ကယန်း အမျိုးသားနေ့ ပြည်တွင်း ပြည်ပ ကျင်းပ
ကယန်းလူမျိုးစုဝင်များ အားလုံးတွေ့ဆုံကြသော ကယန်းအမျိုးသားနေ့ပွဲတော်ကို ယမန်နေ့ ဧပြီလ (၁၀)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပွဲတော်ဦးဆောင်ကျင်းပလျက်ရှိသော ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလောရင်း က “ကယန်းဘာသာစကား၊ စာပေကိုထိန်းသိမ်းဖို့နဲ့ ကယန်းယဉ်ကျေးမှုတို့ကို မပပျောက်အောင်၊ မြှင့်တင်ပေးဖို့၊ ကယန်းတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းဖို့ နောက်ပြီး လူငယ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အဓိကဆောင်ရွက်ရခြင်းဖြစ်တယ်” ဟု ပြောပါတယ်။

ကယန်းပဒေါင်၊ ယင်းဘော် (ခေါ်) ကယန်းကငံ၊ ကေခိုကေဘား (ခေါ်) ကယန်းကေခိုနှင့် ဇယိမ်း (ခေါ်)ကယန်းလထာ စသည့် ကယန်းမျိုးနွယ်စုဝင် လူမျိုး(၄)နွယ်တို့က စုပေါင်းကာ စည်းလုံးညီညွတ် သည့်အနေဖြင့် ကယန်းရိုးရာအကများ၊ စာပေယဉ်ကျေးမှုနှင့် ဆိုင်သောစာပေ ဟောပြောပွဲများ ကို အတူတကွကျင်းပသော ပွဲတော်ဖြစ်ပါတယ်။
ကယန်းမျိုးနွယ်စုများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်တာင်ပေါ် ဒေသနှင့် မန္တလေးတိုင်းရှိ ပျဉ်းမနားဒေသဘက် တိုင်းနှင့် ပြည်နယ်လေးခု၏ နယ်စွန်နယ်ဖြားမှာ နေထိုင်လျှက်ရှိပါတယ်။
ကယန်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ သိကျိတ်ကျေးရွာအုပ်စု၌ ၂၀၀၀ ခုနှစ်အချိန်တွင် ပထမဆုံး ကျင်းပလာခဲ့ရာ ယခုနှစ်သည် (၁၁)ကြိမ် မြောက်ဖြစ်ပါတယ်။ နောက်ပိုင်း နှစ်များတွင် တိုင်းနှင့်ပြည်နယ်(၄)ခုတွင် ပွဲတော်ကို အလှည့်ကျကျင်းပခဲ့တာ ဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်ရှိ ကရင်နီ ဒုက္ခသည် စခန်းအမှတ် (၁)တွင်လည်း သတိရ အောက်မေ့သော အားဖြင့် ပွဲတော်ကို ကျင်းပခဲ့ကြသည်ဟု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဖယ်ခုံမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရသော ကယန်းမျိုးသားခွန်းမားရ်ကိုဘန်က ပြောသည်။
“ဒီလို နယ်အသီးသီးက လူမျိုးစု လေးစုအားလုံးကို စုစည်းပြီး တစ်ခုတည်းသော ကယန်းစာပေနဲ့ တည် ဆောက်ဖို့ ဆိုတာ မလွယ်ဘူး။ အခု အားလုံး ကနေပြီးတော့ စုစည်း တွေ့ဆုံခဲ့ပြီး စာပေတွေကို တည် ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အဲဒီနေ့ ကနေစပြီး ကယန်းအမျိုးသားနေ့လို့ သတ်မှတ်ဖြစ်တယ်။ ဒါဟာ တကယ်အောင်မြင်မှုဖြစ်တယ်။ ဒါကြောင့် စဉ်လာမပျက် ထိန်းသိမ်းဖို့ ဆောင်ရွက်ကြတယ်။"
ပြည်တွင်းတွင် ကယန်းအမျိုးသားနေ့ကို တရားဝင် နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ် ပြုထားခြင်း မရှိသေးကြောင်းလည်း ခွန်းမားရ်ကိုဘန်က ဆက်ပြောသည်။
“တိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့ကိုအသိအမှတ်ပြုဖို့ ပြဌာန်းချက်တွေ ဘယ်ထုတ်မလဲ။ ဒီအစိုးရက ဘယ်အသိအမှတ်ပြုမလဲ။ ကိုယ့်ဟာကိုခံယူချက်နဲ့ ညီညီညွတ်ညွတ်နဲ့ လုပ်ကြခြင်းပဲဖြစ်တယ်။ အပြန် အလှန်လေးစားအသိအမှတ်ပြုရင်တော့ တကယ့်ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်နိုင်မယ်။ ဒါမှစစ်အာဏာရှင်ကို ခြိမ်းခြောက်နိုင်ပြီးတော့ စစ်မှန်တဲ့ဒီမိုကရေစီကို တည်ထောင်နိုင်မယ်။”
ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလောရင်းကမူ အမျိုးသားရေးလုပ်ငန်း အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုသည်။
“ဒီပွဲကတော့ အမျိုးသားရေး အတွက်ဆိုတော့ လုပ်ရမှာပဲ။ အဲဒါမှ နောင်လာနောင်သား ကိုယ့်သား သမီးကို ဒီအမွေပဲ ပေးနိုင်တယ်လေ။”

0 မှတ်ချက်များ for "ကယန်း အမျိုးသားနေ့ ပြည်တွင်း ပြည်ပ ကျင်းပ"