ပညာရှိ တို့ကို ဆိုသော အပိုင်း
ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။
အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။
ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာ ရအံ့နည်း။
အဆွေခင်ပွန်းမရှိသောအူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။
ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ပြုရအံ့နည်း။
ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။
♠♠ ♠♠ ♠
အကြားအမြင်ပညာကို နည်း၏ ဟူ၍ မအောက်မေ့ရာ မိမိစိတ်ထဲ၌ သွင်းထား ရာ၏။
တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။
♠♠ ♠♠ ♠
တောင်တောင် ဟူသမျှ၌ ပတ္တမြားမရှိ။
ဆင်ဆင်ဟူသမျှ၌ အမြုတေမရှိ။
တောတောဟူသမျှ၌ စန္ဒကူးမရှိ။
အရပ်တိုင်း အရပ်တိုင်း၌ ပညာရှိ သုခမိန်မရှိ။
♠♠ ♠♠ ♠
အတတ်ကို ဖြည်းဖြည်းသင်ရာ၏။
ဥစ္စာကို ဖြည်းဖြည်းလိုရာ၏။
တောင်ကို တက်သောသူသည် ဖြည်းဖြည်းတပ်ရာ၏။
ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏။
အမျက်ကို ဖြည်းဖြည်း ထွက်ရာ၏။
♠♠ ♠♠ ♠
လောက၌ ပညာရှိသည် သူမမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။
သူတည်းမေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။
လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း အခါခပ်သိမ်း များစွာကိုလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။
♠♠ ♠♠ ♠
လောက၌ ရေတိမ်ရေနက်ကိုကား ကုမုဒြာ ကြာကိုမြင်သဖြင့် သိအပ်၏။
အမျိုး ယုတ် မြတ် ကိုကား ကိုယ်အမူအရာ နှုတ်အမူ အရာအားဖြင့် သိအပ်၏။
ပညာရှိ မရှိကိုကား ဆိုသော စကားဖြင့် သိအပ်၏။
မြေကောင်း မကောင်းကိုကား မြက်ညှိုး မညှိုးကို မြင်သဖြင့် သိအပ်၏။
♠♠ ♠♠ ♠
လောက၌ နည်းသော သုတရှိသူသည် နည်းသောသုတကို အများအောက်မေ့ တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဖူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။
♠♠ ♠♠ ♠
လောက၌ ပထမ အရွယ်၌ကား အတတ်ပညာ မရတုံအံ့။
ဒုတိယ အရွယ်၌ကား ဥစ္စာ မရတုံအံ့။
တတိယအရွယ်၌ကား တရားမရတုံအံ့။
စတုတ္ထအရွယ်တိုင်ကား အဘယ်မူ စအံ့နည်း။
♠♠ ♠♠ ♠
အကြင် အမိသည် သားငယ်ကို အတတ်ပညာ သင်မပေး၊ အတတ်ပညာ သင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဘသည် အတတ်ပညာ သင်၍မပေး၊ အတတ်ပညာ သင်၍မပေးသော အဘသည် ရန်သူမည်၏။
ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။
♠♠ ♠♠ ♠
ထုံးမရှိသော ကွမ်းသည် အရသာမရှိ။
ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်းသည်လည်း အရသာမရှိ။
ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။
အတတ်မရှိသောသူ၏ ပျို့ကဗျာဖွဲ့ခြင်းသည်လည်း အရသာမရှိ။
♠♠ ♠♠ ♠
နာခြင်း၊ မှတ်ခြင်း၌ ကောင်းစွာ အားထုတ်သောသူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ သုတပညာဖြင့် အနက်ကို သိ၏။ သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။
♠♠ ♠♠ ♠
လောက၌ အစာစားခြင်းသည် လည်းကောင်း မေထုံမှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည် လည်းကောင်း၊ နွား၌ လည်းကောင်း၊ ယောင်္ကျား၌ လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောင်္ကျားအား အထူးပေတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။
♠♠ ♠♠ ♠
လောက၌ အတတ်ပညာနှင့်တူသော အဆွေးခင်ပွန်းသည် မရှိ။
အနာနှင့်တူသော ရန်သူသည် မရှိ။
ကိုယ်နှင့်တူသော ချစ်သောသူမည်သည် မရှိ။
ကံနှင့်တူသော အားသည် မရှိ။
လောက၌ ဟင်္သာသည် ကျီးတို့၏ အလယ်၌ မတင့်တယ်။
ခြင်္သေ့သည် နွားတို့၏ အလယ်၌ မတင့်တယ်။
မြင်းသည် ဖြည်းတို့၏ အလယ်၌ မတင့်တယ်။
လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။
♠♠ ♠♠ ♠
လောကနီတိ
(ပဏ္ဍိတကဏ္ဍ)

0 မှတ်ချက်များ for "ပညာရှိ တို့ကို ဆိုသော အပိုင်း"