ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်စေဖို့

ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ဖို့အတွက် နောက် အ ရည်အသွေးတစ်ခုကတော့ စကားကို ဉာဏ်နဲ့ချင့် ချိန် ဆင်ခြင်ပြီး မှပြောဆိုခြင်း ၊ သို့မဟုတ် နှုတ်စောင့် စည်းခြင်းဆိုတဲ့ အရည်အသွေးပါပဲ။

စကားကို ဉာဏ်နဲ့မဆင်ခြင်ဘဲ ပြောတတ်တဲ့သူ၊ နှုတ် မစောင့်စည်းတဲ့သူဟာ စိတ်ရဲ့ငြိမ်းအေးမှုကို ဘယ် တော့မှ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ နှုတ်မစောင့် စည်းဘဲ အဆင်ခြင်မဲ့ ပြောလိုက်တဲ့စကားတွေရဲ့နောက် ကွယ်မှာ စိတ်ဆင်းရဲစရာ ပြသနာတွေရှုပ်ထွေးစွာပါလာတတ်လို့ပါပဲ။


စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ပြောသင့်၊ မပြောသင့်ဉာဏ်နဲ့အရင်ဆုံးဆင်ခြင်ပါ။ ပြီးရင် ပြောသင့်တာ ကိုပဲပြောပါ။

မပြောသင့်တာကို လုံးဝမပြောပါနဲ့။

ပြောသင့်တာကိုလည်းလိုအပ်သလောက်သာပြောပါ။
လိုအပ်တဲ့အတိုင်းအတာထက်ပိုပြီးမပြောပါနဲ့။
မလိုဘဲစကားကြောရှည်တာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။
အချိန်လည်းကုန် ၊ လေလည်းကုန်ပါတယ် ။
အမှားတွေလည်းပါလာတတ်ပါတယ်။

တချို့က သတင်းအချက်အလက်လေးတစ်ခု ရလိုက်ပြီဆိုတာနဲ့ ဘာမှ စဉ်းစားမနေတော့ဘဲ ချက်ချင်း ဟို လူ့ ပြော၊ ဒီလူ့ပြော လုပ်တတ်ကြတယ်။ လူကိုယ်တိုင် ပြောခွင့်မသာရင် ဖုန်းနဲ့ဆက်ပြောတတ်ကြတယ်။ ပြောဖို့လိုသလား ၊ မလိုဘူးလား ဘာမှဆင်ခြင်မနေတော့ဘူး ။ အဲဒီလိုလူတွေဟာ အများအားဖြင့် ပြောဖို့ မ လိုတာတွေပဲ ပြောနေတတ်ကြတာပါ။


ဝမ်းမနိုင်လို့ ဗျစ်ခနဲ ထွက်တတ်တာကို မအောင့်နိုင်ရင်တောင်မှ ပါးစပ်မနိုင်လို့ ထစ်ခနဲ ထွက်တတ် တာကို တော့ သတိကြီးကြီး ၊ ဉာဏ်ကြီးကြီးနဲ့ထိန်းသိမ်းစောင့်စည်းနိုင်ရပါမယ်။


တချို့က တို့ကမှန်တာပြောတာပဲ ၊ တို့ကဟုတ်တာပြောတာပဲ၊ တို့ကပွင့်ပွင့်လင်းလင်းပြောတာပဲ ဆိုပြီးစကားကို အထိန်းအကွပ်မရှိ ၊ အစည်းအစောင့်မရှိ ၊ အဆင်အခြင်မဲ့ စွတ်စွတ်ပြောတတ်ကြပါတယ်။

အဲဒီလို စိတ်မနိုင်နင်းစွာ ပရမ်းမတာပြောရတာကိုပဲ တို့ကဘွင်းဘွင်းသမားလို့ တလွဲ ဂုဏ်ယူနေတတ်ကြ ပြန်ပါသေးတယ်။

တကယ်တော့ စကားကို အထိန်းအစောင့်မရှိလွှတ်ကနဲပြောတတ်တဲ့သူတွေဟာ စိတ်ဓါတ်ပျော့ညံ့တဲ့သူ၊ စိတ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့သူ ၊ စိတ်အရည်အသွေးညံ့ဖျင်းတဲ့သူ ၊ စိတ်တန်ခိုအားကင်းမဲ့တဲ့သူတွေပါပဲ။

ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာ ထိခိုက်သွားမလား၊ တစ်ဖက်သား အကျိုးပျက်စီးသွားမလား ၊ တစ်ဖက်သား စိတ်ဆင်းရဲသွားမလားဆိုတာ အမြဲဆင်ခြင်ရပါမယ် ။

သူကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ်ပြောလိုက်လို့တစ်ဖက်သားမှာ တကယ်အကျိုးရှိသွားရင်တော့ အခြေ အနေ အချိန်အခါ ကြည့်ပြီး ပြောရမှာပေါ့။ ဒါပေမဲ့သူမကြိုက်တာပြောလိုက်လို့သူ့အတွက်လည်း ဘာမှ အကျိုးထူးမသွားဘူးဆိုရင်တော့ ကောင်းစေချင်လို့ပြောတာပါ ဆိုပြီးနာမည်ကောင်း ယူမနေပါနဲ့။ အလ ကားပါပဲ။ ဘယ်သူကမှ ကျေးဇူးတင်နေမှာ မဟုတ်ပါဘူး ။

ဒီနေရာမှာစကားပြောတိုင်း မြတ်စွာဘုရားရှင်ရဲ့ သုဂတ ဂုဏ်တော်ကို အမြဲသတိရဖို့ တိုက်တွန်းချင်ပါတယ်။

သုဂတ ဂုဏ်တော်ရဲ့ အဓိပ္ပာယ်အများကြီးထဲက တစ်ခုကတော့ ကောင်းသောစကားကိုဆိုတော်မှုတတ်သော မြတ်စွာဘုရားပါ။ ကောင်းသောစကားဆိုတာ မှန်လည်းမှန် အကျိုးလည်းရှိတဲ့စကားကို ခေါ်ပါတယ် ။

မှန်ကန်၍အကျိုးရှိသောစကားကိုသာ ဆိုတော်မှုတတ်သော မြတ်စွာဘုရား လို့ ထပ်ခါထပ်ခါပွားများရင်းနဲ့ ငါလည်းမှန်တာပဲပြောမယ်။ မှန်တိုင်းမပြောဘူး၊ အကျိုးရှိတာပဲပြောမယ်လို့ နှလုံးသွင်းဆင်ခြင်နိုင်ခဲ့ မယ်ဆို ရင် နှုတ်ကို စောင့်စည်းတဲ့သူ ၊ စကားကို ဉာဏ်နဲ့ချင့်ချိန်ဆင်ခြင်ပြီးပြောတဲ့သူ ဖြစ်လာမှာမလွဲပါဘူး။

စကားတိုင်းမှာ ဉာဏ်ပါလာပြီဆိုရင် လိမ်ညာစကားတွေလည်း မပြောဖြစ်တော့ပါဘူး။
ကုန်းတိုက်တဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး၊
ကြမ်းတမ်းရိုင်းပျတဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။
အကျိုးမရှိတဲ့ အနှစ်မဲ့စကားတွေလည်း မပြောဖြစ်တော့ပါဘူး ။

ဆင်ဆင်ခြင်ခြင် ထိန်းထိန်းသိမ်းသိမ်း ပြောတဲ့စကားတွေရဲ့ နောက်ကွယ်မှာ စိတ်ဆင်းရဲစရာ ဘာမှပါ မလာ တော့တဲ့အတွက် စကားဆင်ခြင်ပြောသူဟာ ငြိမ်းအေးသောဘ၀ပိုင်ရှင် ဖြစ်ရပါတယ်။

ဘာစကားပဲဖြစ်ဖြစ် လိုအပ်မှပြောတာပဲကောင်းပါတယ်။ လောလောဆယ်ပြောဖို့မလိုအပ်သေးရင်

တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ၊ တစ်မိနစ် လေးပဲဖြစ်ဖြစ်အချိန်ဆိုင်းထားလိုက်ပါ။ နောက်တစ်နာရီမှပြောသင့်တဲ့ စကား နောက်တစ်နာရီမှပြောပါ။ သတိရတုန်း ဆိုပြီးချက်ချင်းမပြောလိုက်ပါနဲ့။

နောက်တစ်ရက်မှပြောသင့်တဲ့စကား နောက်တစ်ရက်မှပြောပါ။ မေ့သွားမှာစိုးလို့ဆိုပြီး ဒီနေ့မပြောလိုက်ပါနဲ့။

ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိ သူ့အတွက်လည်း ထိခိုက်နစ်နာစေမယ့် စကားမျိုးဆိုရင်မှန်နေတောင်
မှလုံးဝ မပြောပါနဲ့။

လုပ်ကြံပြီးပြောဖို့ကတော့ စိတ်ကူးထဲတောင်မထည့်ပါနဲ့။

                                         (အရှင်ဆန္ဒာဓိက)

0 မှတ်ချက်များ for "ငြိမ်းအေးသော ဘ၀ပိုင်ရှင် ဖြစ်စေဖို့"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++