၂၀၁၅မတိုင်မီ လက်မှတ်ရေးထိုးဖို့ အစိုးရဘက် အကျပ်အတည်း အချို့ရှိနေ
တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား လက်မှတ်ရေးထိုးခြင်းမှာ ၂၀၁၅ ခုနှစ်မတိုင်မီ ဖြစ် လာနိုင်သော်လည်း အစိုးရအဖွဲ့အတွင်း အကျပ် အတည်းအချို့ ရှိနေကြောင်း KNU ထိန်းချုပ် နယ်မြေ၌ ပြုလုပ်နေသော လော်ခီး လာညီလာခံသို့ တက်ရောက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက The Daily Eleven သို့ ပြောကြားသည်။
“ကျွန်တော်တို့ မှန်းတာကတော့ ဒီအစိုးရသက်တမ်းမှာ ပုံစံတစ်မျိုးမျိုးနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ ရသွားလိမ့်မယ်။ ရသွားပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ ဆိုင်းဘုတ်၊ စင်မြင့်တစ်ခုတော့ ပေါ်လိမ့်မယ်လို့ ထင်တယ်” ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ တွဲဖက် အတွင်းရေးမှူးနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက The Daily Eleven သို့ ပြောကြားသည်။
“အပစ်အခတ်ရပ်စဲရေးက ၂၀၁၅ မတိုင်မီမှာ ပြီးကိုပြီးနိုင်တယ်။ ပြီးတော့ အစိုးရဘက်လည်း လိုက်လျော ညီထွေမှု ရှိလာမယ်ဆိုရင် ပြီးနိုင်တယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) ၏အဓိပတိကောင်စီဝင်နှင့် NCCT အဖွဲ့ဝင်ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် လော်ခီးလာညီလာခံ၌ ဆွေးနွေးနေသော အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အစိုးရဘက်က လက်မှတ်ရေးထိုးစေလိုကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။ သို့သော် သမ္မတ ဦးသိန်းစိန် အစိုးရတွင် အကျပ်အတည်းရှိနေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ဘက်ကတော့ အခုမူကို ထိုးစေချင်တယ်။ အစိုးရဘက်က အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် သုံးစုခွဲလိုက်ရင် အစိုးရဘက်က အလုပ်ဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်။ ဦးသိန်းစိန်နဲ့ ဦးအောင်မင်းတို့က သူတို့ရဲ့ သက်တမ်းမှာ ရလဒ်ကြီးကြီးတစ်ခု ဖော်ချင်တယ်။ သူတို့ကတော့ ကြိုးပမ်းနေတယ်။ ဒါပေမဲ့ သူတို့ကျွန်တော်တို့ကို နားချရတာ လွယ်တယ်။ ဒါပေမဲ့ လွှတ်တော်နဲ့ တပ်မတော်ကို သူတို့ပြန်နားချရတာ ခက်နေတယ်။ ဒါသူတို့အကျပ်အတည်း။ ဗြောင်ပြောတယ်။ တိုင်းရင်းသားနဲ့က ဒါဖြုတ်လိုက်၊ ဒါဖြုတ်လိုက်ဆိုပြီးလွယ်တယ်။ ဟိုဘက်မှာ ညှိရတာ ပိုခက်တယ်။ ဟိုဘက်က သူတို့ပြန်ညှိရလွယ်အောင် ကျွန်တော်တို့ ပြန်စဉ်းစားရတယ်။ သူတို့ ဟိုဘက်ပြန်တိုးရင် ဟိုဘက်က ပြန်ပြီးခါချတယ်။ ခါချရင် သူတို့အလုပ်မဖြစ်မှာ သူတို့ကြောက်တယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။
“ဘယ်လိုဖြစ်ဖြစ် နှစ်ဖက်စလုံးကလိုချင်တဲ့ ကိစ္စဖြစ်နေတယ်။ ပါတဲ့ အချက်အလက်ကိုပဲ ဈေးဆစ်နေတာ။ ဦးတည်ချက်က တစ်ခုပဲ။ တစ်ခုခု ရချင်တယ်ဆိုတာ အချက်အလက်ပဲ ညှိနေကြတော့ သိပ်တော့မခက်ဘူး။ တကယ့်ကို ပြည်ထောင်စုရသွားတာ၊ မရသွားတာ အပထား။ အဆင့်တစ်ခု ရစေချင်တဲ့ ဆန္ဒက သွားတူနေတယ်။ ကျွန်တော်တို့ဘက်ကကျတော့ ဆန္ဒသွားတူတာနဲ့ မလုံလောက်ဘူး။ တကယ်ပဲ ဖက်ဒရယ်စနစ်ကို ဦးတည်မယ်ဆိုတာ ခိုင်မာစေချင်တယ်။ သူတို့ဘက်ကတော့ ဟိုဘက်ကို ဒီလောက် focus မလုပ်ဘူး။ တစ်ဖြတ်ဖြတ်နိုင်အောင်ပဲ များနေတယ်”ဟု ၎င်းကပြောကြားသည်။___EMG


0 မှတ်ချက်များ for "၂၀၁၅မတိုင်မီ လက်မှတ်ရေးထိုးဖို့ အစိုးရဘက် အကျပ်အတည်း အချို့ရှိနေ"