အမှိုက်ပုံကြီး ဖြစ်နေသော ရန်ကုန်

ရန်ကုန်မြို့ကြီးဟာ လူနေအိမ်ခြေများစွာနဲ့ တည်ထားတဲ့မြို့
ဖြစ်တဲ့အပြင် နိုင်ငံတကာလေဆိပ်၊ ဆိပ်ကမ်းတွေ ရှိတဲ့ အတွက် အစိုးရရုံးများ အခြေစိုက်ရာ မြို့တစ်မြို့ မဟုတ်ငြား လည်း စည်ကားကြီး ကျယ်သော မြို့ကြီး ပါ။ လေယာဉ် လမ်းကြောင်းက ၀င်ရောက်လာတဲ့ နိုင်ငံခြားခရီးသည်တွေ၊ သံတမန်တွေ၊ စီးပွားးရေး လုပ်ငန်းရှင်တွေ၊ အမိမြေနဲ့ ဝေး ကွာနေတဲ့ အိမ်သူအိမ်သားတွေ ပြန်လာကြတဲ့ မြန်မာပြည်ရဲ့ အဓိက အချက်အချာကျတဲ့ မြို့ကြီး ဆိုတာ မငြင်းနိုင်ပါဘူး။

ဆယ်စုနှစ်ပေါင်းများစွာကို ဖြတ်သန်းပြီးတဲ့နောက် ရန်ကုန်မြို့ ကြီးဟာ ဒီဗွီဘီ ရုပ်သံက နေဇော်နိုင် ပြောသလို တကယ့်ကို ဂိုဒေါင်ပျက်ကြီး တစ်လုံးလိုပါပဲ။ နှမြောစရာပေါ့။

စည်းမဲ့ကမ်းမဲ့ ပိုပိုဖြစ်လာတဲ့ တိုင်းသူပြည်သားတွေနဲ့ဆိုတော့ ပျက်စီးနေတဲ့ ဂိုဒေါင်ပျက်ကြီးဟာ သပ်သပ်ယပ်ယပ်လေး များဖြစ်လိုက်ရင် သန့်သန့် ရှင်းရှင်းလေးများဖြစ်လိုက်ရင် ထွက်ပြေးစရာမြေမရှိတဲ့ အတူတူ နေသာထိုင်သာလေးတော့ ရှိဦးမှာပါ။

ခုတော့ ပတ်ဝန်းကျင်ဟာ ကိုယ်နဲ့ မဆိုင်သလို၊ ကိုယ့်အိမ်ရှေ့နဲ့ကိုယ့်အိမ်နောက်ဖေးဟာ ကိုယ်နဲ့မဆိုင်သလို နေနေ ကြတာဟာ အံ့မခန်းပါပဲ။ နံနက်အိမ်ရှေ့ထွက်တော့ အမှိုက်ပုံ၊ ညနေ အိမ်နောက်ဖေးဘက် လှည့်တော့လည်း တစ် ထပ်တိုက်လောက် မြင့်နေတဲ့ အမှိုက်ပုံ။ ဘယ်လိုများ ဖြေရှင်းရမှာပါလိမ့်။

လူတွေကတော့ စည်ပင်သာယာက အမှိုက်ခွန် မှန်မှန် ကောက်ပြီးတော့ အမှိုက် မသိမ်းဘူးပေါ့၊ ကျွန်မတို့ ရပ်ကွက် မှာတော့ ကျွန်မအိမ်မှာ ရှိတဲ့ရက်များမှာ အမှိုက်ကားက မှန်မှန်လာပါတယ်။ အထပ်မြင့်မှာနေတဲ့လူတွေရယ်၊ အမှိုက် ဆင်းပစ်ရမှာကို ရှက်ကြောက် ပျင်းရိနေတဲ့လူတွေရယ်က ည ည ဆိုရင် အမှိုက် ထုပ်တွေကို အိမ်ပေါ်ကနေ
နောက်ဖေးလမ်းကြားထဲကို အဆင်အခြင်မရှိ ပစ်ပစ်ချတာများ အလန့်တကြားရှိလှပါတယ်။

တစ်ခါတစ်ရံများ သူတို့ ပစ်ချလိုက်တဲ့ အမှိုက်ထုပ်က အရှိန်နဲ့ကို ကျွန်မတို့ မီးဖိုချောင်ထဲကို ၀င်လာတတ်သလို၊ ကျွန် မ အိပ်ခန်းထဲကိုလည်း အမှိုက်ထုပ်က ပွင့်ပြီး စားကြွင်းစားကျန်တွေရော အခြားအမှိုက်တွေရော ရွံရှာစဖွယ်ကို ၀င် လာပါတယ်။ မြေညီထပ်မှာနေတဲ့ လူတွေခမျာ ဒီလောက်ပူအိုက်လှတဲ့ ရာသီမှာ နောက်ဖေးပြူတင်း တံခါးလေးကို ဖွင့်ပြီး အိပ်ခွင့် မရပါဘူ။ ခြင်၊ ယင်တွေ တလောင်းလောင်းနဲ့၊ ည ည ဆို ပူလွန်းလို့ ခြင်ထောင်ထဲ မ၀င်နိုင်တော့ ခြင် ဒဏ်ကို ခံလိုက်ရတာ မနေ့ညအထိပါပဲ။ ဒီညလည်း ထိုနည်းလည်းကောင်းပါပဲပေါ့၊ အိမ်နောက်ဖေးက လူတစ်ရပ် မက မြင့်နေတဲ့ အမှိုက်ပုံကြီးက ရှိ ရှိနေသေးရဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက ကျောင်းက ဆရာမများပြောတဲ့စကားလေးကို မှတ်မိသေးပါတယ်၊ မျက်နှာမှာတော့ သ နပ်ခါးနဲ့ ပေါင်မှာကတော့ သေးစီးကြောင်းနဲ့ တဲ့။ ခုတော့ ကိုယ့်အိမ်နဲ့ ကိုယ့်ဝန်းကျင်က သေးစီးကြောင်းက
ချောင်းဖြစ်နေလုပါပြီ။ အိမ်မှာရှိတဲ့ အလုပ် လုပ်နိုင်တဲ့ လူတွေအားလုံး အလုပ်လုပ်မှ စားဝတ်နေရေး ပြေလည် တဲ့ခေတ် ဆိုတော့လည်း လူတွေက ပင်ပန်းကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ တိုင်းသူပြည်သားတွေပဲ ရုန်းကန်နေ ရတာ မဟုတ်ပါဘူး။

နိုင်ငံတကာမှာ လူတွေဟာ ကျွန်မတို့တွေထက်ကို စက်ရုပ်တွေလိုပဲ အလုပ်လုပ်ကြတာမှ လင်နဲ့မယား၊ မိဘနဲ့ သား သမီး၊ မောင်နဲ့ နှမ တစ်ပါတ်လုံးနေမှ ညနေခင်းလေး တစ်ခင်းလောက် တွေ့ကြ ဆုံကြအောင် ဖန်တီးချိန်းချက်ယူရ တာ အမှန်ပါပဲ။ ဒီလောက် အလုပ်တွေ လုပ်နေတဲ့ သူတို့တွေရဲ့ အိမ်ရှေ့မှာ အမှိုက်ထုပ်တွေ ဖြစ်မနေသလို၊ အိမ်နောက်ဖေးကလည်း အမှိုက်ပုံကြီး ဖြစ်မနေတာ ကျွန်မ မျက်မြင်ကိုယ်တွေ့ပါ။

ခုနေတော့ အိမ်ပြန်လာတဲ့ အိမ်ရှင်မကလည်း ကိုရီးယားဇာတ်လမ်းတွဲမှာ နစ်မျော၊ အိမ်ပြန်လာတဲ့ အိမ်ရှင်ထီးက လည်း ဘောလုံးပွဲကိုစောင့်ရင်း ဂျာနယ်တစ်စောင်နဲ့ အချိန်ကုန်လိုက်တာမှ ကိုယ့် အိမ်ရှေ့က လမ်းကလေး ချိုင့်တွေ ကနေ ကျင်းကြီးဖြစ်နေတာတောင် မသိလိုက်တာမှ အမှိုက်ထုပ်ဆို ဝေလာဝေးသေးရဲ့။

အသင့်အတင့် ပြည့်စုံတဲ့လူတွေကလည်း အိမ်ကို အလုံပိတ်၊ လေအေးစက်ကလေး ဖွင့်ပြီးနေတော့ အမှိုက်ပုံအနံ့က
နှာခေါင်းကို မကလိဘူးထင်ပါရဲ့။

နွမ်းပါးတဲ့လူကလည်း ပန်ကာလေးတ၀ီဝီနဲ့ ဘောလုံးစာစောင်လေး ဖတ်သူက ဖတ်၊ ကိုရီးယားဇာတ်လမ်း တွဲလေး ကြည့်သူက ကြည့်နဲ့ ဆိုတော့ အမှိုက်ထုပ်လေးတွေ အိမ်ဘေးပုံပုံလာတာ မသိလိုက်ဘူး ထင်ပါရဲ့။

တိုင်းပြည်သစ်ကို ထူထောင်ချင်လိုက်တာ အသေအလဲ။
ဖတ်လိုက်ရတဲ့ ဂျာနယ်တွေ၊
ပြောလိုက်ရတဲ့ နိုင်ငံရေးစကားတွေ၊
ကိုယ်လိုလားတဲ့ လမ်းစဉ်တစ်ခုအတွက် ၀င်လိုက်ရတဲ့ တိုက်ပွဲတွေ၊
ပေးဆပ်လိုက်ရတဲ့ အသက်တွေ၊
အကျဉ်းထောင်ထဲမှာ ကုန်ဆုံးသွားတဲ့ ဆင်းရဲခြင်း အတိပြီးတဲ့ အချိန်တွေ၊
လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊
လူထုတွေ အဆင်ပြေဖို့အရေး ထောက်ကူပေးကြတဲ့ အသင်းအဖွဲ့အစည်းတွေ ....... များစွာသော ကြိုးပမ်းမှုတွေဟာ အမှိုက်ပုံကြီးထဲကိုများ နစ်မြုပ်သွားမယ် ဆိုရင် သမိုင်းကြောင်းမှာ တာဝန်ရှိတဲ့လူတွေဟာ ဘယ်သူတွေများ ဖြစ်လာမှာပါလိမ့်။

0 မှတ်ချက်များ for "အမှိုက်ပုံကြီး ဖြစ်နေသော ရန်ကုန်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++