လယ်ယာမြေ သိမ်းခံရတဲ့ ပအိုဝ်းတောင်သူများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေ

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကျောက်တစ်လုံး မြို့နယ်ခွဲ နောင်ကားကျေးရွာမှာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNO သိမ်းယူထားတဲ့ ယာမြေဧက ၂၀
ကျော်ပြန်ရဖို့ မြေဆုံးရှုံးခဲ့တဲ့ ပအိုဝ်းတိုင်းရင်းသား
တောင်သူ ၂၅ ယောက်လောက်က ဒီနေ့ မနက်ပိုင်း က ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ကြ ပါတယ်။

စားဝတ်နေရေး အခက်အခဲ တွေကြောင့် အသိမ်ခံ ထားရတဲ့ ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးတာလို့
နောင်ကား ကျေးရွာက မြေဆုံးရှုံးထားတဲ့ တောင်သူ တစ်ဦးဖြစ်သူ ဦးခြမ်းက စကားပြန်က တစ်ဆင့် အခုလို ပြောပါတယ်။

“အားလုံး ယူသိမ်းသွားတဲ့ အတွက် သားသမီးတွေက ပညာမသင်ရတော့ဘူး၊ အဲဒီ သားသမီး မသင်တာ ကတော့ ပြီးသွားပြီ၊ ဒါပေမယ့် မြေးအလှည့်တော့ ကျန်သေးတယ်တဲ့၊ ဒီဟာတွေပြန်ရလို့ရှိရင် မြေး အတွက် ကျောင်းတွေဘာတွေ ထားပေးမယ်၊ စားစရိတ်တွေ ဖူလုံဖို့ လုံလုံလောက်လောက်ရှိဖို့အတွက် သူတို့ဒီမြေတွေကို ပြန်လိုချင်တယ်၊ ဒီမြေမရတော့ အစာငတ်ခံရမလို ဖြစ်နေတယ်တဲ့၊ အဲဒါကို ဒီမြေ ရလို့ရှိရင် စားသောက်ဖို့ပြန်လုပ်မယ်”

အဲ့ဒီယာမြေ ဧက ၂၀ လောက်ကို ၁၉၉၇ ခုနှစ်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က သိမ်းယူလိုက်ပြီး အခုလက်ရှိ နောင်ကားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၊ စာကြည့်တိုက်၊ ကျေးလက်ဒေသဖံွ့ဖြိုးရေး သင်တန်းကျောင်းနဲ့ လျှပ်စစ်ဓာတ်အားခွဲရုံ စတဲ့ အဆောက်အဦးတွေကို တည်ဆောက်ထားပါတယ်။

ဒီနေ့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေကြတဲ့ တောင်သူတွေက အဲ့ဒီယာမြေပေါ်က ခြံစည်းရိုးတွေကို ဖျက်ဆီး လိုက်ကြပါတယ်။ ပအိုဝ်းတောင်သူတွေက ယာမြေတွေ ပြန်ပေးဖို့ PNO အဖွဲ့ဆီမှာ အကြိမ်ကြိမ်တောင်းဆို ခဲ့တယ်လို့ ပြောပါတယ်။ ဒီကိစ္စအတွက် နိုင်ငံတော်သမ္မတ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆီကိုလည်း တိုင်ကြားစာ
ပေးပို့ခဲ့ဖူးတယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ရုံးကို RFA က သွားရောက်မေးမြန်း ရာမှာ ဖြေဆိုဖို့ငြင်းပါတယ်။___အာအက်ဖ်အေ

0 မှတ်ချက်များ for "လယ်ယာမြေ သိမ်းခံရတဲ့ ပအိုဝ်းတောင်သူများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++