FIFA မှ ပေးအပ်သည့် ဆုသည် မဲလိမ်မဲခိုးများနှင့် လုပ်ကြံဆုများသာ ဖြစ်ဟု မော်ရင်ဟို စွပ်စွဲ
ဇူးရစ်တွင် ကျင်းပသော ဖီဖာ၏ Ballon d’Or ဆုပေးပွဲမှ ဆုများသည် မဲလိမ်များဖြင့် ပေးအပ်သော ဆုများ ဖြစ်သည်ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
ပြီးခဲ့သော ဇန်နဝါရီလတွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်၌ ဖီဖာအကောင်းဆုံး ဆုများကို ပေးအပ်ပွဲ အခမ်းအနား
ပြုလုပ်ခဲ့သည်။ ယင်းပွဲတွင် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုအတွက် စကာတင် သုံးဦးစာရင်းတွင်
ပေါ်တူဂီသား မန်နေဂျာ မော်ရင်ဟို ပါဝင်ခဲ့သော်လည်း ၎င်းသည် ဆုပေးပွဲကို သွားရောက် ပူးပေါင်းခဲ့ခြင်း မပြုလုပ်ခဲ့ချေ။ ဇူးရစ်သို့ ခရီးမထွက်ခဲ့ခြင်းသည် ဆယ်လ်တာဗီဂိုနှင့် ဘုရင့်ဖလားပွဲစဉ် အတွက် ပြင် ဆင်နေရခြင်းကြောင့်ဟု မော်ရင်ဟိုက အကြောင်းပြခဲ့ဖူးသော်လည်း ယခုတွင် လုပ်ကြံဆုအဖြစ် သိရှိထား ၍ မသွားခဲ့ခြင်း ဖြစ်ကြောင်း ပြန်ပြောင်း ပြောဆိုသည်။
မော်ရင်ဟိုက ၎င်းကို ထောက်ခံမဲပေးထားသူများ၏ မဲများသည် မဲစာရင်းတွင် နာမည် ပြောင်းသွားခဲ့ကြောင်း၊ ယင်းနှင့်ပတ်သတ်၍ မဲပေးထားသူ ကာယကံရှင်များ ကိုယ်တိုင် ၎င်းကို ဆက်သွယ် အသိပေးခဲ့ကြောင်း ဖွင့်ဟသည်။ ထို့ကြောင့် မော်ရင်ဟို၏ မဲအရေအတွက် နည်းသွားခဲ့ကာ စပိန်နည်းပြ ဖြစ်သူ ဒယ်ဘော့စ်ကေးက အဆိုပါ အကောင်းဆုံး နည်းပြဆုအား ဆွတ်ခူးသွားခဲ့သည်။ ပေါ်တူဂီသား က “ကျွန်တော့်ကို မဲပေးထားသူ နှစ်ယောက် သုံးယောက်လောက်က ဖုန်းဆက်ပြီး ပြောပါတယ်။ သူတို့ ကျွန်တော့်အတွက် မဲပေးထားကြောင်းပေါ့။ ဒါပေမယ့် မဲစာရင်းမှာ သူတို့ပေးထားတဲ့ နာမည်တွေ ပြောင်းလဲကုန်တယ်လို့ ဆိုပါတယ်။” ဟု ဆိုသည်။
“ဒါ့ကြောင့် ကျွန်တော်ဆုပေးပွဲကို မသွားခဲ့တာပါ။ ဖီဖာဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ရွေး ချယ်ရာမှာ မသမာမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကျွန်တော် စွပ်စွဲလိုက်ပါမယ်။ သူတို့မှာ ပွင့်လင်းမြင်သာမှု မရှိဘူး။ သူတို့ရဲ့ မသမာမှုကို ဖီဖာကိုယ်တိုင် သိပါတယ်။” ဟု ပေါ်တူဂီသား နည်းပြက Fifa ကို ဝေဖန် တိုက်ခိုက်လိုက်သည်။
အဆိုပါဆုပေးပွဲတွင် စပိန်အသင်းနှင့် ယူရိုဖလားရထားသော ဒယ်ဘော့စ်ကေးက မဲအရေအတွက် ၃၄.၅၁ ရာနှုန်းဖြင့် အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့ကာ၊ မော်ရင်ဟိုမှာမူ ၂၀.၄၉ ရာနှုန်းသာ ရရှိခဲ့သည်။ မူပိုင်__ မြန်မာစရိုက်ကာ

0 မှတ်ချက်များ for "FIFA မှ ပေးအပ်သည့် ဆုသည် မဲလိမ်မဲခိုးများနှင့် လုပ်ကြံဆုများသာ ဖြစ်ဟု မော်ရင်ဟို စွပ်စွဲ"