ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း___ ခွန်ထွန်းဦး
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်
ခြင်း ဆွေးနွေးပွဲ (ရှမ်းပြည်နယ်/ ကယားပြည် နယ်) ဖွင့်ပွဲအခမ်းအနားတွင် SNLD ပါတီ ဥက္ကဋ္ဌမှ ပြောကြားသည့် အဖွင့်မိန့်ခွန်း
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှု တည်ဆောက်
ခြင်း ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက် လာကြတဲ့ အဖွဲ့အစည်းအသီးသီးမှ လူကြီးမင်းများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပဏာမ နှုတ်ခွန်းဆက်သလိုက်ရပါတယ်။
ဒီကနေ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်နေတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ထို့အတူ ကျနော်တို့ နိုင်ငံဟာ လူဦးရေပေါက်ကွဲမှု ဖြစ်ပွားနေပြီး ကျားမအချိုး မညီမျှမှုဖြစ်ပေါ်နေတဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံ နှစ်ခုရဲ့ကြားမှာ တည်ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းပြည်ရဲ့ သယံဇာတ အရင်းအမြစ်တွေဟာလည်း နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ကုန်ခန်းသွားတော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် လူမျိုးအသီးသီးရဲ့ ကိုယ်ပိုင်လက္ခဏာမပျောက်ပျက်စေပဲ ရှင်သန်ရပ်တည်သွားနိုင်ရေးဟာ အင်မတန်မှဘဲ အရေးကြီးတဲ့အချိန်ကို ရောက်ရှိနေ ပါတယ်။ နောင်လာ မယ့် မိမိတို့ရဲ့ မျိုးဆက်သစ် ကလေးငယ်တွေအတွက် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုမြန် မာနိုင်ငံအဖြစ် ချန်ထားရစ်ခဲ့ဖို့ အရေးဟာလည်း ကျနော်တို့ လူကြီးတွေရဲ့ တာဝန်ယူနိုင်မှုအပေါ်မှာ လုံးလုံးလျားလျားကြီး ကျရောက်နေပါတယ်။
ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ဖို့ဆိုတဲ့နေရာမှာ တစ်ဦးတည်း၊ တစ်ယောက်တည်း၊ တစ်ဖွဲ့တည်းက ဆောင်ရွက်လို့ မရနိုင်ပါဘူး။ တစ်ပါတီတည်းက လုပ်ဆောင်လို့လည်း မရနိုင်ပါဘူး။ ပြည်ထောင်စုအတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားတွေအားလုံး၊ နိုင်ငံရေးအင်အားစုတွေ အားလုံးက ဦးဆောင်ဦးရွက်ပြုပြီး ဝိုင်းဝန်း စုပေါင်း ကြိုးစား ဆောင်ရွက်ကြမှသာလျှင် ဖြစ်မြောက်
အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ အတင်းအကျပ်လုပ်ယူလို့ မရနိုင် ပါဘူး။ နားလည်မှုဖြင့်သာလျှင် ရနိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပြဿနာကို ကော်မတီလေးဖွဲ့စည်းပေးလိုက်ရုံနဲ့ အဆင်ပြေသွားမယ်လို့ လွယ်လွယ်တွေးလို့လည်း မဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုရင် စားပွဲဝိုင်းဆွေးနွေးပွဲတွေ အများကြီးလိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ကျဖို့လည်း လိုအပ်ပါတယ်။ စာရွက်ပေါ်မှာပဲ ငြိမ်းချမ်းရေးဖော်ဆောင်နေပြီး တကယ့်လက်တွေ့မှာ ဘာအကျိုးရလဒ်မှ ထွက်ပေါ်မလာတဲ့ ငြိမ်းချမ်းရေးမျိုးကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလို့ မခေါ်နိုင်ပါဘူး။
၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ ခေါင်းဆောင်တွေဟာ တန်းတူညီမျှတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်၍ မြန်မာ့လွတ်လပ်ရေးကို အတူတကွရယူကြမယ်လို့ ဆုံးဖြတ်ပြီး ပင်လုံသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။ ပင်လုံစာချုပ်အရ မြန်မာပြည်မနဲ့ တောင်တန်းသား တွေဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်တွေကြောင့်လည်းပဲ တိုင်းရင်းသားအချင်းချင်း ကြားမှာ စစ်မှန်တဲ့ အမျိုးသားသွေးစည်းညီညွတ်မှုအင်အားကို တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တောင်တန်းသားတွေဟာ လက်နက်နည်းလမ်းအားဖြင့် ပြည်ထောင်စုအတွင်း အတင်းအကျပ် သွတ်သွင်းခံရတာ မဟုတ်ဘဲ တန်းတူရေးမှုအရ၊ ပင်လုံစိတ်ဓာတ်အရ၊ ပင်လုံကတိကဝတ်အရ ပူးပေါင်းပါဝင်လာကြတာကို တွေ့ရမှာဖြစ်ပါတယ်။
တိုင်းရင်းသားအားလုံး ပြည်ထောင်စုအတွင်း ဥမကွဲ သိုက်မပျက်၊ အေးအတူ ပူအမျှ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ရေးဟာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်အပေါ်မှာ အခြေခံပါတယ်။ ထို့အတူပဲ လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးအပေါ် အလေးထားတဲ့၊ ပြည်ထောင်စုသားအချင်းချင်း အပြန်အလှန် လေးစားတဲ့၊ တန်းတူရေးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အခိုင်အမာ တည်ဆောက်နိုင်ကြမှသာလျှင် ဘယ်တော့မှ မပြိုကွဲနိုင်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီကနေ့ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားအရေးကိစ္စတွေကို ပြေ လည်အောင် မဖြေရှင်းနိုင်ဘူးဆိုတာ သိသာထင်ရှားနေပါတယ်။ ထို့အတူ လူထုဆန္ဒနဲ့အညီ ရေးဆွဲထားတဲ့ အခြေခံဥပဒေ မရှိသေးသရွေ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်မယ် မပြင်ဘူး၊ ပြန်ရေးမယ်မရေးဘူး ဆိုတာကတော့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒအပေါ်မှာ မူတည်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ထဲမှာက ပြန်လည်ပြင်ဆင်ရမှာတွေက အများကြီးဖြစ်သလို စာအုပ်အဖုံးကိုပါ ပြင်ရမယ့်သဘော ရှိနေပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲစဉ်ကတည်းက တိုင်းရင်းသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေကို မထည့်သွင်းခဲ့တဲ့အတွက် SNLD ပါတီဟာ စစ်အစိုးရက ဦးစီးကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားညီလာခံကို ကျောခိုင်းခဲ့ရပါတယ်။
လက်ရှိမှာ တိုင်းရင်းသားဒေသတွေမှာ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေရတာဟာ အဓိကအားဖြင့်တော့ အခြေခံဥပဒေရဲ့ ပျော့ညံ့ချက်တွေကြောင့်၊ စစ်တပ်ရဲ့အခန်းကဏ္ဍ ပါဝင်မှုများတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်တွေကြောင့် ဖြစ်ပါတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားအရေးပြဿနာတွေ ပြေလည်စေဖို့ဆိုရင် ဖက်ဒရယ်စနစ်နဲ့ မသွားလို့ကို မရနိုင်ပါဘူး။ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရတွေကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး တို့ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်ကို မရွေးချယ်ဘဲ အခြားသောနည်းလမ်းတွေနဲ့ ရှုပ်ထွေးနက်နဲတဲ့ တိုင်းရင်းသားအရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။
ဒီနေရာမှာ မိမိအနေနဲ့ ကြုံကြိုက်လို့ ပြောဆိုလိုတာကတော့ ဖက်ဒရယ်ဆိုတာ အာဏာရှင်အဆက်ဆက်က ဝါဒဖြန့်ခဲ့ကြသလိုမျိုး ခွဲထွက်ရေး မဟုတ်ပါဘူး။ ဖက်ဒရယ်ဆိုတာ မိမိတို့အတွက်ကတော့ ပေါင်းစည်းရေး ပါဘဲ။ ဒါကြောင့် လက်ရှိ ဖားတစ်ပိုင်း ငါးတစ်ပိုင်း ပြည်ထောင်စုကြီးဘဝကနေ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကြီး ပေါ်ပေါက်လာအောင် အတူတကွ ဝိုင်းဝန်းတည်ဆောက်ကြမှသာ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးစတဲ့ ပြဿနာတွေကို ပြေလည်စေနိုင်လိမ့်မယ်လို့ မိမိအနေနဲ့ ရိုးသားစွာ ယုံကြည်လျက်ရှိပါတယ်။
တန်းတူရေးမရှိဘဲ ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်သလို ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲနဲ့ ဒီမိုကရေစီကို မတည်ဆောက်နိုင်ပါဘူး။ ထို့အတူ ယုံကြည်မှုကို အမုန်းတရားနဲ့ မတည်ဆောက်နိုင်သလို ယုံကြည်မှုကို စစ်ပွဲတွေနဲ့ တည်ဆောက်လို့ မရနိုင်ပါဘူး။ ယုံကြည်မှုကို အပြန်အလှန် လေးစားခြင်းအားဖြင့်၊ အပြန်အလှန် အသိအမှတ်ပြုခြင်းအားဖြင့်၊ အပြန်အလှန် ချစ်ကြည်ရင်းနှီးခြင်းအားဖြင့် သာလျှင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ အာဃာတ မထားရှိဘဲ ချစ်ကြည်ရင်းနှီးဖို့ လိုပါတယ်။ ဒီအတွက် ငါအဓိက ဆိုတဲ့ဝါဒကို ချေဖျက်ဖို့လိုပါတယ်။ ပြည်ထောင်စု ကြီးတစ်ခုလုံး ငြိမ်းချမ်းဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဒီအတွက် နည်းလမ်းရှာဖို့၊ မှန်ကန်ရိုးသားဖို့၊ ဖြောင့်မတ်တည်ကြည်ဖို့၊ ပျော့ပျောင်းညင်သာဖို့၊ တရားသေဝါဒကို ရှောင်ရှားနိုင်ဖို့တွေ လိုအပ်ပါတယ်။ ဒါ့အပြင် မဟာလူမျိုးကြီးဝါဒဆိုတဲ့ အစွန်းတစ်ဖက်နဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဆိုတဲ့ အစွန်းတစ်ဖက်ကို ကျော်လွှားနိုင်ကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပမယ့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကနေ မတူညီတဲ့အဖွဲ့ အစည်းတွေ အကြားမှာ ခင်မင်ရင်းနှီးမှုကို တည်ဆောက်နိုင်မယ်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ဦးနဲ့တစ်ဦး အကြားမှာ ပိုမိုပြီးနားလည်နိုင်မှုတွေ ရှိလာမယ်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြန်အလှန် ယုံကြည်မှုတွေ တိုးတက်မြင့်မား လာလိမ့်မယ်လို့ ကျနော်အနေနဲ့ ယုံကြည်မျှော်လင့်ထားပါတယ်။
နောင် အနာဂတ်မျိုးဆက်တွေအတွက် ငြိမ်းချမ်းသော၊ တိုးတက်သော၊ သာယာဝပြောသော ပြည်ထောင် စုကြီးအဖြစ် အမွေထားရစ်နိုင်ပါစေလို့ ဆုတောင်းရင်းနဲ့ဘဲ ကျနော်အနေနဲ့ နိဂုံးချုပ်အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်း___ ခွန်ထွန်းဦး"