ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ___ဦးအောင်မင်းရဲ့ မိန့်ခွန်း

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်
ခြင်း  ပည်ထောင်စု ငြိမ်းချမ်းရေးဖော်
ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း ပြောကြားခဲ့သည့် မိန့်ခွန်း


လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်း လဲရေး ဖော်ဆောင်နိုင်မှု အခြေအနေများဟာ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်ရဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ ရေရာသေချာ တဲ့ မျှော်လင့်ချက်များကို ထားနိုင်တဲ့အဆင့်ကို
ရောက်ရှိနေပါပြီ။ ဒီအခြေအနေတွေဟာ အလွန်ပဲ အားရကျေနပ်စရာ ကောင်းပေမယ့် ကျွန်တော်တို့အနေနဲ့ အလွန်အကျွံ စိတ်ကူးယဉ်လို့မရတဲ့ အနေအထားဆိုတာကိုလည်း နားလည်လက်ခံထားရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်အတွက် ချီတက်ရမယ့်ခရီးမှာ သိမ်မွေ့နက်နဲတဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေပြီး ခက်ခဲတဲ့ရွေးချယ်မှုတွေ လုပ်ဆောင်ဖို့နဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို မယိုင်မလဲ ချမှတ်ဖို့အတွက် ကျွန်တော်တို့အားလုံး ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ တိုင်းရင်းသားခေါင်း
ဆောင် အားလုံးအကြားမှာ ရှိနေတဲ့မှန်ကန်တဲ့ စိတ်ရင်းစေတနာကိုသာ အရင်းခံပြီး ဒီ စိန်ခေါ်မှုတွေကို
ကျော်ဖြတ်သွားကြရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ၂ နှစ်တာကာလမှာ
အောင်မြင် မှုတွေရလာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေဟာ ရေရာသေချာမှု ရှိတယ်ဆိုတာကို ကျွန်တော်တို့ အစိုးရအနေနဲ့ အလုပ်နဲ့ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ တိုင်းရင်းသားတွေအကြား ယခုတည်ဆောက်ထားနိုင်ခဲ့တဲ့ အပြန်အလှန် ယုံကြည်မှုနဲ့ နားလည်မှုတွေကို ဆက်လက်လုပ်ဆောင်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အင်အားများအဖြစ် ထည့်သွင်းစဉ်းစားကြမယ်ဆိုရင် အပေါင်းလက္ခဏာ သဘောဆောင်တဲ့ ရလဒ်တွေနဲ့ ညှိနှိုင်းအဖြေရှာမှုတွေကို လုပ်ဆောင်နိုင်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိမယ်လို့ ယုံကြည်ပါတယ်။

ကျွန်တော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ တိုင်းရင်းသားတွေဘက်က တင်ပြထားတဲ့ တောင်း ဆိုမှုအားလုံးကို လက်ခံဆွေးနွေးပေးဖို့ ပြင်ဆင်ထားပါတယ်။ နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံး အဖြေတွေထွက်လာနိုင်ဖို့ အကြေအလည် ဆွေးနွေးသွားရမှာလည်း ဖြစ်ပါတယ်။ တိုင်းရင်းသားသွေး စည်းညီညွတ်မှုနဲ့ ခေတ်မီမြန်မာနိုင်ငံတော်သစ်ကို ဦးတည်နိုင်မယ့် အားလုံးသဘောတူတဲ့ ညှိနှိုင်းဆွေးနွေးမှု ရလဒ်တွေရရှိအောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ မိမိအနေနဲ့ အလေးအနက် ကတိပြုပါတယ်။

လာမယ့် ဆွေးနွေးညှိနှိုင်းမှုတွေအတွက် လိုအပ်မယ့် Political Dialogue Framework များကို အဖွဲ့အစည်း အသီးသီးမှလည်း ပြင်ဆင်ပြုစုလျက် ရှိပါတယ်။ Framework သဘောတူညီချက်များ ရရှိပြီးတာနဲ့ မကြာမီကာလများမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်သွားမှာ ဖြစ်ပါတယ်။ အားလုံးလက်ခံတဲ့ သဘောတူညီမှုတွေ ရရှိအောင် စားပွဲဝိုင်းမှာ ဆွေးနွေးကြတဲ့အခါ ရရှိလာမယ့် ရလဒ်တွေကို ခြုံငုံသုံးသပ်မယ်ဆိုရင် ဖြစ်နိုင်ခြေ သုံးမျိုးရှိတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီညှိနှိုင်းမှု ရလဒ်သုံးမျိုးကတော့ အခြေခံဥပဒေပြင်ဆင်ဖို့မလိုဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားပြီး လက်တွေ့အကောင်အထည် ဖော်ရာမှာ ချက်ချင်းလက်ငင်း ဆောင်ရွက်ပေးနိုင်မယ့် ကိစ္စရပ်များ၊ ကြားကာလ (Intermediate Term) မှာ ဆောင်ရွက်ပေးရမယ့် (သို့မဟုတ်) ဆွေးနွေးညှိနှိုင်း အဖြေရှာမယ့် ကိစ္စရပ်များနဲ့ ရေရှည်တည်ဆောက်ရမည့် အမျိုးသားရေးဖြစ်စဉ်နဲ့ သက်ဆိုင်သည့် ကိစ္စရပ်များဆိုပြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီကိစ္စရပ်အားလုံးအတွက် ရည်မှန်းချက်အနေနဲ့ ထားရှိရမှာကတော့ ဆွေးနွေးညှိနှိုင်းမှု ရလဒ်တွေကို အကောင်အထည် ဖော်ရာမှာ အထောက်အကူပြု အားဖြည့်ပေးမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ Institution များ တည်ဆောက်နိုင်ရေးနဲ့ နိုင်ငံသားများအနေနဲ့ မိမိတို့၏ မျိုးနွယ်စု၊ နေရာဒေသ၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်း စတာတွေကို အခြေခံတဲ့ ကိုယ်ပိုင် Idenitity များ ပိုင်ဆိုင်နိုင်တဲ့ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားမျိုးနွယ်စု အားလုံးက ဘုံသဘောတူ လက်ခံကျင့်သုံးနိုင်တဲ့ Common National Identity တစ်ခု ပိုင်ဆိုင်နိုင်တဲ့အထိ Nation Building ဆိုတဲ့ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး ဆိုတာပဲ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ အလေးအနက် ယုံကြည်ပါတယ်။ ဒီကနေ့ပွဲကနေပြီး မိမိတို့ နိုင်ငံတဝှမ်းလုံး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးရရှိဖို့နဲ့ တန်းတူရည်တူ ရှိတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ကြ လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

လက်ရှိကျင်းပနေတဲ့ တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ပြင်ဆင်ရေး ဆွေးနွေးမှု များသည်ပင်လျှင် ကျွန်တော်တို့အားလုံး ရှေ့ဆက်လျှောက်လှမ်းရမယ့် လမ်းခရီးမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေနဲ့ အခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်မယ့် အင်အားစုတွေ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ခံယူပါတယ်။ ဒီလို ယုံကြည်မှုများက တစ်ဆင့် မိမိတို့ တိုင်းရင်းသားအားလုံး ကြိုးပမ်းဆောင်ရွက်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးတည်ဆောက်ရေး ပြင်ဆင်မှုအဆင့်ဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်တယ်လို့လည်း ယုံကြည်ထားပါတယ်။

မိမိတို့အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းများအနေနဲ့ ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးများကို အခြေခံပြီး စစ်ပွဲများ ရပ်စဲနိုင်ရေး၊ နိုင်ငံရေးအခြေခံများ ပါဝင်တဲ့ ငြိမ်းချမ်းရေးစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုမှုက တစ်ဆင့် မိမိတို့ လူ့အဖွဲ့အစည်းအတွင်းမှာ အရေးတကြီး လိုအပ်နေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ အလေးအနက် ယုံကြည်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ___ဦးအောင်မင်းရဲ့ မိန့်ခွန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++