တူနီးရှားနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ ဝန်ကြီးချုပ် နှုတ်ထွက်

တူနီးရှားနိုင်ငံမှာ လတွေနဲ့ချီ ရှေ့တိုး မရဖြစ်နေ တဲ့ နိုင်ငံရေး အကျပ်အတည်းကို အဆုံးသတ်နိုင်ဖို့နဲ့ ကြားဖြတ်အစိုးရကို ဒီနှစ်ကျင်းပမယ့် ရွေးကောက် ပွဲတွေကို ကြီးကြပ်ဖို့ဆိုတဲ့ အစီအစဉ်အတိုင်း ၀န်ကြီး ချုပ် Ali Larayedh က ရာထူးကနေ နှုတ်ထွက်လိုက် ပါတယ်။ 

သူ့ရဲ့ နှုတ်ထွက်စာကို သမ္မတ MOncef Marzouki ကို တင်ပြထားတဲ့အကြောင်း ၀န်ကြီးချုပ် Larayedh က ကြာသပတေးနေ့က သတင်းထောက်တွေ ကို ပြောခဲ့တာပါ။ 

 ကြားဖြတ် ၀န်ကြီးချုပ် Mehdi Jomaa က သူ့နေရာမှာ အစားထိုး တာဝန်ယူ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနှစ်နှောင်းပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေ ကို ကြီးကြပ်ဖို့ အတွက် ရွေးကောက်ပွဲ ကော်မရှင် တရပ် ကိုတော့ တူနီးရှားရဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ညီလာခံကနေ ရွေးချယ်လိုက်ပြီဖြစ်ပါတယ်။ 

တူနီးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူထု လှုပ်ရှားမှု တွေကြောင့် ၂၀၁၁ ခုနှစ်အတွင်း အီဂျစ်နဲ့ လစ်ဗျားနိုင်ငံတွေ မှာပါ လူထု လှုပ်ရှားမှုတွေ ဖြစ်လာတဲ့အထိ အာရပ် နွေဦး ဒီမိုရေစီရေးလှုပ်ရှားမှုတွေ ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ်။ 

ဒါပေမဲ့ အာဏာရှင် Zine el-Abidine Ben Ali ကို ဖယ်ရှားခဲ့တဲ့ တူနီးရှားရဲ့ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးမှာ အစ္စလာမ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ၊ အစ္စလာမ်အစွန်းရောက် အဖွဲ့တွေရဲ့ ပြဿနာတွေနဲ့ ဗျာများနေခဲ့ရတာ ဖြစ်ပါတယ်။ 

 နောက်တက်လာမယ့် တူနီးရှား နိုင်ငံရေး ခေါင်းဆောင်တွေ အတွက်တော့ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ တိုင်းပြည်ရဲ့စီးပွားရေး၊ လူနေမှုစရိတ် ကြီးမြင့်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းရဖွယ် ရှိနေပါတယ်။___ဗွီအိုအေ

0 မှတ်ချက်များ for "တူနီးရှားနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ ဝန်ကြီးချုပ် နှုတ်ထွက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++