ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ အပိတ်မိန့်ခွန်း__ဗိုလ်မှုးကြီးစောလွင်
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်
ခြင်း ဆွေးနွေးပွဲ (ရှမ်းပြည်နယ်/ကယားပြည် နယ်) တွင် ပြောကြားသော ဖြစ်မြောက်
ရေးကော် မတီမှ အဖွဲ့ခေါင်းဆောင် (၂) ဗိုလ်မှုး ကြီးစောလွင်၏ အပိတ်မိန့်ခွန်း
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (ရှမ်းပြည်နယ်/ကယားပြည်နယ်) ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်များ၊ လေ့လာ သူများနဲ့ ဧည့်သည်တော်များ ခင်ဗျား။
ယခုဆွေးနွေးပွဲကို ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နှစ်ခုစလုံးက နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါကြောင့် မန်မာနိုင်ငံသမိုင်းမှာ မရှိဘူးသေးတဲ့ အသစ်ဖြစ်ထွန်းလာတဲ့ သမိုင်းတွင်မယ့် ဆွေးနွေးပွဲ ကြီး ဖြစ်ပါတယ်။ ဒါဟာ ငြိမ်းချမ်းရေးကို နှစ်ပေါင်းရှည်ကြာ တောင့်တနေကြတဲ့ ပြည်သူလူထုအများစုကြီးအတွက် အားတက်စရာ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာ ဆွေးနွေးသူအများအပြား ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် သဘောထားတွေဟာ အနှစ်သာရပိုင်းမှာ နီးနီးစပ်စပ် တူညီနေကြတာကို တွေ့ရပါတယ်။ တိုင်းရင်းသားလူမျိုးတွေဟာ ဘဝချင်းတူနေကြတာကြောင့် သဘောထားချင်းကလည်း တူညီနေကြတာ ဖြစ်ပါလိမ့်မယ်။
အခုဆွေးနွေးပွဲမှာ ဖက်ဒရယ်ပြည်ထောင်စုအရေးကို ဆွေးနွေးကြတာရှိသလို ဒီမိုကရေစီအရေး အတွက် ဆွေးနွေးကြတာတွေလည်း ရှိပါတယ်။ ဒီနေရာမှာ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ ဒီမိုကရေစီအရေးဟာ တသီးတခြား ခွဲထုတ်ဖြေရှင်းလို့ မရတဲ့ကိစ္စဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမရှိခဲ့ရင် ဒီမိုကရေစီဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ အမည်ပေးထားတဲ့ အတုအယောင် ဒီမိုကရေစီဘဲဖြစ်ပါတယ်။ အလားတူပါပဲ ဒီမိုကရေစီ အစစ်အမှန်မကျင့်သုံးတဲ့ ပြည်ထောင်စုဆိုတာမျိုးကလည်း လက်တွေ့မှာ တစ်ပြည်ထောင်စနစ်ဖြစ်တဲ့ အတုအယောင်ပြည်ထောင်စုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပါတီစုံဒီမိုကရေစီစနစ် အစစ်အမှန်ကို ကျင့်သုံးတဲ့ ပြည်ထောင်စုစစ်စစ် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တစ်ချိန်တည်း တပြိုင်တည်းမှာ ဖော်ဆောင်တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။
ဗမာလူမျိုးတွေဟာလည်း တိုင်းရင်းသားတွေဖြစ်ပါတယ်။ မဟာဗမာလူမျိုးကြီးဝါဒကို ကိုယ်တိုင်ကျင့်သုံးတဲ့ အပြင် ကူးစက်ပျံ့နှံ့အောင် ဖန်တီးနေသူတွေဟာ ခေတ်အဆက်ဆက်က အစိုးရတွေဖြစ်ပါတယ်။ ဗမာတိုင်းရင်းသား အများစုကြီးကတော့ စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ခံနေရတာပါပဲ။ ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းရာမှာ အဖိနှိပ်ခံ ဗမာတိုင်းရင်းသားအများစုကြီးရဲ့ စာနာထောက်ခံမှုကို အရယူကြဖို့ အလွန်အရေးကြီးပါတယ်။ ဒါမှလည်း မဟာဗမာလူမျိုးကြီးဝါဒီတွေရဲ့ ထောင်ချောက်တွေကို ရှောင်ရှားနိုင်ကြမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးရအောင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရမယ်။ ဒီလိုတည်ဆောက်နိုင်အောင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမယ်။ ဒါမှမဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲရမယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုရင် လွှတ်တော်ပြင်ပညီလာခံကြီး ကျင်းပရမယ်ဆိုတဲ့ အချက်တွေဟာ ဒီနေ့ဒီအချိန်မှာတော့ အငြင်းမပွားကြတော့တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပြည်ထောင်စုပဲဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပ ညီလာခံပဲဖြစ်ဖြစ်၊ အတုအယောင်မဟုတ်ဘဲ အစစ်အမှန်တွေဖြစ်အောင် သတိမလစ်ဟင်းဘဲ ဝိုင်းဝန်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ရင် အတုအယောင် မာယာတောမှာ လမ်းပျောက်သွားမယ့် အန္တရာယ်တွေ ရှိနေပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ရပ် ရေး ဆွဲရေးကို လုပ်ဆောင်တဲ့နေရာမှာ ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း မှန်မှန်လှမ်းပြီး၊ သတိကြီးကြီးနဲ့ ဂရုတစိုက် လုပ်ကြရမှာ အမှန်ပါပဲ။ ဒါပေမယ့် ပက်ကျိသွားသလို ခရီးမတွင်တဲ့ ရွေ့နည်းမျိုးတော့ ဖြစ်မနေဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံဟာ အမျိုးမျိုး ဖိနှိပ်ခံနေရတာ လွတ်လပ်ရေးရချိန်က စတွက်ရင် (၆၅)နှစ်ကြီးများတောင် ရှိနေပြီဆိုတာကို မမေ့ဖို့လည်း အရေးကြီးပါတယ်။
နောက်တစ်ခုက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြမယ်လို့ ဆိုတဲ့နေရာမှာလည်း ဖက်ဒရယ်ပြည်
ထောင်စုနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပိတ်ပင်ထားတဲ့၊ အဟန့်အတားပြုနေတဲ့၊ အတုအယောင်သာ ဖြစ်စေ တဲ့ ပြဌာန်းချက် ပုဒ်မမှန်သမျှကို တစ်ခုလေးမှ မပါရအောင် တလုံးတဝတည်း ပြင်ကြရမှာ ဖြစ်ပါတယ်။ အရေးမပါတဲ့ အဖျားအနားလေးတွေလောက်ပဲ ပြင်တာမျိုးကိုတော့ ပြည်သူလူထုက လက်မခံနိုင်ပါဘူး။
တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အဓိကကျတယ်လို့ ပြောဆိုနေကြ တာ ရှိပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးသာမရှိရင် ဒါတွေဖြစ်လာမှာ မဟုတ်ပါဘူး။ မငြိမ်းချမ်းသေးတဲ့ဘဝမှာ တိုင်းရင်းသားလူမျိုးစုတွေ အတွက်ကတော့ တည်ငြိမ်အေးချမ်းရေး မရှိပါဘူး။ စိုးရိမ်ထိတ်လန့်မှုတွေပဲ ရှိပါတယ်။ တရားဥပဒေစိုးမိုးရေး မရှိပါဘူး။ နိုင်ငံတော် မင်းမဲ့ဝါဒရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေပဲ ရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိပါဘူး။ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေပဲ ရှိပါတယ်။ ဒါကြောင့် ထာဝရငြိမ်းချမ်းရေးကို အသေအချာ အာမခံနိုင်မယ့် လမ်းကိုပဲ မတွေမဝေ မတိမ်းမစောင်း မကြောက်မရွံ့ဘဲ ချီတက်ကြရမှာ ဖြစ်ပါတယ်။
ယခုဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေ၊ လေ့လာသူတွေ၊ ဧည့်သည်တော်တွေ ပါဝင်ဆွေးနွေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ဝိုင်းဝန်းကူညီသူတွေမှန်သမျှနဲ့ လုပ်အားပေးသူ လူငယ်မောင်မယ်အပေါင်းကိုလည်း ကျေးဇူးတင် ပါတယ်။ နောက်ဆုံးပြောချင်တာ ရှိပါတယ်။ နတ်လူသာဓု ခေါ်ကြမယ့် ယခုဆွေးနွေးပွဲကြီးရဲ့ ရလဒ်တွေကို အခြေခံပြီး အရင်းတည်ပြီး မဝေးလှတဲ့ အနာဂတ်မှာ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ လက်ထဲကို ငြိမ်းချမ်းရေး အောင်ပန်း အပ်နှင်းနိုင်ရအောင် အခက်အခဲ အတားအဆီးမှန်သမျှကို အံတုကျော်လွှားရင်း ညီညီညွတ်ညွတ် ကြိုးပမ်းသွားကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ အပိတ်မိန့်ခွန်း__ဗိုလ်မှုးကြီးစောလွင်"