စားသုံးမှု၊ လူဦးရေနှင့် ဆုတ်ယုတ်နေသော ကမ္ဘာမြေ (Rio+20 အတွက် နှိုးဆော်ချက်)

အပြာရောင် ဂြိုဟ်ကမ္ဘာကြီးသည် တခုတည်းမက၊ တခုခွဲ ရှိနေသည့်အလားပင် လူ့အဖွဲ့အစည်းသည် သဘာဝ အရင်းအမြစ် များကို စားသုံးနေလျက်ရှိ သည်ဟု ယနေ့ ထုတ်ဝေသော သက်ရှိဂြိုဟ်ကမ္ဘာ အစီရင်ခံစာ အမည်ရှိ အစီရင်ခံစာ(Living Planet Report) က ဆိုပါသည်။ 

အကယ်၍ အစိုးရများနှင့် လူ့အဖွဲ့အစည်းများက စီး ပွားရေးလုပ်ငန်းများကို ယခင် လုပ်နေကျ အလေ့ အ ကျင့်အတိုင်း ဆက်လုပ်သွားမည်ဆိုပါက (၂၀၅၀) ခုနှစ် အရောက်တွင် ယခု (၃) နှစ်စာ သဘာဝ အရင်းအမြစ်များကို (၁)နှစ်အတွင်းမှာ ကုန်အောင် စား သုံးနိုင်လိမ့်မည်ဖြစ်သည်။ 

“တိုး၍တိုး၍ စားသုံးလာနေမှု၊ ရုပ်ကြွင်းလောင်စာများကို အားထားနေမှုတို့အပေါ် အခြေခံသော လက်ရှိ လူ သားဖွံ့ဖြိုး တိုးတက်ရေးစနစ်မှာ လူဦးရေတိုးပွားလာနေခြင်း၊ သဘာဝအရင်းအမြစ် စီမံအုပ်ချုပ်မှု ညံ့ဖျင်းခြင်း တို့ကလည်း ရှိနေပြန်ရာ ဤစနစ်သည် တာရှည်စခန်းသွားနိုင်သော စနစ်မဟုတ်သည်မှာ ရှင်းနေပါသည်” ဟု အစီရင်ခံစာမှာ ရေးသားထားသည်။

သဘာဝ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (World Wide Fund for Nature -WWF)၊ လန်ဒန် သတ္တဗေဒအသင်း (Zoolo gical Society of London -ZSL) နှင့် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာရေးအဖွဲ့ (Global Fo otprint Network) တို့ ပြုစုသော သက်ရှိဂြိုဟ်ကမ္ဘာ အစီရင်ခံစာ (Living Planet Report) သည် လူသား  တို့၏ ကမ္ဘာ့ အရင်းအမြစ်များ စားသုံးပုံကို လေ့လာသော (၂) နှစ် တကြိမ်ထုတ် အစီရင်ခံစာဖြစ်သည်။

ဤနှစ်အစီရင်ခံစာသည် ဘရာဇီးနိုင်ငံမှာ ကျင်းပမည့် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ထိပ်သီး
ဆွေးနွေးပွဲမတိုင်မီ လ အနည်းငယ်ခန့်မှာ ပေါ်ထွက်လာခြင်းဖြစ်သည် (ယခုအစီရင်ခံစာမှာ ဖေါ်ပြ ထား
သောအခြေအနေများသည် ယခင် အစီရင်ခံစာမှာ ဖေါ်ပြထားသည်များထက် ပို၍ဆိုးရွားသည်)။ Rio+20 ဟုခေါ်သော ထိပ်သီး ဆွေးနွေးပွဲသည် (၁၉၉၂) ခုနှစ်က ကျင်းပခဲ့သော သမိုင်းဝင် Rio ထိပ်သီးဆွေးနွေးပွဲ
နောက်ပိုင်း နှစ်ပေါင်း (၂၀) အကြာမှာ ကျင်းပမည့် ဆွေးနွေးပွဲ ဖြစ်သည်။

“မူလ ကမ္ဘာမြေဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်းမှာ ရှေ့ကို ကျနော်တို့ခြေလှမ်းတချို့ လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခြေလှမ်းတွေက အေးတိအေးစက် နိုင်လှပါတယ်။ ဒါကြောင့် Rio+20 ဆွေးနွေးပွဲဟာ လိုအပ်တဲ့ အတိုင်းအတာ အလျောက် လုပ်စရာရှိတဲ့ လုပ်ငန်းတွေကို မြန်မြန်ထက်ထက် လုပ်ဆောင်အောင် တွန်း
ဆော်ပေးဖို့ လိုပါတယ်။ အနာဂတ် ကမ္ဘာမြေအတွက် ကျနော်တို့ ဖန်တီးပေးနေတဲ့ အနာဂတ်ဟာ အနာဂတ် မျိုးဆက်တွေအတွက် ကျနော်တို့ ချန်ထား ပေးလိုတဲ့ အမွေပဲ ဆိုတာကို ထင်ဟပ်ပြဖို့ ကျနော်တို့အတွက် အခွင့်အရေး တရပ်ပါပဲ။”ဟု WWF (ယူကေနိုင်ငံ) ၏ အကြီးအကဲဖြစ်သူ ဒေးဗစ်နတ်စ်ဘွန်းက သတင်း စာရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့သည်။

သဘာဝအရင်းအမြစ်များကို ဖျစ်ညှစ်သုံးစွဲနေခြင်း ကမ္ဘာမြေပေါ်ရှိ လူဦးရေသန်း (၇, ၀၀၀) သည် လော
လောဆယ်၌ ပြန်လည် အစားရနိုင်သော အရင်းအမြစ်မျာ (စိုက်ပျိုး နိုင်သောမြေ၊ ငါး၊ သစ်တော၊ စားကျက်
မြေ၊ အဆောက်အဦး ဆောက်လုပ်သောသော မြေ၊ ကာဘွန်တို့အပါအ၀င်) ကို အလွန်အကျွံ (၅၀ % ခန့်) သုံးစွဲနေကြသည်ဟု အစီရင်ခံစာက ဆိုပါသည်။ (၁၂) လ အသုံးပြုလိုက်သော အရင်းအမြစ် များကို ပြန် လည် အစားဖြည့်ပေးရေးအတွက် သဘာဝသည် (၁၈) လ အချိန်ယူရသည်ဟု သဘောသက်ရောက်သည်။

“ပြန်လည် အစားရနိုင်သော အရင်းအမြစ်များကို သုံးစွဲခြင်းက ပြန်လည်အစားရနိုင်သည်ထက် မြန်သည်။ ဘဏ်စာရင်းထဲမှ ငွေများကို အလွန်အကျွံ ထုတ်ယူ သုံးစွဲနေသကဲ့သို့ဖြစ်ပြီး၊ နောက်ဆုံးမှာ အရင်းအမြစ် များ ပြောင်တလင်းခါ သွားလိမ့်မည် ဖြစ်သည်။” ဟု အစီရင်ခံစာက ရှင်းပြထားသည်။ 

“လောလောဆယ်၌ နေရာ ပြောင်း သုံးစွဲ၍ ရနိုင်သေးသည်။ သို့ရာတွင် ဤစားသုံးနှုန်းအတိုင်း ဆက်လက် စားသုံးမည်ဆိုပါက နောက် ဆုံးမှာ သုံးစွဲစရာ အရင်းအမြစ်ရရှိရာနေရာများလည်း ကုန်သွားလိမ့်မည်ဖြစ် သည်။ (ထို့ပြင်၊ အရင်းအမြစ်များ တက်တက်စင် ကုန်ခန်းမသွားမီမှာပင် အချို့သော ဂေဟစနစ်များ တိမ်းပါး သွားလိမ့်မည်ဖြစ်သည်)။”

အစီရင်ခံစာ၏ ဇီဝမျိုးစိတ်များ စုံလင်ထွေပြားမှုဆိုင်ရာ အမြင်အရ၊ ဂေဟစနစ်များသည် အထူးသဖြင့် အပူ ပိုင်းဒေသ များတွင် ကြီးလေးစွာ ဖိစီး နှိပ်စက်ခံနေရသည်။ အစီရင်ခံစာက ဆိုထားသည်မှာ စံချိန်အဖြစ် သတ်မှတ်ထားသော (၁၉၇၀) ခုနှစ် နောက်ပိုင်းမှာ ဇီဝမျိုးစိတ်များသည် တကမ္ဘာလုံး အတိုင်းအတာအရ ၂၈% ကျဆင်းသွားခဲ့သည်။ ကမ္ဘာတ၀ှမ်းလုံးမှ ကျောရိုးရှိ သတ္တ၀ါမျိုးစိတ်ပေါင်း (၂၆၈၈) မျိုးကို လေ့လာ လျက်၊ သုတေသီများက ဤမျိုးစိတ်များ၏ ဦးရေသည် အပူပိုင်း ဒေသများတွင် (၁၉၇၀) နှင့် (၂၀၀၈) ခုနှစ် အတွင်း ထိုးကျသွားခဲ့ (၆၁ %) ကြောင်း အသေးစိတ် လေ့လာတွေ့ရှိခဲ့သည်။ အပူပိုင်းဒေသများရှိ ရေချို မျိုး စိတ်များ၏ ဦးရေသည် ၇၀% ကျဆင်းသွားခဲ့ပြီး၊ အဆိုးရွားဆုံးဖြစ်သည်။

သို့ရာတွင် သမပိုင်း ဒေသများတွင်မူ တောရိုင်းတိရစ္ဆာန် ကောင်ရေသည် အမှန်တကယ်ပင် တိုးလာခဲ့သည်။ (၁၉၇၀ ခုနှစ် နောက်ပိုင်းမှာ ၃၁% တိုးလာခြင်းဖြစ်သည်။ ဤအချက်သည် အစီရင်ခံစာထဲမှ အားတက်စရာ အကောင်းဆုံး အချက် ဖြစ်နေသည့်တိုင်၊ ဤတောရိုင်းတိရစ္ဆာန်များသည် အလွန်အကျွံ ဖမ်းယူ စားသောက် ခံရပြီး၊ ရာစုနှစ်ပေါင်းများစွာ ကောင်ရေကျ ဆင်းခဲ့ရာမှနေ၍ ပြန်လည်တိုးပွားလာခဲ့ခြင်းဖြစ်ကြောင်း ထင် ဟပ် ပြ နေပါသည်။ သို့ရာတွင် ဤအချက် ကြောင့် အပူပိုင်းဒေသ မျိုးစိတ်များသည်လည်း အခွင့်အလမ်းရှိ လျှင် ကောင်ရေ ပြန်လည် တိုးပွားလာနိုင်ကြောင်း မျှော်လင့်နိုင်ပါသည်။

ရေချိုနှင့် အခြားသော အရင်းအမြစ်များကို ခွဲခြားလေ့လာခဲ့သော ဤအစီရင်ခံစာက တွေ့ရှိခဲ့သည်မှာ (၁၉၉၆) နှင့် (၂၀၀၅)ခုနှစ် အတွင်းမှာ ကမ္ဘာ့ရေ ညစ်ညမ်းမှု ပမာဏသည် နှစ်စဉ် (၉) ကုဗ ထရီလျံမီတာ ရှိသည်ဟူ၍ဖြစ်သည်။ တကမ္ဘာလုံး၌ ရေသုံးစွဲမှု၏ ၉၂% သည် စိုက်ပျိုးရေးအတွက်ဖြစ်ပြီး၊ ကမ္ဘာ့လူဦး ရေ၏ ၄၀% သည် တနှစ်လျှင် အနည်းဆုံး တလခန့် အကြီးအကျယ် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည်။

“ဂေဟစနစ် ကပ်ဆိုက်ခြင်းဟာ ကြီးထွားလာနေတဲ့ စီးပွားရေးကပ်ဆိုက်မှုအတွက် တွန်းအားပေးတဲ့ အချက် အလက်တခု ဖြစ်လာနေပါတယ်။ သဘာဝ အရင်းအမြစ်ပစ္စည်းတွေ ကုန်ခမ်းသွားတာဟာ အန္တရာယ်ရှိပေ မယ့် တိုင်းပြည် အများစုဟာ သဘာဝ အရင်းအမြစ်တွေကို ပိုပိုပြီး ထုတ်ယူနေကြပါတယ်။ 

ဇီဝစွမ်းအားတွေ လျော့ပါးနေခြင်းကို သိရှိတာ၊ စီမံ အုပ်ချုပ်တာတွေ မလုပ်သေးသရွေ့တော့ ကမ္ဘာမြေကြီးကို အန္တရာယ် ရှိစေရုံတင် မကဘဲ၊ သည့်ထက်ပို အရေးကြီးတာက မိမိတို့ကိုယ် မိမိတို့ အန္တရာယ် ပိုရှိလာစေခြင်း ပဲ ဖြစ်ပါတယ်။”ဟု ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု လေလာရေးအဖွဲ့ (Global Footprint Network) ၏ သဘာပတိ၊ မက်သစ် ၀က်ကာနာဂဲ Mathis Wackernagel က သတင်း ထုတ်ပြန်ချက်တခု မှာ ပြောကြား ခဲ့သည်။

တကယ်တော့ အချို့တိုင်းပြည်များက အခြားသော တိုင်းပြည်များထက် များစွာ ပို၍ အရင်းအမြစ်များကို စားသုံးကြသည်။ အကယ်၍ လူတိုင်းလူတိုင်းသာ အမေရိကန် တယောက်ပျမ်းမျှ စားသုံးသလောက် စားသုံးမည် ဆိုပါက ကမ္ဘာကြီး ၄ ခု လိုပါလိမ့်မည်။ ကမ္ဘာ့စားသုံးမှုအဆင့်သည် အင်ဒိုနီးရှား လူမျိုးတို့ စားသုံးမှု အဆင့်မျှသာရှိလျှင် လက်ရှိကမ္ဘာကြီး၏ (၃) ပုံ (၂)ပုံ မျှသာ လိုပါမည်။ 

အမေရိကန်ပြည်ထောင်စုသည် ဂေဟစနစ် အကြီးမားဆုံး ထိခိုက်ခံနေရသော တိုင်းပြည်များတွင် ပဉ္စမ
မြောက်ဖြစ်သည်။ ပိုဆိုးသောတိုင်းပြည်များမှာ ကာတာ၊ ကူဝိတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒိန်း မတ်တို့ ဖြစ်သည်။ ဂေဟစနစ်အကောင်းဆုံး တိုင်း ပြည်များမှာ ဘယ်လ်ဂျီယန်၊ သြစတေးလျ။ ကနေဒါ၊ နယ်သာလန်၊ အိုင်ယာလန်တို့ဖြစ်သည်။

အောက်ဆုံးတိုင်းပြည် (၁၀) ပြည်တွင် နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတ်တို့အပြင်၊ စစ်ပွဲဒဏ် သို့မဟုတ် ဂေဟ စနစ်များ တိမ်းပါးသွားခြင်းဒဏ်ကို ခံရသောတိုင်းပြည်များ (ဟေတီ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အာ ဖဂန်နစ္စတန်၊ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေတို့ အပါအ၀င်) ပါဝင်သည်။ ရေရှည်ရပ်တည်နိုင်ရေး အ တွက်ဆိုလျှင်၊ အောက်ဆုံးအဆင့် တိုင်းပြည်များက တဦးချင်း စားသုံးမှုနှုန်းကို မြှင့်တင်ရန်နှင့်၊ ထိပ်ဆုံး အ ဆင့် တိုင်းပြည်များက စားသုံးမှုကို လျှော့ချရန် လိုအပ်သည်ဟု ကျွမ်းကျင်သူ ပညာရှင်များက ဆိုပါသည်။ 

သဘာဝ အရင်းအမြစ်များကို ပို၍ကောင်းစွာ စီမံအုပ်ချုပ်ခြင်း၊ ယခု ရှိနေသော သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး နည်းပညာများကို အသုံးပြုခြင်း၊ သဘာဝအရင်းအမြစ်များကို အလေအလွင့် နည်းနိုင်သမျှနည်းစွာ သုံးစွဲခြင်း၊ ဖြုန်းတီးမှု မရှိခြင်းတို့အပြင် ယဉ်ကျေးမှု ပြောင်းလဲခြင်းတို့ဖြင့် စားသုံးမှု ပုံစံကို ပြောင်း လဲနိုင်ဖွယ် ရှိသည်။

ပြဿနာ အတော်များများသည် ကျင့်ဝတ်နှင့်ဆိုင်ပါသည်။ “အကြောင်းမှာ အဆင်းရဲဆုံး ဖြစ်နေသူများသည် လူသား တရပ်လုံး၏ ဂေဟစနစ်ကို အနည်းဆုံး ထိခိုက်စေသူများ ဖြစ်နေသော်လည်း သဘာဝပတ်ဝန်း ကျင်နှင့် သက်ဆိုင်သော ရှားပါးမှုနှင့် ဆုတ်ယုတ် ပျက်စီးမှုများ၏ဒဏ်ကို တဘက်စောင်းနင်း ခံရဖွယ်ရှိသူ များ ဖြစ်နေသောကြောင့်ပင်။”

ရိုင်ယို (Rio+) လမ်းကြောင်းအတိုင်း ချီတက်မည်လော ပျက်စီးဆုံးပါးခံမည်လော။ စာမျက်နှာ (၈၅) မျက်နှာ ပါ အစီရင်ခံစာက အကျဉ်းချုပ်နှင့်တကွ Rio+ ပါဝင် တက်ရောက်သူများအား တင်ပြကာ၊ အစိုးရများနှင့် လူ့အဖွဲ့အစည်းများအား အကြံပြုချက် ဒါဇင်ပေါင်း များစွာ ပေးထားသည်။

ဇီဝမျိုးစိတ်များ မဆုံးရှုံးရေး၊ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးတို့အတွက် ငါးလုပ်ငန်းကြီးများ ငါးအ လွန်အကျွံ ဖမ်းခြင်းကို ပိတ်ပင်ခြင်း၊ ကမ္ဘာ့သမုဒ္ဒရာကြီးများ၏ အဏ္ဏ၀ါ ဘေးမဲ့နယ်မြေများကို ၂၀% အထိတိုး ချဲ့ခြင်း၊ ကမ္ဘာတ၀ှမ်း လုံးရှိ ပျက်စီးနေသော ဂေဟစနစ်များကို ပြန်လည် အဖတ်ဆည်ခြင်းတို့ဖြင့် (၂၀၂၀) ခုနှစ် အရောက်တွင် သစ်တောများ ပြုန်းတီးမှုနှင့် ဆုတ်ယုတ် ပျက်စီးမှု လုံးဝ မရှိအောင် ဆောင်ရွက်ရန် အစီရင်ခံစာက အကြံပြုထားသည်။

ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှု တိုးလာနေခြင်း (ဤအချက်သည် ဂေဟစနစ် အကြီးအကျယ် ထိခိုက်နေ
သော တိုင်းပြည်များနှင့် အောက်ဆုံးအမှတ်သို့ နီးကပ်နေသော တိုင်းပြည်များ၏ မတူခြားနားချက်ဖြစ်သည်) ကို ဟန့်တားရေး အတွက်၊ ၂၀၃၀ ခုနှစ် အရောက်တွင် ကမ္ဘာ့စွမ်းအင်လိုအပ်ချက် ၄၀ % ကို ပြန်လည် အစားရနိုင်သော အရင်းအမြစ် များဖြင့် အစားထိုးရန်နှင့်၊ (၂၀၅၀) ခုနှစ်တွင် ၁၀၀ % အစားထိုးရန် အစီရင်ခံစာက အကြံပြုထားသည်။ အလားတူပင် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုအတွက် ပေးသော အစိုးရ၏ အထောက်အပံ့ များကိုလည်း ဖြတ်ပစ်ရမည်ဟု အစီရင်ခံစာက ဆိုပါသည်။ “လက်ကိုင်ဖုန်းများက ကုန်းမြေ နယ်နိမိတ်များကို ခုန်ပျံ ကျော်လွှားသွားနိုင်သလောက် အစားပြန်ရနိုင်သော စွမ်းအင်က ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ရုပ်ကြွင်းလောင်စာကို ခုန်ပျံ ကျော်လွှားနိုင်မည်လား”ဟု အစီရင်ခံစာက မေးခွန်း ထုတ်ထားသည်။ 

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစား ပြန်ရနိုင်သော စွမ်းအင်ကို တိုး၍ သုံးစွဲခြင်းသည် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ် မှုကို ကျဆင်း သွားစေနိုင်သည့်အပြင်၊ ထင်းနှင့် မီးသွေး သုံးစွဲမှုကြောင့် ဖျက်ဆီးခံနေရသော သစ်တောများ ကိုလည်း ကာကွယ်ပေးရာ ရောက်ပါသည်။

စက်မှုထွန်းကားသော တိုင်းပြည်များတွင် ဂေဟစနစ်ကို အကြီးအကျယ် ထိခိုက်စေသည့် အလွန်အကျွံ စားသုံးမှုကို စားကြွင်း စားကျန် စွန့်ပစ်မှု နည်းစေခြင်း၊ စွမ်းအင် လိုအပ်မှု လျှော့ချခြင်း၊ အမဲသား၊ နို့နှင့် နို့ထွက် ပစ္စည်းများ လျှော့စားရန် တိုက်တွန်းခြင်းအားဖြင့် ဖြေရှင်းရန်လည်း အစီရင်ခံစာက အကြံပြုထားသည်။

အစိုးရများ အနေနှင့် “အောင်မြင်မှု” ကို စီးပွားရေး ကြီးထွားမှုဖြင့်သာ တိုင်းတာမည့်အစား နောက်ထပ် အခြား အကြောင်း အချက် များဖြင့်ပါ တိုင်းတာသင့်သည်။ ဈေးကွက်သည်လည်း သဘာဝနှင့် ပတ်သက်၍ စီးပွားရေး တန်ဖိုးတရပ် ထားသင့်သည်။ လူဦးရေ အလွန်အကျွံ ကြီးထွားမှုကို ဟန့်တားရေးအတွက် အမျိုးသမီးများကိုသာမက အမျိုးသားများကိုပါ ပဋိသန္ဓေတားဆေးများ ထောက်ပံ့သင့်သည်။ အထူးသဖြင့် အမျိုးသမီးများအဖို့ ပညာရေး အခွင့်အလမ်းများ ပို၍ လိုအပ်သည်။


Rio+20 ဆွေးနွေးပွဲ မစခင်ကတည်းကပင်၊ ဝေဖန်သံများ ပေါ်ထွက်နေနှင့်သည်။ အစိုးရများသည် ယခင်က ကဲ့သို့ပင် သိပ္ပံ ပညာရှင်များ၏ သတိပေးချက်များကို အလေးမထားဘဲ နေကြပြီး၊ ကမ္ဘာတ၀ှမ်းလုံးနှင့် ဆိုင်သော ရာသီဥတု ပြောင်းလဲခြင်း၊ ဇီဝမျိုးစိတ်များ ဆုံးရှုံးခြင်း၊ အရင်းအမြစ်များ ရှားပါးလာခြင်း၊ ဆင်းရဲ မွဲတေခြင်း ပြဿနာများ ဖြေရှင်းရေးတွင် အပြော သက်သက်သာ (သို့ရာတွင် ယခင်ထက် အနည်းငယ် ပို၍ပြောမည်) ရှိနေလိမ့်မည် ဟူ၍ဖြစ်သည်။

“ကမ္ဘာ့ အစိုးရတွေထဲကနေ ဒီပြဿနာတွေကို တက်ညီလက်ညီနဲ့ တကယ်တမ်း ရှေ့တိုး ဖြေရှင်းပေး မယ့် ခေါင်းဆောင်စု ပေါ်ထွက်လာဖို့ လိုပါတယ်။ ဒီခေါင်းဆောင်စုက ကမ္ဘာ့စီးပွားရေးအတွက် လမ်းကြောင်း သစ် ချမှတ်ပေးတဲ့ သဘောနဲ့ ရိုင်ယို (Rio)မှာ ဆုံးဖြတ်ချက် တချို့ကို ချမှတ်နိုင်ပါလိမ့်မယ်”ဟု WWF ၏ညွှန် ကြားရေးမှူးချုပ် ဂျင်လိ(Jim Leape) က ဆိုပါသည်။

မောက္ခ မှ
မောင်မောင်သန်း မြန်မာပြန်သည်
Consumption, population, and declining Earth: wake-up call for Rio+20

0 မှတ်ချက်များ for "စားသုံးမှု၊ လူဦးရေနှင့် ဆုတ်ယုတ်နေသော ကမ္ဘာမြေ (Rio+20 အတွက် နှိုးဆော်ချက်)"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++