အအေးဓာတ်လွန်ကဲမှုကြောင့် အမေရိကန်မှာ လူ၉ ဦး သေ
အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများမှ စတင်ခဲ့သော ဆောင်း တွင်း အအေးဓာတ် လွန်ကဲမှုများမှာ အင်္ဂါနေ့ကစပြီး အရှေ့ပိုင်းဒေသသို့ ပျံ့နှံ့ရောက်ရှိကာ ဆယ်စုနှစ်များ အတွင်း စံချိန်တင်အဆင့်သို့ ရောက်ရှိသွားခဲ့ရာမှ လူကိုးဦး သေဆုံးသွားခဲ့ကြောင်း၊ အအေးဓာတ် လွန်ကဲမှုကြောင့် လေကြောင်းလိုင်းနှင့် ကုန်လမ်း ပို့ဆောင်ရေး လုပ်ငန်းများ ပြတ်တောက်သွားခဲ့ခြင်း၊ လောင်စာဈေးနှုန်း မြင့်တက်သွားခြင်းနှင့် အိုးမဲ့အိမ်မဲ့များ အကျပ်ဆိုက်ရခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်အရ သိရသည်။
ရက်ပိုင်းအတွင်း မကြုံစဖူး အအေးဓာတ် လွန်ကဲလာမှုနှင့်အတူ ညအပူချိန်မှာ ၂၅ မှ ၃၅ ဒီဂရီဖာရင်ဟိုက် ၉၁၄ မှ ၁၉ ဒီဂရီစင်တီဂရိတ်)သို့ ရောက်ရှိလာချိန်တွင် ဓာတ်အားစက်ရုံအချို့ ရပ်နားခဲ့ရသဖြင့် အဆိုပါဒေသရှိ မာရသွန် ရေနံကုမ္ပဏီနှင့် အက်ဇွန်ရေနံကုမ္ပဏီ အပါအဝင် ရေနံချက်စက်ရုံများ ပိတ်ထားလိုက်ရကြောင်း၊ တစ်ချိန်တည်းမှာပင် အမေရိကန် ပြည်ထောင်စုရှိ ပြည်နယ်အများစုမှာ အအေးဓာတ်လွန်ကဲမှုဆိုင်ရာ ကြိုတင်သတိပေးကြေညာချက်များ ထုတ်ပြန်ထားရကြောင်း အဆိုပါ သတင်း၌ ဖော်ပြထားသည်။
နေ့ချင်းညချင်း အအေးဓာတ်လွန်ကဲမှုကြောင့် ဓာတ်အားစက်ရုံအချို့ ရပ်ထားလိုက်ရချိန်တွင် အုတ္ကလာ အိုမာပြည်နယ်အတွင်း ပရိုပိန်းဓာတ်ငွေ့ပို့လွှတ်မှုပါ ပြတ်တောက် သွားခဲ့ရာ ပြည်နယ် အုပ်ချုပ်ရေးမှူး မာရီဖော်လင်က အရေးပေါ် အခြေအေနေတစ်ရပ် ထုတ်ပြန်ကြေညာကာ အဆိုပါ ပြည်နယ်အတွင်း ပရိုပိန်းဓာတ်ငွေ့များ ပို့ဆောင်ပေးကြရန်သက်ဆိုင်ရာ ပို့ဆောင်ရေးကုမ္ပဏီများသို့ မေတ္တာရပ်ခံ ထားရကြောင်း သိရသည်။


0 မှတ်ချက်များ for "အအေးဓာတ်လွန်ကဲမှုကြောင့် အမေရိကန်မှာ လူ၉ ဦး သေ"