သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်ပြီး ကယန်းအဖွဲ့အစည်းများ သဘောထားကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံမှာ ၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်း စဉ်နဲ့ ပတ်သက်ပြီး ခွန်းလောရင်း (ကယန်း တိုင်းရင်းသားရေရာဝန်ကြိး ရှမ်းပြည်နယ်အစိုးရ အဖွဲ့)၊ ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော် မတီ(KLCC)၊ ကယန်းအမျိုးသားပါတီ၊ ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီပြည်သူ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ (KNPLF)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကယန်းမျိုးဆက်သစ်လူငယ် (KNGY)၊ ကယန်း အမျိုးသမီး များ အစည်းအရုံး (KyWO)၊ စတဲ့ ကယန်းအမျိုးသားအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းများတို့ က သဘောထားကြေညာချက် တစ်စောင်ကို ဇန်န၀ါရီလ (၁၁)ရက်နေ့မှာ ထုတ်ပြန်သည်။

ကြေညာချက်ထဲမှာ ကယန်း (Kayan) တိုင်းရင်းသားလူမျိုးကို သီးခြား code တခုတည်းဖြင့် ထည့်သွင်းပေး ရန်၊ ကယန်းလထာ၊ ကယန်းကခေါင်း၊ ကယန်းဂေခိုနှင့် ကယန်းကငန်တို့ကို ကယန်း(Kayan) တိုင်းရင်း သား လူမျိုးထဲမှာ ထည့်သွင်းပေးရန် တောင်းဆိုသလို ကယန်းတိုင်းရင်းသား  လူမျိုးကို အင်္ဂလိပ် ဘာသာဖြင့် Kayan ဟု စာလုံးပေါင်းပေးရန် တောင်းဆိုလိုက်သည်။

ယခင် ခေတ်အဆက်ဆက်မြန်မာစစ်အစိုးရက ကယန်းနွယ်စု (၄)ခုဖြစ်တဲ့ ကယန်းလထာကို ဇယိမ်း (Zayien – code 204)၊ ကယန်းကခေါင်းကို ကယန်း(ပဒေါင်) KaYun (Padaung) – code 203)၊ ကယန်းဂေခိုကို ဂေခို (Gheko – 204)နှင့် ကယန်းကငန်ကို ယင်းဘော် (Yin Baw – code 209) ဟူ၍ ကယားမျိုးနွယ်စုဝင်အဖြစ် (၄)စိတ် ခွဲခြမ်းကာ ဖော်ပြထာတဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေနိုင်ကြောင်း ထောက်ပြ ထားပြီး လွဲမှားစွာ သတ်မှတ်ထားခြင်းဟာ တိုင်းရင်းများအကြား အထင် အမြင်လွဲစေခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေခြင်း စတဲ့ ရလဒ်ဆိုးများကို မုချပေါ်ပေါက်စေနိုင်တယ်လို့ ကြေညာချက် ထဲမှာ ထောက်ပြသည်။

၁၉၉၀ ခုနှစ်၊ ပါတီစုံရွေးကောက်ပွဲတွင် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ရတဲ့ ခွန်းမာတ်ရ်ကိုဘန်ကလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးတခုဖြစ်တဲ့ ကယန်း (Kayan) လူမျိုးဟာ ကရင်နီအမျိုးသားအုပ်စုတွင်ပါဝင်ပြီး ကရင်၊ ပအိုဝ်တို့နှင့်အတူ ရှေးသမိုင်းတွင် ကမ်းယံအုပ်စုမှ ဆင်းသက်လာခဲ့ကြောင်း၊ ကယန်းကခေါင်း၊ ကယန်းကငန်၊ ကယန်းဂေခိုနှင့် ကယန်းလထဟူသော မျိုးနွယ်စု (၄)ခု ရှိသော်လည်း တခုတည်းသော စာပေသည် ယာဉ်ကျေးမှု ဓလေ့ထုံးတမ်းရှိတဲ့အတွက် ကယန်းဟူသော လူမျိုးတခုတည်းအဖြစ် ခံယူကြကြာင်း ဆိုသည်။

သန်းခေါင်စာရင်းကောက်ခံရာတွင် လူမျိုးကြီးစွဲ၊ ဘာသာစွဲတွေ ကင်းရှင်းပြီး လူမျိုးနှင့် လူဦးရေးတွေ တကယ်တိကျ မှန်ကန်တဲ့ သန်းခေါင် စာရင်းဖြစ်ဖို့ တိုင်းပြည်အတွက်လိုအပ်နေတယ်လို့လည်း ထပ်လောင်ပြောသည်။

0 မှတ်ချက်များ for "သန်းခေါင်စာရင်း ကောက်ယူရေးနဲ့ ပတ်သက်ပြီး ကယန်းအဖွဲ့အစည်းများ သဘောထားကြေညာချက် ထုတ်ပြန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++