ပဋိပက္ခများဖြစ်ပေါ်စေနိုင်သည့် ဂြိုဟ်ပူး ယှဉ်မှုတစ်ရပ် ဖြစ်ပေါ်ရန်ရှိ # မြန်မာ နက္ခတ်သိပ္ပံအဖွဲ့
နိုင်ငံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ၊ လူမျိုးရေး၊ နယ်စပ်ရေး ရာ ပြဿနာများနှင့် အောက်ခြေ လူတန်းစားများ အကြား ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်သည့် ဂြိုဟ်ပူး ယှဉ်မှုတစ်ရပ် မတ်လကုန်တွင် မြန်မာနိုင်ငံ၌ မွန်း တည့်ချိန် မိုးကောင်းကင်၌ ဖြစ်ပေါ်ရန် ရှိကြောင်း
မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့မှ စီအီးအိုဦးဇေယျာကို ၏ ပြောပြချက်အရ သိရှိရသည်။
အဆိုပါ ဂြိုဟ်ပူးမှုဖြစ်စဉ်အဖြစ် လနှင့်စနေဂြိုဟ် သည် လာမည့်မတ်လ ၃၀ ရက်တွင် မြန်မာစံတော် ချိန် မွန်းလွဲ ၂ နာရီ ၂၆ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လနှင့်စနေဂြိုဟ် ပူးယှဉ်မှု သည် ပုံမှန်အားဖြင့် တစ်လလျှင်တစ်ကြိမ် ဖြစ်ပေါ်လေ့ရှိသော် လည်း ဖြစ်စဉ်အခြေအနေ၊ အချိန်အခါ၊ နေ ရာဒေသ ကွာခြားမှုများရှိသည်ဟု သိရသည်။
မတ်လကုန်တွင် ဖြစ်ပေါ်မည့် လနှင့်စနေဂြိုဟ်ပူးယှဉ်မှုမှာ ယိုင်ထောင့်အကွာအဝေး သုံးဒီဂရီဖြစ်သော
ကြောင့် အင်အားအသင့်အတင့်ရှိသည့် ဂြိုဟ်ပူးယှဉ်မှုဖြစ်စဉ်ဖြစ်ပြီး နေရာဒေသမှာ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၉ မိနစ်နှင့် တောင်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၄ မိနစ်တွင် ဖြစ်ပေါ်မည်ဖြစ်သောကြောင့် ယင်းဂြိုဟ်ပူးယှဉ် မှုမှာ အိန္ဒိယသမုဒ္ဒရာအတွင်း၌ ဖြစ်ပေါ်မည်ဟု ၎င်းကပြောသည်။
"လနှင့်စနေဂြိုဟ် ပူးယှဉ်မှုဖြစ်ပေါ်တဲ့အချိန်မှာ စနေဂြိုဟ်ကလည်း ၎င်းရဲ့ဂြိုဟ်ပတ် လမ်းကြောင်း ဖောက်
ပြန်တဲ့အချိန်ဖြစ်တာကြောင့် ဒီဖြစ်စဉ်ဖြစ်ပေါ်ပြီး မတ်လကုန် ဧပြီလအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေးပိုင်းဆိုင် ရာ ကဏ္ဍတွေမှာ ထူးခြားတဲ့ဖြစ်စဉ်တွေ၊ ပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်သလို နယ်စပ်ရေးရာပြဿနာတွေ၊ လူမျိုးရေးပြဿနာတွေအပြင် လယ်သမား၊ အလုပ်သမားတွေ စတဲ့အောက်ခြေလူတန်းစားတွေ ကြားမှာပါ မငြိမ်သက်မှုတွေ ဖြစ်ပေါ်နိုင်တယ်" ဟု ဦးဇေယျာကိုက ပြောသည်။
အဆိုပါဖြစ်စဉ်ကို မတ်လ ၂၉ ရက်နေ့ မြန်မာစံတော်ချိန် ည ၉ နာရီ ခန့်မှစတင်ပြီး အရှေ့ဘက်မိုးကောင်း ကင် ဦးခေါင်းထိပ်တည့်တည့် မွန်းတည့်မိုးကောင်းကင်နှင့် အနောက်ဘက်မိုးကောင်းကင်တို့၌ လကို အလင်းအား ၈၀ ရာခိုင်နှုန်းရှိသည့် လခြမ်းသဏ္ဍန်ဖြင့်လည်းကောင်း၊ စနေဂြိုဟ်ကို လ၏အနီးအပေါ် ဘက်တွင် သေးငယ်သော အ၀ါရောင်ကြယ်ပွင့်သဏ္ဍန်ဖြင့် လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်တွင် ထိုကဲ့သို့လနှင့်အင်္ဂါဂြိုလ် ပူးယှဉ်မှုဖြစ်စဉ် နှစ်ကြိမ် ခန့် ဖြစ်ပေါ်ရန်ရှိကြောင်း ကိုလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
လနှင့်စနေဂြိုဟ် ပူးယှဉ်မှုဖြစ်စဉ်တွင် စနေဂြိုဟ်မှာ ၎င်း၏ဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုကြောင့် ကြီးမားသည့် နိုင်ငံရေးနှင့် သဘာဝပတ်ဝန်းကျင် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်သည့် အပြင် ပြည် သူများ ဘေးဥပါဒ်အန္တရာယ် ကြုံတွေ့ဖွယ်ဖြစ်နိုင်သည့် ပြောင်းလဲမှုဖြစ်သဖြင့် သတိပြုရမည့် ကာလဖြစ်ကြောင်းကိုလည်း ဦးဇေယျာကိုက ဂြိုဟ်ပူးယှဉ်မှုနှင့် ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့ပါသည်။
ယင်းကဲ့သို့ စနေဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုများသည် မြန်မာနိုင်ငံသမိုင်းတွင် လွတ်လပ်ရေးရရှိ ခဲ့စဉ် ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ရှစ်လေးလုံးအရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၁၉၈၈ ခုနှစ်ဝန်းကျင်တွင် တစ်ကြိမ်၊ ရွှေဝါရောင် အရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်နှင့် နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ် ကျရောက်၍ လူအသေအပျောက်အများအပြား ရှိခဲ့သည့် ၂၀၀၈ ခုနှစ်ကာလက တစ်ကြိမ်နှင့် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့သည့် ၂၀၁၂ ခုနှစ် ကာလများတွင်လည်းကောင်း ဖြစ် ပွားခဲ့ကြောင်း သိရသည်။__ဂျာနယ်စုံ

0 မှတ်ချက်များ for "ပဋိပက္ခများဖြစ်ပေါ်စေနိုင်သည့် ဂြိုဟ်ပူး ယှဉ်မှုတစ်ရပ် ဖြစ်ပေါ်ရန်ရှိ # မြန်မာ နက္ခတ်သိပ္ပံအဖွဲ့"