သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေ အမြန်ဆုံးပြဌာန်းဖို့ အစိုးရသစ်ကို တိုက်တွန်း


ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းထားတဲ့ သဘာဝပတ်ဝန်း ကျင် နဲ့ စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့မှာ ပါဝင် လာတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ
တွေ အမြန်ဆုံးပြဌာန်းဖို့ သမ္မတကို တိုက်တွန်း ပြော ကြား လိုက်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ ၁၀ ဦးကျော် လောက် ပါဝင်မယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့ဝင် ဖရီဒါခေါ် “သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့” ရဲ့ ဒု-ဥက္ကဋ္ဌ ဦးအုန်းက တိုက်တွန်း ဘပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဥပဒေသစ်တရပ်ဖြစ်တဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းဥပဒေကို အစိုးရက ပြဌာန်းခဲ့ပြီး ဖြစ်တာကြောင့် ဒီစီမံ ကိန်းတွေ ကိုသာ အကောင်အထည်ဖော်လာရင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ပိုမိုဖြစ်လာနိုင် တာကြောင့် ထိန်းချုပ်နိုင်ဖို့ အတွက် ဒီဥပဒေတွေကို အမြန်ဆုံးပြဌာန်းဖို့ လိုအပ်နေတာလို့ သူက ဆိုပါတယ်။

“Special Economic Zone Investment law တွေ ထွက်ပေမယ့် Environmental Law မထွက်သေးဘူး။ အဲဒီ ဥပဒေတွေ ထွက်လာတဲ့အခါကျတော့ ဥပဒေတွေကို ကိုးကား Refer လုပ်တဲ့အခါမှာ Environmental Law မှာ ဘယ်ဥပေဒ၊ ဘယ်အပိုဒ်၊ ဘယ်ကဏ္ဍအရ အရေးယူမယ်ဆိုတဲ့ ဥပဒေမှ မရှိသေးတာ။ ဘယ့်နှယ့်လုပ် အရေး ယူမလဲ။ အဲ့ဒါတွေ အမြန်ဆုံး ထုတ်ပေးဖို့လိုတယ်။ ကျနော်ဝေဖန်ရတာ နည်းနည်း အားနာစရာပေါ့လေ။ သမ္မတ ကြီး မိန့်ခွန်းကတော့ သိပ်ကောင်းတယ်။ သူ့မိန့်ခွန်းအတိုင်း လုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ဗျာ။ တဖက်ကလည်း ကျွန်တော်တို့ အချိန်တော့ စောင့်ကြည့်ဖို့လိုမယ်လို့ ထင်တယ် တဖြည်းဖြည်းတော့ ဖြစ် လာမှာပေါ့ဗျာ။”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေ၊ ဇီဝဘေးကင်းရေး ဥပဒေတွေနဲ့ မူပိုင်ခွင့်ဥပဒေတွေကို အထူးစီးပွားရေးဇုံဥပဒေထက် အရင် ရေးဆွဲထားပြီးဖြစ်ပေမယ့် အစိုးရအဖွဲ့က မပြဌာန်းသေးတာအပေါ် အခြား ပညာရှင် အချို့ကလည်း ဝေဖန်ပြောဆိုနေကြတာတွေရှိပါတယ်။ သမ္မတဦးသိန်စိန်ကတော့ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်တာ၊ အသစ်ပြဋ္ဌာန်းတာတွေကို အလေးထား လုပ်ဆောင်သွားမယ်လို့ ပြောကြားထား ပေမယ့် သက်တမ်း တလ ကြာမြင့်လာတဲ့ အခုအချိန်အထိ အကောင်အထည် မဖော်နိုင် သေးတာလည်း ဖြစ်ပါတယ်။ ဒီမိန့်ခွန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးအုန်းက“ရည်ရွယ်ချက်ကတော့ ကောင်း တယ်။ ကောင်းအောင်လုပ်ဖို့ သူတို့ ဆန္ဒရှိတယ်။ လုပ်ပုံ လုပ်နည်းကတော့ အမျိုးမျိုး ရှိကြ တာပေါ့ဗျာ။ စိတ်ကူးအမျိုးမျိုး ရှိကြတာပေါနော်။

သမ္မတကြီးကလည်း သမ္မတကြီး စိတ်ကူး ရှိမှာပေါ့။ သူပြောတဲ့ မိန့်ခွန်းကလည်း အရမ်းကောင်းတယ်။ အဲဒီ အတိုင်း လုပ်နိုင်ရင်တော့ ဒါ အတိုင်း ထက် အလွန်ပါပဲ။ လုပ်တော့ လုပ်မှာပဲ ဘယ်လောက်အထိ လုပ်နိုင်တယ် မလုပ်နိုင်တယ်တော့ ကျနော်တို့ စောင့်ရမယ်။ လိုအပ်ရင် ပူးပေါင်းဆောင်ရွက်ဖို့ အဆင် သင့်ပါပဲ။ အစိုးရ ကို ဝေဖန်သင့်တာ ဝေဖန်နေပေမယ့် အစိုးရနဲ့ လက်တွဲမလုပ်လို့လည်း မဖြစ်တော့ အစိုးရနဲ့လည်း ကျနော်တို့ ဖားတာမဟုတ်ဘူးနော်၊ အလုပ်တခုအတွက် လက်တွဲလုပ်ဖို့ကတော့ ကျနော် ၀န်မလေးပါဘူး။”

ဒီ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာသုတေသနအဖွဲ့မှာတော့ ဦးသိန်းထွန်း (ထွန်းဖောင်ဒေးရှင်း)၊ MCC ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်၊ ပါမောက္ခဒေါက် တာအောင်ထွန်းသက်၊ ဒေါက်တာစိန်မြင့်၊ ဒေါ်ရင်ရင်လေးနဲ့ ဦးအုန်း အပါအ၀င် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီး ဒီအဖွဲ့ကနေ အစိုးရသစ်နဲ့ သမ္မတကို သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေး ဆိုင်ရာတွေ အကြံပေး တင်ပြ သွားကြမှာ ဖြစ်ပါတယ်။ သမ္မတကတော့ သူ့မိန့်ခွန်းထဲမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေး လိုအပ်ချက်တွေကို ဟန်ချက်ညီညီနဲ့ ထိန်းညှိဆောင်ရွက်ပေးမယ့် မူဝါဒ တရပ်ကို ချမှတ်သွားမယ်လို့လည်း ပြောကြား ထားပါတယ်။

0 မှတ်ချက်များ for "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေ အမြန်ဆုံးပြဌာန်းဖို့ အစိုးရသစ်ကို တိုက်တွန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++