မလေးရှားနှင့် စင်ကာပူတွင် အလုပ်သမား သံအရာရှိ ထားမည်

မြန်မာအလုပ်သမားများ အခွင့်အရေးကို ကာကွယ်
ပေးရန် မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတွင် အလုပ်သမားရေးရာ သံအရာရှိ (Labour Attache) ကို ၂၀၁၃ ခုနှစ်တွင် ခန့်အပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း က ပြောကြားသည်။ 

၂၀၁၃ ခုနှစ်တွင် ခန့်အပ်သွားမည် ဆိုသော်လည်း အချိန်ကာလ အတိအကျကို သေသေချာချာ မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။ 

“အမြန်ဆုံးဖြစ်အောင် ကြိုးစားနေပါတယ်” ဟု ဦးမြင့်သိန်းက ရှင်းပြသည်။ အဆိုပါ နိုင်ငံနှစ်နိုင်ငံတွင် Labour Attache ထားရန် ဘတ်ဂျက်ကိစ္စများကို ဆွေးနွေးရန် ကျန်နေသေးကြောင်း၊ အဆိုပါ နိုင်ငံများတွင် Labour Attache များ ထားနိုင်ခြင်း မရှိသေးသော်လည်း သံအမတ်နှင့် သံရုံးများကို ရွှေ့ပြောင်းအလုပ်သမား အခွင့် အရေး ကာကွယ်ပေးရန် အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြောင်း အလုပ်သမား ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

အလုပ်သမားရေးရာ သံအရာရှိ (Labour Attache ) များကို MoU (နှစ်နိုင်ငံသဘောတူညီမှု) စနစ်ဖြင့် အလုပ် သမားပို့ဆောင်နေသော တောင်ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ခန့်အပ်ထားပြီးဖြစ်ပြီး ၂၀၁၃ ခုနှစ် တွင် နိုင်ငံထပ်တိုး ခန့်အပ်ရန် စီစဉ်ခြင်းဖြစ်သည်။

 မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် ရွှေ့ပြောင်း အလုပ်သမား များရှိသော နိုင်ငံတိုင်းတွင် Labour Attache များ ခန့်အပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အောက်တိုဘာ ၂၂ ရက်နေ့တွင် ပြုလုပ်သော မြန်မာရွှေ့ပြောင်း လုပ်သားများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားသည်။ 

အလုပ်သမား သံအရာရှိများ ထားရှိသော ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့တွင် အသက်သေဆုံး
သော အလုပ်သမားများ၊ ထိခိုက်ဒဏ်ရာရှိသော အလုပ်သမားများကို လျော်ကြေးများ ရရှိစေရန်နှင့် အလုပ် သမား ပြဿနာများ ပေါ်ပေါက်ပါက ဖြေရှင်းပေးလျက်ရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

 မြန်မာအလုပ်သမားများစွာ ဝင်ရောက်လုပ်ကိုင်နေသော ယင်းနိုင်ငံများတွင် အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးရန် အလုပ်သမားသံအရာရှိ ထားသွားမည် ဆိုပါက အလုပ်သမား အခွင့်အရေး ပိုရ လာနိုင်ကြောင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ပြောကြားသည်။ 

“မလေးရှားမှာ မတော်တဆထိခိုက်တဲ့ အလုပ်သမားတွေက ဘာသာစကားတွေ မကျွမ်းကျင်တော့ လျော်
ကြေး မတောင်းတတ်ကြဘူး။ သံအရာရှိခန့်ပြီး အခွင့်အရေး တောင်းဆိုပေးမယ် ဆိုတော့ ကောင်းတာပေါ့” ဟု ကျောက်တံတားမြို့နယ်ရှိ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

0 မှတ်ချက်များ for "မလေးရှားနှင့် စင်ကာပူတွင် အလုပ်သမား သံအရာရှိ ထားမည် "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++