ချန်ပီယံလိဂ် ဗိုလ်လု ပွဲထိ ဒေါ့မွန်ရောက်နိုင်ဖို့ မျှော်လင့်ကြောင်း လီဝင်ဒေါစကီး ပြော

ဘိုရူးစီးယား ဒေါ့မွန် အသင်း၏ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီး က မိမိတို့ အသင်းသည် ချန်ပီယံ လိဂ် ဗိုလ်လုပွဲထိ တက်ရောက်နိုင် မည်ဟု ယုံကြည်ကြောင်း ပြောကြား လိုက်သည်။



ဒေါ့မွန်သည် ယူကရိန်းမြေ၊ ဒိုးနက်မြို့တွင် ရှက်တာဒိုးနက် ကို (၂)ဂိုးစီ သရေကျ ခဲ့သော်လည်း အိမ်ကွင်း တွင် (၃-၀)ဖြင့် ပြန်လည် အနိုင်ရ ခဲ့သည့်နောက် ကွာတား ဖိုင်နယ် အဆင့် သို့ ချောချောမောမော တက်ရောက် သွားခဲ့သည်။

ဂျာမန် ချန်ပီယံ အသင်းသည် အုပ်စု အဆင့်တွင် ရီးယဲလ် မက်ဒရစ်နှင့် မန်ချက်စတာ စီးတီး အစရှိသည့် ပြိုင်ဘက်ကောင်း များကို အနိုင်ကစားကာ ရှုံးထွက် အဆင့် တက်ရောက် လာပြီး ထိုမှ တစ်ဆင့် ကွာတား ဖိုင်နယ် တစ်နေရာ သေချာ သွားခြင်း ဖြစ်သည်။ ပိုလန် လက်ရွေးစင် လီဝင်ဒေါစကီး က မိမိတို့သည် ဗိုလ်လုပွဲ ထိ ဆက်လက် ချီတက်နိုင် မည်ဟု မျှော်လင့် ယုံကြည် ထားကြောင်း ဖွင့်ဟ ခဲ့သည်။

“ကျွန်တော် တို့ (၃-၀)နဲ့ အနိုင်ရ ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ကျေနပ်နေတာ အမှန်ပါ။ အသင်းရဲ့ စွမ်းဆောင်ရည် ကလည်း သိပ်ကောင်းခဲ့တယ်။ ကျွန်တော်တို့ အသင်းဟာ ပထမဆုံး မိနစ် ကနေ နောက်ဆုံး မိနစ်ထိ အသာစီး ရခဲ့တယ်လို့ ခံစားရ ပါတယ်” ဟု UEFA ဝက်ဆိုက် သို့ ပြောကြား ခဲ့သည်။

၎င်းက “ခုချိန်မှာ ကျွန်တော် တို့ ပွဲစဉ် ရေးဆွဲမှု ဇယားကို စိတ်အေးအေး စောင့်ကြည့်နေရုံ ပါပဲ။ ရှော်ကေး၊ ဒါမှမဟုတ် ဘေယန်မြူးနစ် တို့နဲ့လည်း တွေ့ကောင်း တွေ့နိုင်တယ်။ ရီးယဲလ်လား။ ဘာကြောင့် မဖြစ်နိုင် ရမှာလဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဗိုလ်လု ပွဲထိ တက်နိုင်ဖို့ မျှော်လင့် ပါတယ်။ စူးစိုက်မှု ကိုတော့ မလျှော့ လိုက်ဖို့ အရေးကြီး တယ်လေ။ ရှေ့ပွဲ ဘယ်သူနဲ့ တွေ့မယ်ဆိုတာ ကြည့်ကြ တာပေါ့”ဟု လည်း မှတ်ချက်ပြု ခဲ့သည်။ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်များ ကို နိုင်ယွန်တွင် မတ်လ (၁၅)ရက်နေ့၌ ရေးဆွဲ သွားမည် ဖြစ်သည်။
Source: goal

0 မှတ်ချက်များ for "ချန်ပီယံလိဂ် ဗိုလ်လု ပွဲထိ ဒေါ့မွန်ရောက်နိုင်ဖို့ မျှော်လင့်ကြောင်း လီဝင်ဒေါစကီး ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++