မြန်ပြည် အနှံ့ တောင်ကတုံးတွေ ပြန့်တော့မည်လား

ပဲခူးရိုးမ သစ်လျှော့ ခုတ်တော့မည် ဟူသောခေါင်း စဉ်ဖြင့် မတ်လ ၁၅ ရက်နေ့ထုတ် ဂျာနယ် တစ်စောင်၌ ဖော်ပြထားသော သတင်းတစ်ပုဒ်ကို ဖတ်လိုက် ရသည်။

ပဲခူးတိုင်းဒေသကြီးမှ သစ်ထုတ်လုပ်မှုသည် ထာဝ စဉ် ညီ သစ်တော စီမံခန့်ခွဲမှု အခြေခံထားသည့် နှစ် စဉ်တောထွက်ထက် ကျော်လွန်ကြောင်း၊ အဆို ပါဒေ သ၏ သစ်ထုတ်လုပ်မှုသည် ပျမ်းမျှအားဖြင့် တစ်နိုင်ငံလုံးတွင် ထုတ်ယူခဲ့သည့် ပမာဏ၏ ၂၅ ရာခိုင် နှုန်းခန့်ရှိကြောင်း၊ ထို့အတွက် ၂၀၁၂-၂၀၁၃ ခုနှစ်မှ စတင်ပြီး သစ်ထုတ်လုပ် မှုလျှော့ချကာ အနားပေးမည့် သစ်တောများ သတ်မှတ်ခြင်း ၊ ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အစီအစဉ် များ ရေးဆွဲပြီး အလေးထားဆောင်ရွက်လျက်ရှိရာ ပဲခူးရိုးမသည် ဦးစားပေးဧရိယာတစ်ခုအဖြစ် ပါဝင်ရန် ရှိကြောင်း၊ ထိုကဲ့ သို့ ဆောင်ရွက်ရာတွင် ပဲခူးတိုင်း ဒေသကြီးတစ်ခုတည်းသာမက ကျန်တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် လည်း သစ်ထုတ်လုပ်မှုလျှော့ချခြင်း၊ တစ်နေရာတည်းမှ သစ်အများအပြားထုတ်လုပ်မှုကို စိစစ်ချိန်ဆ ထိန်း ညှိခြင်း၊ ပြည်တွင်းလိုအပ်ချက်အပေါ်ကိုသာ ချိန်ဆထုတ်လုပ်ခြင်း၊ အနားပေးသင့်သည့် သစ်တောများ ကို စိစစ်ရွေးချယ် အနားပေး ပြုစု ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်ဟု အဆိုပါ သတင်းတွင် ရေးထားပါသည်။

(Popular News-Vol-4, Nov 11, March 15, 2012) အဆိုပါ သတင်းသည် မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ် မှု ပမာဏကို လျှော့ချမည့်အကြောင်း တောတွင်းသစ်ထုတ် လုပ်ငန်း၌တာဝန်အရှိဆုံးပုဂ္ဂိုလ်မှ ပြောဆို သွားသောစကားဖြစ်သည်။

ထိုစကားကြားရသူများအဖို့ မြန်မာ့ သစ်တောပြုန်းတီးမှု အခြေအနေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြသူများ အတွက် မင်္ဂ္လာသတင်းတစ်ခုဖြစ်သည်။ နားဝင်လည်း အလွန်ချိုလှ၏။ စင်စစ် သစ်ထုတ်လုပ်မှု ပမာဏလျှော့ချ မည်ဆိုသည့် စကားသံများကို၂၀၁၀-၂၀၁၁ ဘဏ္ဍဍာနှစ်မစခင်ကတည်းက ကြားခဲ့ရခြင်းဖြစ်သည်။ 

'လာမည့်ဘဏ္ဍဍာနှစ်မှစ၍ သစ်ထုတ်လုပ်မှုလျှော့ချရန်စီစဉ်'ဟူသော ခေါင်းစဉ်ဖြင့် ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်တွင် သတင်းတစ်ပုဒ်ဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရသည်။ ထိုစကားကို မြန်မာနိုင်ငံ သစ်လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌဌက ၂၀၁၀ပြည့်နှစ်၊ မတ်လတွင် နေပြည်တော်၌ကျင်းပသော ယင်းအသင်း၏ (၁၆)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီ အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်၏။

 သို့သော် မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုလျှော့ချရေးစီမံကိန်းတွင် နှစ်စဉ်သစ်ထုတ်လုပ်မှုများအနက်မှ ရာခိုင်နှုန်းမည်မျှအထိ လျှော့ချထုတ်လုပ်မည်ကိုမူအသင်းအနေဖြင့် အတိအကျမသိသေးကြောင်းလည်း ဆိုထားသည်။ အတိအကျ မသိသေးကြောင်း ဆိုထားသည် နှင့်အညီ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဌ၏ စကားသည် အမှန်တကယ် ဖြစ်ပေါ်လာခြင်း မရှိခဲ့ချေ။ 

တစ်ဖန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလထုတ်ဂျာနယ်တစ်စောင်တွင် သစ်ထုတ်လုပ်မှုပမာဏလျှော့ချမည်ဆိုသည့် သတင်းတစ်ပုဒ်ပါလာပြန်သည်။ သစ်ထုတ်လုပ်မှုပမာဏကိုလာမည့် ၂၀၁၂ ခုနှစ်တွင် ယခုထုတ်လုပ်မှု ပမာဏထက် ၂၀ ရာခိုင်နှုန်း၊၂၀၁၃ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့် ၂၀၁၅ခုနှစ် မတိုင်မီတွင် ၅၀ ရာခိုင် နှုန်းဖြင့်လျှော့ချသွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်ဟုဆို သည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ထုတ်ဝေသောဂျာနယ်တစ်စောင်၌လည်း 'နှစ်စဉ်သစ်ထုတ် လုပ်မှု ကို လျှော့ချနေပါတယ်။ ယခုနှစ် တန် ၁၂ သိန်းထုတ်ရာကနေ လာမည့်နှစ်မှာ ၄၀ ရာခိုင်နှုန်းလျှော့ချ သွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း' သတင်းရေးထားသည် ကိုဖတ်လိုက်ရသည်။

ထိုကဲ့သို့ သစ်ထုတ်လုပ်မှုပမာဏလျှော့ချမည့်အကြောင်း ပြည်ထောင်စုဝန်ကြီးအပါအဝင် အဓိကတာဝန်ရှိသူ များ၏ ပြောဆိုစကားများကို လေးစားယုံကြည်မိခဲ့ပါသည်။

သို့သော် ၂၀၁၂-၂၀၁၃ ဘဏ္ဍဍာနှစ်အတွက် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သော သစ်ထုတ်လုပ်မှု စီမံကိန်းလျာထားချက်ထွက်ပေါ်လာသောအခါဘယ်လိုများဖြစ်သွားပါလိမ့်ဟုသာ မှတ်ချက်ပြုနိုင်ပါသည်။ 

၂၀၁၂-၁၃ ဘဏ္ဍဍာနှစ်တွင် ကျွန်းသစ်လုံး ၂၃၂,၉၈၆ ကုဗတန်၊ ပါယ်ကျွန်း၂၃,၂၉၈ ကုဗတန်နှင့် သစ်မာ သစ်လုံး၂၂၆၃,၂၅၈ ကုဗတန် ထုတ်လုပ်ရန်အသီးသီးသတ်မှတ်လျာထားကြောင်းတွေ့ရသည်။ 

ယင်းသို့ဆိုလျှင် ကျွန်းသစ်ထုတ်လုပ်မှုရော သစ်မာထုတ်လုပ်မှုတွင်ပါလာသည့် ထာဝစဉ်ညီတောထွက် စီမံ ခန့်ခွဲမှုစနစ် (SFM)နှင့်အညီ သတ်မှတ်ထားသော နှစ်စဉ်တောထွက်ထက် ပိုမိုထုတ်လုပ်မည့်သဘော ဖြစ်နေ သည်။

တရားဝင်ထုတ်ပြန်ခဲ့သော စာရင်းများအရ ကျွန်းသစ်နှစ်စဉ်တောထွက်သည့်ကုဗတန် ၂ ဒသမ ၃ သိန်းဖြစ်
ပြီး သစ်မာနှစ်စဉ်တောထွက်သည် ၁၈ သိန်းသာဖြစ်သည်။ ယခုနှစ်ထုတ်လုပ်မည့်ကျွန်းနှင့် သစ်မာသည် တာဝန်ရှိပုဂ္ဂိုလ်ကြီးများပြောသကဲ့သို့ လျော့မသွားဘဲ သတ်မှတ်နှစ်စဉ် တောထွက် (Prescribed AAC) ထက်ပင် ၁၃ ရာခိုင်နှုန်းနှင့် ၂၆ရာခိုင်နှုန်းခန့်စီပိုနေကြောင်း တွေ့ရ၏။

သို့ဆိုလျှင် မြန်မာ့သစ်တောများမှ အဖိုးတန်သစ်များကို ရေရှည်ခုတ်လှဲထုတ်လုပ်အသုံးပြုနိုင်ရန် အတွက် လည်းကောင်း၊ သစ်တောဖြုန်းတီးမှုကိုကာကွယ်ရန်အတွက်လည်းကောင်း၊ ကိုလိုနီခေတ်ကတည်းက တစိုက်မတ်မတ်ကျင့်သုံးခဲ့သော မြန်မာ့ရွေးချယ်ခုတ်လှဲနည်းစနစ်(Myanmar Selection System - MSS)ကို မျက်ကွယ်ပြုပြီး သစ်ထုတ်ဦးကြမည်လော။

ပြည်ထောင်စုဝန်ကြီးအပါအဝင်အဆင့်မြင့်နိုင်ငံ ဝန်ထမ်းများက လျှော့ထုတ်ပါမည်ဟု ဆိုထားပါလျက် အဘယ်ကြောင့် တိုးထုတ်ရန်လျာထားကြပါသနည်း၊ ဤအခြေအနေကို နိုင်ငံအကျိုးပြု ပြည်သူ့ လွှတ်တော် အမတ်မင်းများမသိကြပါသလော၊ သို့တည်းမဟုတ်တေးသံရှင် ထက်နေခြည်သီဆိုသောသီချင်းကဲ့သို့ 'နောက်ဆုတ်ဖို့ကြိုးစားရင်း ရှေ့တိုးမိ' ကြပြီလော၊ အဘယ့်ကြောင့်နောက်မဆုတ်နိုင်ကြပါသနည်း။ 

စာရေးသူ၏အမြင်တွင် လက်ရှိကျင့်သုံးလျက်ရှိသော အစိုးရနှင့် ပုဂ္ဂလိကတို့၏ အကျိုးတူပူးတွဲသစ် ထုတ် စနစ်သည်နောက်ဆုတ်၍ မရနိုင်လောက်အောင်အတားအဆီးဖြစ်နေဟန်တူသည်။ လျှော့ထုတ်လျှင် ကိုယ်ကျိုးစီးပွားထိခိုက်မည်။

သို့ဖြစ်၍ မည်သူက မည်သို့ပင်ဆိုစေ၊ကန့်ကွက်စေ တိုးထုတ်မည်ဟူသည့် ဝိသမလောဘစိတ်ကို ချိုးနှိမ်၍ မရဖြစ်နေကြဟန်တူသည်။

စင်စစ် မြန်မာနိုင်ငံ၏ လက်ရှိကုဋေကြွယ်သူဌေး အများစုသည် သစ်ထုတ်လုပ်ငန်းနှင့် ကင်းခဲ့သူများ မဟုတ်ကြ။ သူတို့ကြွယ်ဝချမ်းသာလာပုံကိုမြင်၍ သစ်ထုတ်လုပ်ငန်းတွင်းသို့ နောက်ထပ်တိုး ဝင်လာသူအများ အပြားရှိသည်။ နောက်မှ ဝင်လာသူများသည် အဝင်နောက်ကျသော်လည်း ရှေ့သို့ရောက်အောင် အရှိန် အဝါဖြင့် တိုးဝင်ကြခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ် လုပ်ငန်းစတင်ချိန်က လက်ချိုးရေ၍ရသောအရေအတွက် သည် ယခုအခါ ရာဂဏန်းမျှရှိနေပြီးအကျိုးတူ သစ်ထုတ်လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိက ကုမ္ပဏီတို့ ၏ ထုတ်လုပ်မှုပမာဏသည် နှစ်စဉ်စုစုပေါင်းထုတ်လုပ်မှုပမာဏ၏ ၇၅ ရာခိုင်နှုန်းရှိသည် ဟုဆို သည်။
 
 ခြင်္သေ့ဝေစုကိုရယူထားကြခြင်းဖြစ်၏။ ပုဂ္ဂလိကတို့ရကြသော ဝေစုမှန်သမျှ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့ခွင့်ရထားသည်ဖြစ်ရာ ဆူလွယ်နပ်လွယ်ငွေဝင်လွယ်သောလုပ်ငန်းကိုမည်သူမျှ လက်မလွှတ်ချင်ကြ။

 ငွေအားဖြင့် ဖိ၍သော်လည်းကောင်း၊ အရှိန်အဝါ သုံး၍ သော်လည်းကောင်း သစ်ထုတ်လုပ်မှု ပမာဏလျှော့ ချမည့်ကိစ္စကို နည်းမျိုးစုံဖြင့် ထားကြလိမ့်မည်။ ယင်းသို့ဆိုလျှင် မြန်ပြည်အနှံ့ တောင် ကတုံးတွေ ပြန့်တော့ မည်လား။

0 မှတ်ချက်များ for "မြန်ပြည် အနှံ့ တောင်ကတုံးတွေ ပြန့်တော့မည်လား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++