ငြိမ်းအဖွဲ့များနှင့် နအဖ နိုင်ငံရေးလမ်းစဉ်

“အန်အယ်ဒီနဲ့ ကျုပ်တို့ဟာ ပြဒါးတလမ်း၊ သံတလမ်းပဲ။ ခင်ဗျားတို့ ကြိုက်တဲ့ ဘက်ကို ပြတ်ပြတ်သားသား ရပ်ပါ။ မပြတ်မသားတော့ မလုပ်ကြနဲ့။ အန်အယ်ဒီဘက် ရပ်မယ် ဆိုလည်း ရတယ်။
တောထဲ ပြန်ဝင်မယ် ဆိုလည်း လက်မှတ်ထိုးသွား ... ရတယ်” 

ရပခ (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) စစ်ဆင်ရေး ခန်းမထဲမှ ဟိန်း ထွက်လာသော တိုင်းမှူး ဗိုလ်ချုပ် မောင်ဘို၏ အသံ ဖြစ်သည်။ ကွမ်း အလွန်စားသောကြောင့် စကားပြောလိုက်တိုင်း စားပွဲ ခင်းပေါ်သို့ ကွမ်းတံတွေးနှင့် ကွမ်းဖတ်များ လွင့်စင် ကျလာသည်။

ဗိုလ်ချုပ် မောင်ဘို၏ လက်ယာဘက်တွင် စစ်ထောက်လှမ်းရေးမှူး ဗိုလ်မှူးချုပ် သန်းထွန်းနှင့် လက်ဝဲဘက်ရှိ ဗိုလ်မှူး သန်းအေး တို့ မျက်နှာလည်း တာနော ယက္ခဘီလူးကို သံပုရာသီး ကျွေးထားသကဲ့သို့ ဖြစ်နေသည်။ ချာတူး လန် နေ သည်။ 

ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသူများမှာ အပစ်အခတ် ရပ်စဲထားသော အဖွဲ့များ ဖြစ်ကြသည့် ရလလဖ (ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့)၊ က-လ-လ-တ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး) နှင့် ကယန်း ပြည်သစ် ပါတီတို့မှ တိုင်းရင်းသား ခေါင်းဆောင်များ ဖြစ်သည်။ 

အချိန်ကား ၁၉၉၈ သြဂုတ်လ ၂၁ ရက် ညနေခင်း ဖြစ်သည်။ လွန်ခဲ့သော တပတ်ကျော်က အဆိုပါ ငြိမ်းအဖွဲ့ ၃ ဖွဲ့ စုပေါင်း၍ တိုင်းပြည် ဆင်းရဲ ကြပ်တည်းသည့် နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် သုံးပွင့်ဆိုင် ဆွေးနွေးကြ ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ အိတ်ဖွင့်ပေးစာ တိုက်ရိုက် ပေးပို့လိုက်သော ကိစ္စ ဖြစ်သည်။ 

သက်ဆိုင်ရာ ထောက်လှမ်းရေးကို ကျော်၍ ကကကြည်းသို့ တိုက်ရိုက် ပေးပို့သောကြောင့် ဒေသခံ ထောက် လှမ်းရေးမှူးများကို ဂိုဏ်းချုပ်ကြီး ဗိုလ်ချုပ် ခင်ညွန့် ဆူပူ ကြိမ်းမောင်းနေချိန် ဖြစ်သည်။ 

တဖက်ကလည်း ပြည်သူ့ လွတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ဖွဲ့စည်းချိန် ဖြစ်သောကြောင့် စစ်ခေါင်းဆောင် တို့ ဘေးကျပ်နံကျပ် ဖြစ်နေချိန်မှာ ယခုလို ငြိမ်းအဖွဲ့များက အိတ်ဖွင့်ပေးစာ ပေးပို့လိုက်သောကြောင့် စစ်ဘောင်းဘီ ထဲ ကြွက်ဝင်သလို ရိုးတိုးရွတ ခံစားသွားရသည်။ ထို့ကြောင့်လည်း တိုင်းမှူး ဗိုလ်ချုပ် မောင်ဘို ကို ဗိုလ်သန်းရွှေ ဆူပူ ကြိမ်းမောင်းခြင်း ဖြစ်သည်။ မိမိကို အထက်မှ ပြင်းထန်စွာ ဆူပူ ကြိမ်းမောင်းသည်ကို ခံလိုက်ရသောကြောင့် အဆိုပါ ငြိမ်းအဖွဲ့များ အပေါ် အိတ်ဖွင့်ပေးစာ ပြန်လည် ရုပ်သိမ်းကြောင်း လက်မှတ် ရေးထိုးရန် အတွက် အာဏာသုံး၍ ဖိအားပေးခြင်း ဖြစ်သည်။ 

နိုင်ငံရေးအရ အပြုသဘောဆောင် ပေးပို့လိုက်သော စာဖြစ်သည့် အတွက် စစ်ရေးဖြင့် ဖိအား ပေးလာမည်ကို လုံးဝ မတွက်ဆမိဘဲ မြို့ပေါ်ရှိ ငြိမ်းအဖွဲ့ ခေါင်းဆောင် အချို့ ရှေးဦးစွာ ဖမ်းဆီးခံရသည်။ ရပခ လက်အောက်ခံ စစ်ဗျူ ဟာနှင့် ဖယ်ခုံ အခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများကို ရှမ်း-ကယား နယ်စပ်တလျှောက် ဖြန့်ကျက် ၀န်းရံ ပိတ်ဆို့လိုက်သည်။ အခြေအနေကား နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရမည့် အခြေအနေမှ သွေဖည်ကာ လုံးဝ ထိပ်တိုက် ရင်ဆိုင်ရေး လမ်းကြောင်းပေါ် ရောက်ရှိသွားသည်။ 

အလယ်ပိုင်း တပ်ပေါင်းစု၏ တုန့်ပြန်သံ
အိတ်ဖွင့်ပေးစာကို ပေးပို့ပြီး ဖြစ်သောကြောင့် ပြန်လည် ရုပ်သိမ်းကြောင်း လက်မှတ် ရေးထိုးရန် မလျော်ညီဟု ကယန်း ပြည်သစ်ပါတီ ဥက္ကဌ ငိန်းကယန်းထန် ခေါ် (ဦးရွှေအေး) က ဦးစွာ တုံ့ပြန်လိုက်သည်။ ဖယ်ခုံ အခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများ မိမိ ထိန်းချုပ်ရာ ကယန်းဒေသ ဆီသို့ မရောက်မီကတည်းက မိုင်းနှင့် ဗုံးများ ဖြန့်ခင်းထား ပြီးလေပြီ။ မိမိ ကျေးလက် ဒေသများဆီသို့ ပြန်နေကြသော ရဲဘော်ဟောင်းများလည်း ချက်ချင်း ဆိုသလို ဌာနချုပ်သို့ ပြန်လည် ရောက်ရှိ နေကြပြီး သေနတ်ပြောင်းများ တိုက်ချွတ် ဆေးကြောကာ ကျည်ဆံဖြည့် အဆင်သင့် စောင့်ဆိုင်း နေကြသည်။ စစ်ကော်မရှင် ဥက္ကဌကလည်း မိမိ ဒေသတွင်း နအဖ တပ်များ ကျူးကျော် ၀င်ရောက်လာပါက ပစ်မိန့် ပေးထားပြီး ဖြစ်သည်။ 

“ဒီတခါတော့ နအဖ လက်ဦးမှု ရသွားပြီ။ ကိုယ့်တပ်တွေ ပြင်ဆင်ထားတာ မဟုတ်တော့ လက်လျှော့ လိုက်ပါ။
နောက် တခါဆို ပြင်ဆင်ပြီးမှ လုပ်မယ်။ လောလောဆယ် အခွင့်အရေးတွေ တောင်းပြီး အင်အား ဖြည့်တင်းမယ်။ အင်အားရှိမှ ဒီကောင်တွေကို ပညာ ကောင်းကောင်း ပေးရမယ်” ဟု ကလလတ ဒု-ဥက္ကဌ လည်းဖြစ်၊ စစ်ဦးစီးချုပ် လည်း ဖြစ်သော ဦးထွန်းကျော်က ဥက္ကဌ ဖြစ်သူ ဦးစန္ဒာကို နားချ စည်းရုံးနေသည်။ “ကျုပ်တို့  အောက်ခြေ တပ်ဖွဲ့တွေတော့ ပြင်ဆင်နေပြီ။ တိုက်မယ်ဆိုလည်း အသင့် ဖြစ်နေပြီ။ ဒီကောင်တွေက မလောက်လေး မလောက် စား အင်အားလေးနဲ့ လာဝိုင်းရတယ်လို့။ ထွီ ... ကျုပ်တို့ သမိုင်းမှာ ဒီလိုမျိုး လာဝိုင်းခံရတာ မကြားဖူးဘူး။ ရာဇ၀င် ရိုင်းသွားမယ်။ ဒါကြောင့် ဒီ ဗဟို အစည်းအဝေးကနေ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချကြပါ။ ကျုပ်က ပုတီး စိတ် နေရပေမယ့် ပြည်သူလူထု အတွက်ဆို သေနတ် ပြန်ကိုင်ရမှာ ၀န်မလေးဘူး” ဟုဆိုကာ ရလလဖ စစ်ဦးစီး ချုပ်နှင့် ဒု-ဥက္ကဌ ဖြစ်သော ရဲဘော် တက်နေထွန်း ခေါ် စောဖါးမူ ကလည်း ဗဟို ကော်မတီ အရေးပေါ် ဆွေးနွေးပွဲ တွင် ပြတ်သားစွာ သဘောထား ပေးနေသည်။ 

အခြေအနေကား ငြိမ်းအဖွဲ့ ဒေသတွင် စစ်မီးလောင်မည့် ပုံသဏ္ဍန် ပေါ်နေသည်။ ငြိမ်းအဖွဲ့များနှင့် အ၀င်အထွက် များပြီး ခင်မင် ရင်းနှီး နေကြသော နအဖ တပ်ရင်းမှ ရဲဘော် အကြပ်စစ်သည် များမှာလည်း အထက်အမိန့်အရ ငြိမ်း အဖွဲ့များ၏ နယ်မြေ ဒေသများ၌ အသေခံ ပိတ်ဆို့ နေရသည်။ မကြာသေးမီလကပင် ချစ်ကြည်ရေး ဘောလုံးပွဲကို ပူပူနွေးနွေး ကစားထားသည်မှာ အရှိန်မသေသေး။ ယခုမှာတော့ ချစ်ကြည်ရေးပွဲ မဟုတ်တော့ဘဲ သူသေကိုယ်သေ ဆင်နွှဲရတော့မည့် လူသတ်ပွဲ ကစားရတော့မှာမို့ စိတ်ထိခိုက် နေကြသည်။ 

အိတ်ဖွင့်ပေးစာ ရုပ်သိမ်းပြီ
ကလလတ မှ ဦးထွန်းကျော်၏ မေတ္တာ ရပ်ခံစာကြောင့် ရလလဖ လည်း လက်လျော့ လိုက်ရသည်။ ကယန်း ဥက္ကဌ ကတော့ ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရိုး ထုံးစံမရှိ ဟုဆိုကာ မိမိ၏ စိတ်ဓာတ်ကို အခိုင်အမာ အားတင်းသည်။ မဟာမိတ် ကလလတ နှင့် ရလလဖ ရဲဘော်များကိုလည်း တောင့်နိုင်သမျှ တောင့်ထားရန် စာရေးနေခိုက် ဦးထွန်းကျော်၏ မေတ္တာရပ်ခံ စာကြောင့် ဗဟို ကော်မတီတွင် မဲခွဲကြသည်။ ကယန်း ဥက္ကဌ မဲရှုံးပြီး ရာထူးမှ လျှော ကျသွားကြောင်း ဒု-ဥက္ကဌ သန်းစိုးနိုင် က လွိုင်ကော် စစ်ဗျူဟာမှူးထံ ကြေးနန်း ပေးပို့ လိုက်သည်။ အဖြူအမဲ သဲကွဲ သွားပါပြီ။ ရပခ တိုင်းမှူး- ဗိုလ်ချုပ် မောင်ဘို၏ ဆင့်ခေါ်မှုကို လက်ခံကာ သုံးဖွဲ့စလုံး ခေါင်းဆောင်များ တောင်ကြီးရှိ ရပခ စစ်ဌာနချုပ်ဆီသို့ ချီတက်ကြတော့သည်။ (ကယန်း ဥက္ကဌ မပါဝင်ပါ) 

‘ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်’ ဟု နာမည်ကြီးသည့် မောင်ဘို စားပွဲပေါ်တွင် လက်မှတ် ရေးထိုး ရတော့မည်။ စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်းထွန်း ကတော့ “ကျနော်တို့နဲ့သာ ပေါင်းပါ။ နိုင်ငံတော်က တည်ဆောက်ေ ရးတွေ လုပ်နေတဲ့ အချိန်မှာ ခင်ဗျားတို့ လက်တွဲကြပါ။ ခင်ဗျားတို့ ကိုယ်ကျိုး မမဲ့စေရဘူး” ဟု လေပြေထိုး စကားဖြင့် ဧည့်ခံနေသည်။ “ခင်ဗျားတို့ရဲ့ ကွန်မြူနစ် သဘောတရား လောက်တော့ ကျုပ် အကုန် လေ့လာ ပြီးပြီ။ လီနင်ရော၊ မော်စီတုန်းကော စုံတယ်။ အားလုံး မော်ဒန် အောက်နေပါပြီ” ဟု ဗိုလ်ချုပ် မောင်ဘိုက ရိသဲ့သဲ့ သရော်လေသည်။ တကယ်တော့ မောင်ဘိုသည် စာဖတ် အင်မတန် ပျင်းပါသည်။ ကွန်မြူနစ် သဘောတရား များကို လေ့လာသည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း တိုင်းမှူး သမီးဖြစ်သူ (သင်္ချာ ဘာသာရပ်ဖြင့် တောင်ကြီး တက္က သိုလ်တွင် တက်ရောက်နေသူ) က စာရေးသူကို ပြောပြဖူးပါသည်။ 

ဗိုလ်မှူး သန်းအေးကတော့ “ခင်ဗျားတို့ နိုင်ငံရေး စကားပြောချင်ရင် စာထုတ်တဲ့ နိုင်ငံရေးမျိုးလောက် မလုပ်နဲ့။ အမျိုးသား ညီလာခံ ပြန်လုပ်ရင် တက်ရောက်ခွင့် ပေးမယ်။ အဲ့ဒီမှာ နိုင်ငံရေး စကားပြောလို့ ရတယ်” ဟု ငြိမ်း အဖွဲ့ ခေါင်းဆောင်များကို စကားလမ်းခင်း ပေးသည်။ 

တိုင်းမှူး၏ အဆူအဆဲကို တချိန်လုံး ခံနေရသော ငြိမ်းအဖွဲ့ထဲမှ အသံ ထွက်ပေါ်လာသည်။ သူကား ရလလဖအဖွဲ့မှ
  နိုင်ငံရေးမှူး ခွန်စိန်ရွှေ ဖြစ်သည်။ ဗိုလ်မှူး သန်းအေး၏ စကားကို အကျကောက်၍ ပြန်ချေပသည်။ “ကျနော်တို့ ငြိမ်းချမ်းရေး လုပ်တော့ တပ်မတော် ခေါင်းဆောင်တွေက ငြိမ်းအဖွဲ့တိုင်းကို နိုင်ငံရေး ပါတီ တခုလို သဘော ထားပါတယ်။ လွတ်လပ်စွာ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မြေပေါ် ပါတီတွေနဲ့တော့ မဆက်ဆံပါနဲ့လို့ (Gentleman agreement) ပေးခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ကလည်း နေ့စဉ်နဲ့အမျှ တုံးအောက်က ဖားက မိုးမျှော်နေ သလို မျှော်နေခဲ့ရပါတယ်။ လက်ရှိ အချိန်ထိ မိုးက လုံးဝ မရွာသေးတာကြောင့် ဖားအော် လိုက်ရတာပါ” ဟု ပြော ဆိုလိုက်ရာ ဗိုလ်ချုပ် မောင်ဘိုတယောက် ပြန်လှန် ပြောဆိုနိုင်စွမ်း မရှိတော့ဘဲ မျောက်အုန်းသီး ကိုင်ထားရသလို မျက်စိ ပြူးကျယ်စွာ မှင်သက်နေမိတော့သည်။ 

နောက်ဆက်တွဲ အကျိုးဆက်များ
အိတ်ဖွင့်ပေးစာ ရလဒ်ကား ကယန်းပြည်သစ် နယ်မြေများ ဖြစ်သော လွယ်ပေါဒေသ လက်လွတ် ဆုံးရှုံး လိုက်ရ သည်။ ရလလဖ နယ်မြေဒေသ ဖြစ်သော ဖယ်ခုံ အရှေ့ဘက်ကမ်း နမ့်တုတ်၊ စကား ဒေသများ လက်လွတ် ခဲ့ရသလို ရလလဖ နယ်မြေအနီး ကရင်နီ စစ်ရေး လှုပ်ရှားမှုကို အကြောင်းပြ၍ နအဖ စစ်တပ်များ တပ်စွဲလာသည်။ ဦးစွာ အိတ်ဖွင့်ပေးစာ ပြန်လည် ရုတ်သိမ်းကြောင်း လက်မှတ် ရေးထိုးရန် ဆန္ဒပြုသော ကလလတ မှ ဦးထွန်းကျော် ကို ကယားပြည် (ကရင်နီ) မှ သစ်များ ထုတ်လုပ်ခွင့် လိုင်စင် ချပေးလိုက်သည်။ နယ်စပ်ဒေသ ဘီပီ-၁၄ (မယ်စဲ့) လမ်းကို စီးပွားရေး လုပ်ကိုင်ခွင့် ပြုလိုက်သည်။ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) ကို တိုက်ခိုက်ရန် အတွက် လည်း နအဖ မှ လက်နက်များစွာ ပေးအပ်လိုက်သည်။ အိတ်ဖွင့်ပေးစာ ကောက်ကြောင်းကို ရေးဆွဲခဲ့သော ရလလဖ နိုင်ငံရေး ဌာနမှ ပုဂ္ဂိုလ်များ အပေါ် ကွန်မြူနစ်များဟု စွပ်စွဲသဖြင့် အဖွဲ့မှ ထွက်ခွာ ပေးရသည်။ ကယန်းပြည်သစ် ပါတီ ဥက္ကဌ ဦးရွှေအေး လည်း ရာထူးမှ အချခံရသည်။ မကြာလှသော အချိန်အတွင်းမှာပင် တပ်ထုနှင့် လူထု၏ ထောက်ခံမှုကြောင့် ဥက္ကဌ ရာထူး ပြန်လည် ရရှိခဲ့သည်။ 

သို့သော် အဆိုပါ ငြိမ်းအဖွဲ့များ၏ အိတ်ဖွင့် ပေးစာသည် ငြိမ်းအဖွဲ့များထဲတွင် ပထမဆုံး နိုင်ငံရေး တိုက်ပွဲ ဖြစ်သည်။ သို့မဟုတ် မိုးခေါင်နေသဖြင့် မိုးမျှော်နေသော တုံးအောက်မှ ဖားသူငယ်က အော်မြည်လိုက်ခြင်း ဖြစ်သည်။ 

၆ နှစ် ကြာညောင်းခဲ့ပြီးသော်
ညောင်နှစ်ပင် ဒါရိုက်တာကြီး ဗိုလ်ခင်ညွန့်၏ ဖိတ်ကြားချက်ကြောင့် ငြိမ်းအဖွဲ့များ ၂၀၀၄ ဇန်န၀ါရီ လအတွင်း
ညောင်နှစ်ပင် တက်ရောက်ရေး စာရင်း တင်သွင်းကြစဉ် အဆိုပါ ၃ ဖွဲ့လည်း အပါအ၀င် ဖြစ်သည်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ဒီဇယ်ဆီ ဂါလံ ၁၅၀၀ စီနှင့် ဆန်အိတ် ၅၀၀ စီ ပံ့ပိုး လိုက်သည်။ ထို့ပြင် လမ်းဖောက်လုပ်ရန် အတွက် ဘူဒိုဇာ တစီးနှင့် လယ်ယာ ၁၆ ထွန်စက် ၁၀ စီးစီ ပေးအုံးမည်ဟုလည်း ဂတိက၀တ် ရခဲ့သည်။ 


၂၀၀၄ မေလ ၁၇ ရက်နေ့ ပထမ ညောင်နှစ်ပင် ညီလာခံ မစတင်မီ ၈ ရက်အလို မေလ ၉ ရက်နေ့တွင် ငြိမ်းအဖွဲ့ ၈ ဖွဲ့ စုပေါင်း၍ စာတမ်းတခု တင်ပြ ကြေညာ လိုက်သည်။ ၈ ဖွဲ့ အမည် ခံထားသောကြောင့် Road Map ရိုဒ့်မက် ဒါရိုက်တာကြီး ဗိုလ်ခင်ညွန့် က ဖိအားပေးခြင်း မလုပ်ရန် အထက်ကို တင်ပြ ခဲ့သည်ဟု သိရသည်။ မေလ ၁၃ ရက်နေ့တွင် ငြိမ်းအဖွဲ့ အားလုံးကို ခေါ်ပြီး ထမင်းစားပွဲ တည်ခင်း ဧည့်ခံလေသည်။ လူစုံ တက်ရောက်သည့် ထမင်းစားပွဲတွင် ဗိုလ်ခင်ညွန့်က ငြိမ်းအဖွဲ့ထဲမှ အစဉ်အလာ ကြီးမားသော ခေါင်းဆောင်များနှင့် တ၀ိုင်းတည်း သုံးဆောင်လေသည်။ ထမင်းမစားမီ စကားအနည်းငယ် ပြောရာတွင် “ကြွရောက်လာကြတဲ့ တိုင်းရင်းသား ညီအကိုများကို အခုလို လက်ရေ တပြင်တည်း ထမင်းစားခွင့် ရတဲ့အတွက် အင်မတန် ၀မ်းသာ မိပါတယ်။ လာမယ့် ညီလာခံမှာလည်း နိုင်ငံတော်က လမ်းဖွင့် ပေးထားတဲ့ အတိုင်း ဆွေးနွေးကြပါ။ ညီအကို အချင်းချင်း ပွင့်လင်းစွာ ပြောဆို ဆွေးနွေး ကြတာပေါ့ ...” ဟူ၍ လေပြေထိုး စကား ပြောဆိုနေခိုက် ကပ်လျက် ထိုင်နေသော (ရလလဖ - ဥက ဌ) စောတာကလယ် က “ဒီလိုဆို ဗိုလ်ချုပ် ... တောထဲမှာ ကျန်နေတဲ့ ညီအကိုတွေ ဖြစ်တဲ့ ဗိုလ်ချုပ်မြနဲ့ အောင်သန်းလေး တို့ကိုကော ပါလာအောင် ဖိတ်ခေါ်ပါလား။ သူတို့တွေပါ လာရင် တကယ့် ညီအကိုတွေ စုံသွားပြီ။ ဟုတ်တယ် မဟုတ်လား ... ဗိုလ်မှူး” ဟု တဖက် စားပွဲဝိုင်း၌ ထိုင်နေသော ဗိုလ်မှူးချုပ် ကျော်ဆန်း (ပြန်ကြားရေး ၀န်ကြီး) ကို ထောက်ခံရန် စစ်ကူ တောင်းလိုက်သည်။

အားရပါးရ ၀ါးမျိုနေသော ဗိုလ်ကျော်ဆန်း တယောက် ဘုမသိ၊ ဘမသိဖြင့် “ဟုတ်တယ်၊ ၀ုတ်တယ်” ဟူ၍ ထောက်ခံ လိုက်ပါသည်။ ပထမဦးဆုံး လက်ခုပ် တီးလိုက်သူက ကယန်း ဥက္ကဌ ဦးရွှေအေး ဖြစ်သည်။ နောက်တော့ ဒေါက်တာ တူးဂျာနှင့် ခွဏ်မိန်း (ယခင် MTA - နိုင်ငံရေးမှူး) ကပါ ဆင့်ကဲ လက်ခုပ်တီး လိုက်ပါသည်။ မှတ်တမ်း ယူနေသူမှာ ဗိုလ်မှူးချုပ် သန်းထွန်း (ထောက်လှမ်းရေး) ဖြစ်သည်။ ရိုးသား ပွင့်လင်းသော စောတာကလယ်၏ စကားကြောင့် ဗိုလ်ခင်ညွန့် တယောက် လွန်စွာ မျက်နှာပျက် သွားပါသည်။ ထို့အတူ ဗိုလ်ခင်ညွန့်ကို လက်အုပ်ချီ ဂါရ၀ပြု ကန်တော့ဖူးသော ဦးအောင်ခမ်းထီ ကလည်း ဆရာ့အလိုကျ မျက်နှာ မကောင်း ဖြစ်သွားသည်။ 

မေလ ၁၇ ရက် ညောင်နှစ်ပင် ညီလာခံ စတင်သောအခါ ရိုးသားသော စောတာကလယ်ကို မတွေ့ရတော့ချေ။ ပျက်ကွက် စာရင်းထဲ ပါသွားခဲ့ပါသည်။ ညီလာခံတွင် ခွန်စိန်ရွှေ (ရလလဖ) ကလည်း ၈ ပြည်နယ်မူကို ကွေ့ဝိုက်ကာ တင်ပြ ခဲ့ပါသည်။ အစုအဖွဲ့ ဆွေးနွေးရာတွင် ခွန်စိန်ရွှေ က “ပြည်နယ်တိုင်းမှာ နေထိုင်ကြတဲ့ ဗမာတွေ အင်မတန် မျက်နှာ ငယ်ရပါတယ်။ အဲဒါကတော့ ဗမာပြည်နယ် ဆိုတာ မရှိလို့ ပါဘဲ။ ဒါကြောင့် ဗမာပြည်နယ် ဖွဲ့စည်း ပေး လိုက်ရင် လက်ရှိ ပြည်နယ်တွေမှာ ရောက်နေတဲ့ ဗမာတွေ အဖို့ အင်မတန် မျက်နှာပန်း လှပါတယ်” ဟု တင်သွင်း ခဲ့ရာ အစုအဖွဲ့ ၈ မှ ကိုယ်စားလှယ် အများအပြား ထောက်ခံ လိုက်ကြပါသည်။ 

တကယ်တမ်း စုံညီ ဆွေးနွေးပွဲတွင် အစုအဖွဲ့ သဘာပတိက အတည်ပြုထားသော ခွန်စိန်ရွှေ၏ စာတမ်းမှာ ပေါ်ထွက် မလာခဲ့ချေ။ မှတ်တမ်း အဆင့်သာ ထားရှိပါကြောင်း အခမ်းအနားမှူး ဗိုလ်ကျော်ဆန်း၏ စကား ထွက်ပေါ် လာသော အခါ ငြိမ်းအဖွဲ့များ၏ အော်သံများ ဆူညံ သွားခဲ့ပါသည်။ တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် တက်နေသော ထန် တလန် မြို့နယ်အမတ် ဒေါက်တာ မှုထန်ပင် ပြင်းပြင်းထန်ထန် အော်မြည် ခဲ့သေးသည်။ အခြေအနေ ရုတ်ရုတ် သဲသဲ ဖြစ်နေရာ နောက်ဆုံး ဒေါက်တာတူးဂျာနှင့် ငြိမ်းချမ်းရေး မြို့ဝန် ဖဒို အောင်ဆန်း (ကေအန်ယူ သစ်တော ၀န်ကြီးပြုတ်) တို့က နားချစေ့စပ် ဖြန်ဖြေ ခဲ့ရသည်။ ဒေါသထွက်သံ တခု ထွက်ပေါ်လာ၏။ “ဟိုကောင် တူးဂျာနဲ့ ဂျပု အောင်ဆန်း ... မင်းတို့က ငါတို့ဘက် ပါရမယ့် အစား ကြားနေပွဲစား လုပ်တာလားကွ” ဟု အမည်မသိ တိုင်း ရင်းသား ကိုယ်စားလှယ် တယောက်၏ အသံကို ကြည်လင် ပြတ်သားစွာ ကြားလိုက်ရပါသည်။ 

နောက်တပတ် အကြာတွင် ညီလာခံ ရပ်ဆိုင်း သွားခဲ့ပါသည်။ ဗမာပြည်နယ် ဖွဲ့စည်းရန် ပညာသားပါပါ အဆို တင် သွင်းခဲ့သော ခွန်စိန်ရွှေတို့ အဖွဲ့ နောက်ထပ် ညီလာခံသို့ တက်ရောက်ရန် ပယ်ချ ခံခဲ့သည်။ လယ်ယာ ထွန်စက်နှင့် ဘူဒိုဇာ ပေးမည် ဟူသော ကတိလည်း ပျက်သွားခဲ့ပါသည်။ ဒေါက်တာ မှုထန်ကိုလည်း ကြိမ်းမောင်း ဆူပူ ခဲ့ပါသည်။ “နောက်တခါ သူပုန်တွေဘက် လိုက်ရင် ခင်ဗျား ဖွင့်ထားတဲ့ ထန်တလန်က ဆေးခန်း ပြုတ်သွားမယ်” ဟူ၏။ 

ယခုနောက်ဆုံး လူမျိုး ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ရလလဖ အဖွဲ့ကို ၃ ပိုင်း ဖြစ်အောင် နအဖ တို့ သပ်လျှို ဖြိုခွဲ ခဲ့ပါသည်။ ကယန်းပြည်သစ် ပါတီကိုလည်း နေပြည်တော် လုံခြုံရေး အကြောင်းပြချက်ဖြင့် ဖိအားပေး လက်နက်
ဖြုတ်ရန် ဗျူဟာ ပြင်ဆင် နေပါသည်။ ငြိမ်းအဖွဲ့များ အပေါ် မျက်နှာသာ ပေးသော ဗိုလ်ခင်ညွန့်ကိုလည်း ရာထူးမှ ဖယ်ရှားခြင်းဖြင့် ငြိမ်းအဖွဲ့များနှင့် ဆက်ဆံရာတွင် “ခင်ဗျားတို့ ငြိမ်းအဖွဲ့တွေကို အာမခံချက် ပေးတာက ဗိုလ်ခင်ညွန့်ရဲ့ သဘောထား၊ ကျုပ်တို့ တပ်မတော် အစိုးရရဲ့ သဘောထား မဟုတ်ဘူး” ဟု ဟူသတည်း။ 

0 မှတ်ချက်များ for "ငြိမ်းအဖွဲ့များနှင့် နအဖ နိုင်ငံရေးလမ်းစဉ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++