တိုင်းရင်းသားစာပေ သင်ကြားနိုင် ရန် ဒေသခံ ဆရာ/ ဆရာမများ ခန့်အပ် သွားမည်

အခြေခံပညာ မူလတန်းကျောင်းများတွင် တိုင်းရင်း သားဘာသာနှင့် စာပေသင်ကြား ပေးနိုင်ရေး အတွက် တိုင်းရင်းသား ဘာသာကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်မည့် အရည်အချင်း ပြည့်မီ သည့်
ဒေသခံ တိုင်းရင်းသားများအား တိုင်းရင်းသား ဘာသာ ပြဆရာ၊ ဆရာမများအဖြစ် ဦးစားပေး ခန့်အပ် သွားမည်ဟု သိရသည်။

၂ဝ၁၃ ခုနှစ် မတ် ၁ ရက်က နေပြည်တော်ရှိ ပညာ
ရေးဝန်ကြီးဌာန၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး ညှိနှိုင်း အစည်းအဝေး၌ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ယင်းသို့ ပြောကြားခဲ့သည်။

အလားတူ တိုင်းရင်းသားဘာသာ သင်ကြားနိုင်ရေးအတွက် တိုင်းရင်းသားဘာသာပြဆရာ၊ ဆရာမများကို
လေ့ကျင့်ပျိုးထောင်ရန်လည်း စီစဉ်ထားပြီး ဖြစ်သည်။

အဆိုပါ တိုင်းရင်းသားဘာသာနှင့် စာပေအား အခြေခံပညာ မူလတန်းအောက်အဆင့်ဖြစ်သည့် သူငယ် တန်း၊ ပထမတန်း၊ ဒုတိယတန်း ကျောင်းသားကျောင်းသူများကို သင်ကြားသွားမည် ဖြစ်သည်။

ထို့ကြောင့် ကျောင်းသုံးစာအုပ်များထဲတွင် ပါသည့် သင်ခန်းစာများကို မွန်၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ကယား၊ ကယော၊ ကယန်း၊ ပလောင်၊ လားဟူ၊ တီးတိန်ချင်း၊ ဟားခါးချင်း၊ ဖလမ်းချင်း၊ တိုင်းလုံရှမ်း၊ ဂုံရှမ်း၊ တိုင်းလိုင်ရှမ်း၊ တိုင်းခန္တီးရှမ်း၊ တိုင်းဆာရှမ်း၊ ဂျိမ်းဖောကချင်၊ လာချိဒ်ကချင်၊ ရဝမ်ကချင်၊ လီဆူးကချင်၊ ဇိုင်ဝါးကချင်၊ လော်ဝေါ်ကချင်၊ ရခိုင်၊ မြို (ခေါ်) ခမီ၊ သက်၊ ပအိုင်းဝ်း၊ ဓနု၊ အင်းသားစာပေ စသည်တို့ဖြင့် တိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်သူ ပညာရှင်များက အဖွဲ့လိုက် ရေးသားပြုစု
နေပြီ ဖြစ်သည်။

တိုင်းရင်းသား ဘာသာစကားနှင့် စာပေကို ယခင်က သင်ကြားပေးခဲ့ဖူးသော်လည်း ၁၉၈၁-၈၂ ပညာ သင်နှစ်မှ စတင်ကာ သူငယ်တန်း၌ အင်္ဂလိပ်စာ စတင်သင်ကြားပေးချိန် တိုးလာခြင်းကြောင့် တိုင်းရင်း သားဘာသာ သင်ကြားချိန်မပါရှိတော့ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံ၌ မြန်မာစာကို ရုံးသုံးစာ၊ အင်္ဂလိပ်စာကို နိုင်ငံတကာသုံးစာအဖြစ် သင်ကြားပေးနေသည့် နည်းတူ ပြည်ထောင်စု၏ အမွေအနှစ်ဖြစ် သည့် တိုင်းရင်းသား ဘာသာစကား၊ စာပေကိုလည်း သင်ကြားပေးရန် ယခုကဲ့သို့ ပြန်လည်ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

0 မှတ်ချက်များ for "တိုင်းရင်းသားစာပေ သင်ကြားနိုင် ရန် ဒေသခံ ဆရာ/ ဆရာမများ ခန့်အပ် သွားမည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++