ဘိန်းစိမ်းဝယ်သူက ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ကို တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ပြီး ထွက်ပြေး လွတ်မြောက်

ဘိန်းစိမ်းများ ဝယ်ယူသိုလှောင်ထားသည်ဟူသော သတင်းအရ တောင်ကြီး မူးယစ် အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဖယ်ခုံမြို့နယ်၊ မိုးဗြဲဆည်၏ အရှေ့ဘက်ကမ်းရှိ ကျေးရွာတွေင် ကွင်းဆင်း စစ်ဆေးမှု ပြုလုပ်ပြီး ကရင်ကျေးရွာအုပ် စု၊ နန်းဟူးကျေးရွာရှိ နေအိမ် တအိမ်အား ဝိုင်းဝန်း ဖမ်းဆီးရာ နေအိမ်အတွင်းမှ တူမီးသေနတ်ဖြင့် ပြန် လည်ပစ်ခတ်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာ ရရှိခဲ့ပြီး ပစ်ခတ်ခဲ့သူ အမျိုးသားတဦးမှာ မော်တော် ကားဖြင့် မောင်းနှင်းထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

တောင်ကြီးမူးယစ်အထူးအဖွဲ့နှင့် ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့ အင်အား ၁၃ ဦးခန့်တို့သည် ဘိန်းစိမ်းဝယ်ယူသူ  ဆန်းနိုင် (အသက်၂၅ နှစ်အရွယ်) နေအိမ်ကို ဝိုင်းထားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့များဝိုင်းထားသည့် အိမ်၏ ခြံသည်  ဧကဝက်ခန့်ရှိပြီး ရှစ်ပေခန့်အမြင့်ရှိ အုတ်တံတိုင်းဖြင့် ကာရံထားကြောင်း၊ ဆန်းနိုင်က ဓါးပြဗျို့ ဟုနေ အိမ်အတွင်းမှ အော်ဟစ်သဖြင့် ရဲတပ်ဖွဲ့များက ယူနီဖေါင်းများကို ကျေးရွာနေပြည်သူလူထုမှ မြင် သာစေရန်အတွက် အပေါ်အင်္ကျီများကို ချွတ်နေကြစဉ် နေအိမ်အတွင်းမှ တူမီးသေနတ်ဖြင့် လှမ်းပစ်လိုက် သဖြင့် တောင်ကြီးမူးယစ်အထူးအဖွဲ့မှ ရဲအုပ် သန်းဇော်ဝင်း၏ ဝဲဖက်တင်ပါးမှာ သံတိုသံစတခု ထိမှန် ခဲ့ကြောင်း မျက်မြင်သူတဦးက ပြောသည်။

ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ၁၂ ဦးခန့်က နံနက် ၉ နာရီခန့်တွင် ထပ်မံရောက်ရှိလာပြီး ထိုအချိန်မှာပင် ဆန်းနိုင်မှာ တူမီးသေနတ်ကို လက်တဖက်မှ ကိုင်ဆောင်လျက် ဆပ်(ဖ်)ကားအနက်ရောင်ကို မောင်းနှင် ထွက်ပြေးရာ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် (၄ ၊ ၅ ) ချက်ခန့် ပစ်ခတ်ဖမ်းဆီးသော်လည်း ထွက်ပြေး လွတ်မြောက်သွားကြောင်း ကျေးရွာနေ ရပ်မိရပ်ဖတဦးကလည်း ပြောသည်။

မိုးဗြဲရဲစခန်းကို ဆက်သွယ်မေးမြန်းရာ မိုးဗြဲရဲစခန်းမှ ဒုရဲအုပ်တဦးက “ဘာမှမသိဘူး” ဟု ဖြေ ကြားပြီး ဖယ်ခုံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးကမူ “ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာ မှန်ပါတယ်။ ဒီအသေးစိပ်ကိုတော့ အထက် လူကြီးတွေမှ သိမှာပါ” ဖြေကြားသည်။

မိုးဗြဲဆည်အရှေ့ဘက်ကမ်းဒေသတွင် ရေ၊ မြေ ကောင်းမွန်ပြီး စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးပါက
ဖြစ်ထွန်းအောင်မြင်သော်လည်း ဘိန်းစိုက်ပျိုးသူများပြားနေပြီး ယခုနှစ်တွင်ဘိန်းစိမ်းတပိဿလျှင် ကျပ် (၇)သိန်း ပေါက်ဈေး ရှိသည်။

0 မှတ်ချက်များ for "ဘိန်းစိမ်းဝယ်သူက ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့ကို တူမီးသေနတ်ဖြင့် ပြန်လည်ပစ်ခတ်ပြီး ထွက်ပြေး လွတ်မြောက် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++