ဥရောပရဲ့ လူငယ် သွေးသစ်များ မွေးဖွားရာ ကလပ် ( Man U ?, Arsenal ?, Barca ? or ? )
မန်ချက် စတာ ယူနိုက်တက် အသင်းဟာ အရည် အသွေးမြင့် ငယ်မွေးခြံပေါက် ကစားသမားတွေ ကို မွေးထုတ်ပေးတဲ့နေရာမှာ အကောင်းဆုံး မှတ်တမ်းတွေ ရရှိထားတဲ့ အင်္ဂလိပ်ဘောလုံး ကလပ် တစ်ခု ဖြစ်ပြီး လက်ရှိမှာ ဥရောပ ထိပ်တန်းလိဂ် ငါးခုမှာ ကစားနေတဲ့ မန်ယူ လူငယ် အကယ်ဒမီ ကျောင်းဆင်း ကစားသမား ၂၄ ဦး ကို မွေးထုတ်ပေး ထားပါတယ်။ နောက်ပြီး အသင်းရဲ့ ပထမ ဆယ့်တစ်ယောက် လူ စာရင်းမှာလည်း ရိုင်ယန် ဂစ်၊ ဒန်နီ ဝဲဘက်ခ်နဲ့ တွမ် ကလီဗာလေတို့ အပါအဝင် ငယ်မွေးခြံပေါက် ကစားသမား ၉ ဦးကို ထည့်သွင်း ကစားလျက် ရှိပါတယ်။
ဒါပေမဲ့ ဥရောပမှာရှိတဲ့ ထိပ်တန်း အသင်းများ အနက် အသင်းရဲ့ ပထမ ဆယ့်တစ်ယောက် လူစာရင်း အတွက် ငယ်မွေးခြံပေါက် ကစားသမားတွေ ကို ထောက်ပံ့ပေး တဲ့နေရာ မှာ ဦးဆောင်နေတဲ့ အသင်း ကတော့ စပိန်ကလပ် အသလက်တစ်ဘီဘာအို ဖြစ်တယ်လို့ FourFourTwo မဂ္ဂဇင်းရဲ့ သုတေသန စစ်တမ်းမှာ ဖော်ပြထား ပါတယ်။ ဒီအသင်းဟာ အသက် ၁၅ နှစ်ကနေ ၂၁ နှစ်အတွင်း ရှိတဲ့ ငယ်မွေးခြံပေါက် ကစားသမား ၁၆ ဦးကို အသင်းမှာ အနည်းဆုံး သုံးနှစ် ထည့်သွင်း ကစားစေ ခဲ့တယ်လို့ ဆိုပါတယ်။
ဘာစီလိုနာနဲ့ ၎င်းရဲ့ နာမည်ကျော် လာမာစီရာ အကယ်ဒမီကျောင်း ကတော့ ဒုတိယနေရာမှာ ရှိပြီး စီနီယာ အသင်း အတွက် ကစားသမား ၁၄ ဦးကို မွေးထုတ်ပေး ခဲ့ပါတယ်။ အဲ့ဒီ ကစားသမားတွေ ထဲမှာ ဇာဗီ၊ အင်ဒရီ အင်နီယေစတာနဲ့ လီယွန်နယ် မက်ဆီတို့ ပါဝင် ပါတယ်။ ရီးယဲလ် ဆိုစီဒက် ကလည်း အလားတူ အရေအတွက် အတိုင်း ကစားသမားတွေကို မွေးထုတ်ပေး ထားပြီး အဲ့ဒီ ကစားသမားများ အနက် ၇ ဦးကတော့ အသင်း တည်ရှိတဲ့ ဂွီပတ်စ်ကိုရာ စီရင်စုမှာ မွေးဖွားသူများ ဖြစ်ကြပါ တယ်။
မန်ချက်စတာ ယူနိုက်တက် ကတော့ ထိပ်တန်း ၁၀ သင်းစာရင်းမှာ ပါဝင်တဲ့ တစ်ခုတည်းသော အင်္ဂလိပ် ကလပ် ဖြစ်ပါတယ်။ ပြင်သစ် ကလပ်များ ဖြစ်တဲ့ မောင့်ပယ်လီယာ၊ ဆိုချော့ခ် မောင့်ပယ်လီယာ့ဒ်၊ လိုင်ယွန် နဲ့ ဘော်ဒိုးတို့ ကလည်း သူတို့ရဲ့ လူငယ် ကစားသမား ဖွံ့ဖြိုးမှု စွမ်းရည်ကို ပြသ ခဲ့ကြပါတယ်။
ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ငယ်မွေးခြံပေါက် ကစားသမားတွေ ကို ထည့်သွင်း ကစားတဲ့ နေရာမှာ ဥရောပ ထိပ်တန်း လိဂ် ငါးခုဖြစ်တဲ့ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ လီဂူးဝမ်း မှာရှိတဲ့ အသင်းများ အနက် စတုတ္ထ နေရာမှာ ရပ်တည်နေ ပါတယ်။ နောက်ပြီး အသင်းက မွေးထုတ်ပေး လိုက်တဲ့ အချို့သော လူငယ်ကစားသမားများ ဟာလည်း အခြား ဥရောပ လိဂ်တွေမှာ ကစားလျက် ရှိပါတယ်။
ဥရောပ လိဂ်တွေမှာ ကစားနေတဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေ ကို မွေးထုတ်ပေးနိုင်ဆုံး အသင်း ကတော့ စပိန် ကလပ် ဘာစီလိုနာ ဖြစ်ပါတယ်။ လာမာစရီယာ အကယ်ဒမီ ဟာ မယုံကြည်နိုင်လောက်အောင် ကစားသမား ၃၈ ဦးကို မွေးထုတ်ပေးနိုင် ခဲ့ပြီး ဥရောပ ဘောလုံးလောကမှာ ထိပ်ဆုံး ကနေ ရပ်တည်နိုင် ခဲ့ပါတယ်။ လိုင်ယွန် ကတော့ ထိပ်တန်း ကစားသမား ၃၂ ဦးကို မွေးထုတ်ပေး ခဲ့ပြီး ရီးယဲလ် မက်ဒရစ်က ၂၉ ဦးနဲ့ ဘာစီလိုနာရဲ့ နောက်မှာ ရပ်တည်နေ ပါတယ်။
ဒါပေမဲ့ အချို့သော ကလပ် အသင်းတွေ ကတော့ သူတို့ရဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေ ကို အသင်းမှာ ဆက်လက် ကစားစေနိုင်ခြင်း မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဘဏ္ဍာရေး အခက် အခဲကြောင့် ကြယ်ပွင့် ကစားသမားများ အတွက် လုပ်ခလစာ ပေးချေရာတွင် အခက်အခဲ ရှိခြင်း၊ ရီးယဲလ် မက်ဒရစ် ကဲ့သို့သော အသင်းကြီး များမှ ကမ်းလှမ်းခြင်း စတဲ့ ကိစ္စရပ် များကြောင့် ဖြစ်ပေါ် ရခြင်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ ဥရောပ ထိပ်တန်း လိဂ်ငါးခုရှိ အသင်းများမှာ ကစားနေတဲ့ ငယ်မွေးခြံပေါက် ကစားသမား တွေကို အများဆုံး မွေးထုတ်ပေးတဲ့ အသင်းဖြစ် ပါတယ်။ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ၂၄ ဦးဟာ အခြား ဥရောပ ကလပ်များထံ ပြောင်းရွှေ့ကစား ခဲ့ကြပြီး လိုင်ယွန်နဲ့ ရီးယဲလ် မက်ဒရစ် နှစ်သင်း စလုံးက ကစားသမား ၂၁ ဦး ကိုလည်း ဥရောပ ထိပ်တန်း ကလပ်တွေမှာ ကစားနေကြ တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ရီးယဲလ် မက်ဒရစ်ဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ်က ဂလက်တီကို ကြယ်ပွင့် ကစားသမားများ ကို ခေါ်ယူခဲ့သော ကြောင့် အရည်အချင်း ရှိတဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေ အတွက် အခွင့် အရေးတွေ ကန့်သတ် ခံခဲ့ရ ပါတယ်။ ဒါကြောင့် မက်ဒရစ်ရဲ့ ကတ်စ်တီလာ လူငယ် စီမံကိန်းက ထွက်ပေါ် လာတဲ့ ချဲလ်ဆီးက ဂျူအန် မာတာ၊ မန်ချက်စတာ စီးတီး အသင်းက ဂျာဗီ ဂါစီယာနဲ့ ဆီဗီလာက အယ်ဗာရို နီဂရီဒို တို့ဟာ အမေ့ခံ ငယ်မွေးခြံပေါက် ကစားသမားများ ဖြစ်ခဲ့ကြ ပါတယ်။
ဒီအပိုင်းမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိုးထရတ်ဖို့ဒ်မှ ထွက်ခွာပြီး ဥရောပ ထိပ်တန်း လိဂ်ငါးခုမှာ ကစားနေတဲ့ ငယ်မွေးခြံပေါက် ကစားသမား ၁၅ ဦးနဲ့ အင်္ဂလန်မှာ ဦးဆောင်နေ ပါတယ်။ အာဆင်နယ် ကတော့ အာဆင်နယ် အကယ်ဒမီ က မွေးထုတ်ပေး လိုက်တဲ့ ကစားသမား ၆ ဦးကို ပထမ လူစာရင်းမှာ ထည့်သွင်း ကစားလျက် ရှိပြီး ကစားသမား ၁၄ ဦးကတော့ ဥရောပ ထိပ်တန်း လိဂ်တွေ မှာရှိတဲ့ ပြိုင်ဘက် ကလပ် အသင်းများထံ ရွှေ့ပြောင်းသွား ခဲ့ပါတယ်။
အချို့သော အသင်း ပရိသတ်တွေ ကတော့ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမားတွေကို အသင်းမှာ ထည့်သွင်း ကစားခွင့် မရဘဲ အင်တာမီလန်၊ ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး တို့လို့ ငွေကြေး သုံးစွဲနိုင်တဲ့ ဥရောပ ကလပ်များထံ လွှဲပြောင်းပေးလိုက် ရတဲ့ အတွက် စိတ်ပျက်စရာ ဖြစ်နိုင် ပါတယ်။ နောက်ပြီး ဒီ ကလပ် သုံးသင်းဟာ အသင်းရဲ့ လူစာရင်း အတွက် ငယ်မွေးခြံပေါက် ကစားသမားတွေ ကို ရှာဖွေနေရပေမယ့် အသင်းရဲ့ အကယ်ဒမီတွေ က မွေးထုတ်ပေး ထားတဲ့ ကစားသမား အနည်းဆုံး ၁၀ ဦးခန့် ဟာလည်း ဥရောပ ထိပ်တန်း လိဂ်တွေမှာ ရှိတဲ့ ပြိုင်ဘက် အသင်းတွေမှာ ကစားလျက်ရှိ ကြောင်းတွေ့ရှိ ရပါသည်။ _မြန်မာစရိုက်ကာ
Ref : Which European club features the most homegrown talent? By Adam Crafton – Dailymail

0 မှတ်ချက်များ for "ဥရောပရဲ့ လူငယ် သွေးသစ်များ မွေးဖွားရာ ကလပ် ( Man U ?, Arsenal ?, Barca ? or ? )"