်အတန်ကြာ တွေ့ဆုံ မေးမြန်း စုံစမ်းမှုတွေ လုပ်ပြီးနောက် သက်သေအထောက်အထားတွေဟာ အလွန်ခိုင်မာတဲ့ သက်သေတွေ ဖြစ်တယ်လို့ ကောက်ချက် ချခဲ့ကြပါတယ်။
ဒီလို ဓာတ်ပုံတွေကို ရိုက်ကူးပေးပို့ဖို့ အစီစဉ်ချ တာဝန်ပေးခဲ့သူကတော့ ကာတာနိုင်ငံ ဖြစ်ပါတယ်။
ဆီးရီးယား သူပုန်တွေကို ထောက်ခံသူ ကာတာနိုင်ငံက စီစဉ်တဲ့ ဓာတ်ပုံတွေ ဖြစ်တဲ့အတွက် ဒီဓာတ်ပုံတွေဟာ လက်ခံယုံကြည်ဖွယ်ရာ မရှိဘူးလို့ ဆီးရီးယား အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအမှူး နာဗီပီလေးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရူးပါတ်ကိုဗေးလ်က ပြောရာမှာ အခု ဒီပုံတွေဟာ အချက်ပေးခေါင်းလောင်း တီးလိုက်သလိုပါပဲ၊ ဒီပုံတွေဟာ အစစ်အမှန် ဖြစ်ကြောင်း သက်သေ ထူနိုင်ပြီ ဆိုရင်တော့ အလွန်ဆိုးဝါး ကြောက်မက်ဖွယ် ကောင်းပါတယ် လို့ ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မေရီဟာ့ဖ်က ကျွန်မတို့အနေနဲ့ အာဆတ် အစိုးရကို ဖြုတ်ချပြီး အသွင်ကူးပြောင်းရေးကာလ အစိုးရတရပ် ဖွဲ့စည်းဖို့ လိုပါပြီလို့ ဆိုပါတယ်။
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ်ကလည်း အင်မတန် တုန်လှုပ်ခြောက်ခြားစရာကောင်းပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားတွေကို သူတွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။
လူပေါင်း ၁သောင်းကျော်ရဲ့ ဓာတ်ပုံတွေ အားလုံးအနက် လူတယောက်က လွဲပြီး ကျန်သူအားလုံး ဟာ ယောက်ျားတွေဖြစ်တယ်လို့ ဆိုပါတယ်။ အများစုဟာ အလွန်ပိန်လှီ ချိနဲ့နေကြပြီး အများအပြားဟာ ရိုက်နှက် ခံထားရတာတွေ၊ လည်မျို ညှစ်ခံထားရတာတွေကို တွေ့ရတယ်လို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။ တချို့ဟာ မျက်စိ မပါတော့ဘူး၊ တချို့ကတော့ လျှပ်စစ်ရှော့ရိုက်ခံထားရတယ် လို့လည်း ဆိုပါတယ်။
ဒီအထောက်အထားတွေဟာ ဆွေးနွေးပွဲ မတိုင်ခင် ရက်အနည်းငယ်အလိုမှာ ထွက်ပေါ်လာတာ ဖြစ်တဲ့ အတွက် စနစ်ကျတဲ့ နိုင်ငံရေး ထိုးနှက်ချက် တခု ဖြစ်သလို ဒီအထောက်အထားတွေရဲ့ ဂယက်ဟာ
ဆွေးနွေးပွဲကို အများကြီး သြဇာသက်ရောက်စေမှာလည်း ဖြစ်ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ဆီးရီးယား သမ္မတကို ဖြုတ်ချဖို့ အမေရိကန်ပြော"