ပင်လုံကဲ့သို့ ညီလာခံ ကျင်းပနိုင်ရေး လူငယ်အင်အားစု ကြိုးပမ်း
ကယားပြည်နယ်က လူငယ်အဖွဲ့အစည်းတွေ စုပေါင်းပြီး ပြည်နယ်အဆင့် အမျိုးသားညီလာခံကျင်းပပြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပင်လုံကဲ့သို့ ညီလာခံကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကို ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
ရှစ်လေးလုံး ငွေရတုကော်မတီကလည်း ပင်လုံညီလာခံလို အနှစ်သာရ ရှိတဲ့ ပြည်ထောင်စု ညီလာခံ ကျင်းပနိုင်ဖို့အတွက် လာမယ့် ဒီဇင်ဘာလ ထဲမှာ ကော်မတီတရပ် ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ဆုံးဖြတ်ချက် ချလိုက် ပါတယ်။
၎င်းကော်မတီကနေ ကြာခံအနေနဲ့ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ညှိုနှိုင်းပြီး ပင်လုံညီလာခံလို ပြည်ထောင်စု ညီလာခံ ကျင်းပနိုင်ဖို့ လိုက်လံ
ဆွေးနွေးပေးမှာဖြစ်တယ်လို့ ရှစ်လေးလုံး ငွေရတုကော်မတီအဖွဲ့ဝင် ဦးတိုးကျော်လှိုင် က ပြောပါတယ်။
လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများကို အဓိကထားပြီးတော့ စုစည်းတာဖြစ်တဲ့အတွက်
ကော်မတီ ထဲမှာ နိုင်ငံရေးပါတီတွေ မပါဝင်သင့်ကြောင်းကို ပထမအဆင့်က ကျနော်တို့ ဆုံးဖြတ်ထားတာရှိပါတယ်။ ဒါပေမယ့်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ဦးတည်ပြီး သွားမှာဖြစ်တဲ့ အတွက် နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ အားလုံးနဲ့ ပေါင်းစပ်ပြီး လုပ်ကိုင်ရမှာပါ။ နောက်ပိုင်း ဖွဲ့စည်းမယ့် ကော်မတီထဲမှာတော့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို ထည့်သွင်း မှာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက ကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရတု ကြေညာချက်တွေထဲမှာ ပါဝင်တဲ့ ပြည်ထောင်စု ညီလာခံ ကျင်းပနိုင်ရေး ဆိုတဲ့အချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
0 မှတ်ချက်များ for "ပင်လုံကဲ့သို့ ညီလာခံ ကျင်းပနိုင်ရေး လူငယ်အင်အားစု ကြိုးပမ်း"