ငြိမ်းအဖွဲ့များနှင့် နအဖ နိုင်ငံရေးလမ်းစဉ်
“အန်အယ်ဒီနဲ့ ကျုပ်တို့ဟာ ပြဒါးတလမ်း၊သံတလမ်းပဲ။ ခင်ဗျားတို့ ကြိုက်တဲ့ ဘက်ကို ပြတ်ပြတ် သားသား ရပ်ပါ။ မပြတ်မသားတော့မလုပ်ကြနဲ့။ အန်အယ်ဒီဘက် ရပ်မယ် ဆိုလည်း ရတယ်။ တောထဲ ပြန်ဝင်မယ် ဆိုလည်း လက်မှတ်ထိုးသွား... ရတယ်”
ရပခ (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်)စစ်ဆင်ရေး ခန်းမထဲမှ ဟိန်းထွက်လာသော တိုင်းမှူး ဗိုလ်ချုပ် မောင်ဘို၏ အသံ ဖြစ်သည်။ကွမ်း အလွန်စားသောကြောင့် စကားပြောလိုက်တိုင်း စားပွဲခင်းပေါ်သို့ ကွမ်းတံတွေးနှင့်ကွမ်းဖတ်များ လွင့်စင် ကျလာသည်။ ဗိုလ်ချုပ် မောင်ဘို၏ လက်ယာဘက်တွင်စစ်ထောက်လှမ်းရေးမှူး ဗိုလ်မှူးချုပ် သန်းထွန်းနှင့် လက်ဝဲဘက်ရှိ ဗိုလ်မှူး သန်းအေးတို့ မျက်နှာလည်း တာနော ယက္ခဘီလူးကို သံပုရာသီး ကျွေးထားသကဲ့သို့ ဖြစ်နေသည်။ချာတူးလန် နေသည်။
ခပ်လှမ်းလှမ်းတွင် ထိုင်နေကြသူများမှာအပစ်အခတ် ရပ်စဲထားသော အဖွဲ့များ ဖြစ်ကြသည့် ရလလဖ (ရှမ်းပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေး အဖွဲ့)၊ က-လ-လ-တ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး) နှင့် ကယန်း ပြည်သစ် ပါတီတို့မှ တိုင်းရင်းသားခေါင်းဆောင်များ ဖြစ်သည်။
အချိန်ကား ၁၉၉၈ သြဂုတ်လ ၂၁ ရက် ညနေခင်းဖြစ်သည်။ လွန်ခဲ့သော တပတ်ကျော်က အဆိုပါ ငြိမ်းအဖွဲ့ ၃ ဖွဲ့ စုပေါင်း၍ တိုင်းပြည်ဆင်းရဲ ကြပ်တည်းသည့် နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်ရေး အတွက် သုံးပွင့် ဆိုင်ဆွေးနွေးကြရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ အိတ်ဖွင့်ပေးစာ တိုက်ရိုက်ပေးပို့လိုက်သော ကိစ္စ ဖြစ် သည်။ သက်ဆိုင်ရာ ထောက်လှမ်းရေးကို ကျော်၍ ကကကြည်းသို့တိုက်ရိုက် ပေးပို့သောကြောင့်
ဒေသခံ ထောက်လှမ်းရေးမှူးများကို ဂိုဏ်းချုပ်ကြီးဗိုလ်ချုပ် ခင်ညွန့် ဆူပူ ကြိမ်းမောင်းနေချိန် ဖြစ်သည်။
ဒေသခံ ထောက်လှမ်းရေးမှူးများကို ဂိုဏ်းချုပ်ကြီးဗိုလ်ချုပ် ခင်ညွန့် ဆူပူ ကြိမ်းမောင်းနေချိန် ဖြစ်သည်။
တဖက်ကလည်း ပြည်သူ့ လွတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ဖွဲ့စည်းချိန် ဖြစ်သောကြောင့် စစ်ခေါင်းဆောင်တို့ဘေးကျပ်နံကျပ် ဖြစ်နေချိန်မှာ ယခုလို ငြိမ်းအဖွဲ့များက အိတ်ဖွင့်ပေးစာပေးပို့ လိုက်သောကြောင့် စစ်ဘောင်းဘီထဲ ကြွက်ဝင်သလို ရိုးတိုးရွတ ခံစားသွားရသည်။ထို့ကြောင့်လည်း တိုင်းမှူး ဗိုလ်ချုပ် မောင်ဘို ကို ဗိုလ်သန်းရွှေ ဆူပူကြိမ်းမောင်းခြင်း ဖြစ်သည်။ မိမိကို အထက်မှ ပြင်းထန်စွာ ဆူပူ ကြိမ်းမောင်းသည်ကိုခံလိုက်ရသောကြောင့် အဆိုပါ ငြိမ်းအဖွဲ့များ အပေါ် အိတ်ဖွင့်ပေးစာ ပြန်လည်ရုပ်သိမ်းကြောင်း လက်မှတ် ရေးထိုးရန် အတွက် အာဏာသုံး၍ ဖိအားပေးခြင်း ဖြစ်သည်။
နိုင်ငံရေးအရ အပြုသဘောဆောင်ပေးပို့လိုက်သော စာဖြစ်သည့် အတွက် စစ်ရေးဖြင့် ဖိအား ပေးလာမည် ကို လုံးဝ မတွက်ဆမိဘဲမြို့ပေါ်ရှိ ငြိမ်းအဖွဲ့ ခေါင်းဆောင် အချို့ ရှေးဦးစွာ ဖမ်းဆီးခံရသည်။ ရပခလက်အောက်ခံ စစ်ဗျူဟာနှင့် ဖယ်ခုံ အခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများကိုရှမ်း-ကယား နယ်စပ်တလျှောက် ဖြန့်ကျက်ဝန်းရံ ပိတ်ဆို့လိုက်သည်။ အခြေအနေကားနိုင်ငံရေး နည်းဖြင့် ဖြေရှင်းရမည့် အခြေအနေမှ သွေဖည်ကာ လုံးဝ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းကြောင်းပေါ် ရောက်ရှိသွားသည်။
အလယ်ပိုင်းတပ်ပေါင်းစု၏ တုန့်ပြန်သံ
အိတ်ဖွင့်ပေးစာကို ပေးပို့ပြီးဖြစ်သောကြောင့် ပြန်လည် ရုပ်သိမ်းကြောင်း လက်မှတ် ရေးထိုးရန် မလျော်ညီ ဟု ကယန်းပြည်သစ်ပါတီ ဥက္ကဌ ငိန်းကယန်းထန် ခေါ် (ဦးရွှေအေး) က ဦးစွာ တုံ့ပြန်လိုက် သည်။ဖယ်ခုံ အခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းများ မိမိ ထိန်းချုပ်ရာ ကယန်းဒေသ ဆီသို့မရောက်မီကတည်း က မိုင်းနှင့် ဗုံးများ ဖြန့်ခင်းထား ပြီးလေပြီ။
မိမိ ကျေးလက်ဒေသများဆီသို့ ပြန်နေကြသော ရဲဘော်ဟောင်းများလည်း ချက်ချင်း ဆိုသလို ဌာနချုပ် သို့ပြန်လည် ရောက်ရှိ နေကြပြီး သေနတ်ပြောင်းများ တိုက်ချွတ် ဆေးကြောကာ ကျည်ဆံဖြည့်အဆင် သင့် စောင့်ဆိုင်း နေကြသည်။ စစ်ကော်မရှင် ဥက္ကဌကလည်း မိမိ ဒေသတွင်း နအဖ တပ်များကျူးကျော် ၀င်ရောက်လာပါက ပစ်မိန့် ပေးထားပြီး ဖြစ်သည်။
“ဒီတခါတော့ နအဖ လက်ဦးမှု ရသွားပြီ။ကိုယ့်တပ်တွေ ပြင်ဆင်ထားတာ မဟုတ်တော့ လက်လျှော့လိုက် ပါ။ နောက်တခါဆို ပြင်ဆင်ပြီးမှလုပ်မယ်။ လောလောဆယ် အခွင့်အရေးတွေ တောင်းပြီး အင်အား ဖြည့် တင်းမယ်။ အင်အားရှိမှဒီကောင်တွေကို ပညာ ကောင်းကောင်း ပေးရမယ်” ဟု ကလလတ ဒု-ဥက္ကဌ လည်းဖြစ်၊စစ်ဦးစီးချုပ်လည်း ဖြစ်သော ဦးထွန်းကျော်က ဥက္ကဌ ဖြစ်သူ ဦးစန္ဒာကို နားချစည်းရုံးနေသည်။
“ကျုပ်တို့ အောက်ခြေ တပ်ဖွဲ့တွေတော့ပြင်ဆင်နေပြီ။ တိုက်မယ်ဆိုလည်း အသင့် ဖြစ်နေပြီ။ ဒီကောင်တွေ က မလောက်လေး မလောက်စားအင်အားလေးနဲ့ လာဝိုင်းရတယ်လို့။ ထွီ ... ကျုပ်တို့ သမိုင်းမှာ ဒီလိုမျိုးလာဝိုင်းခံရတာ မကြားဖူးဘူး။ ရာဇ၀င် ရိုင်းသွားမယ်။ ဒါကြောင့် ဒီ ဗဟို အစည်းအဝေး ကနေပြတ်ပြတ် သားသား ဆုံးဖြတ်ချက် ချကြပါ။ ကျုပ်က ပုတီးစိတ် နေရပေမယ့် ပြည်သူလူထုအတွက်ဆို သေနတ် ပြန် ကိုင်ရမှာ ၀န်မလေးဘူး” ဟုဆိုကာ ရလလဖ စစ်ဦးစီးချုပ်နှင့်ဒု-ဥက္ကဌ ဖြစ်သော ရဲဘော် တက်နေ ထွန်း ခေါ် စောဖါးမူ ကလည်း ဗဟို ကော်မတီ အရေးပေါ်ဆွေးနွေးပွဲတွင် ပြတ်သားစွာ သဘော ထား ပေးနေသည်။
အခြေအနေကား ငြိမ်းအဖွဲ့ ဒေသတွင်စစ်မီးလောင်မည့် ပုံသဏ္ဍန် ပေါ်နေသည်။ ငြိမ်းအဖွဲ့များနှင့် အ၀င်အထွက်များပြီး ခင်မင်ရင်းနှီး နေကြသော နအဖ တပ်ရင်းမှ ရဲဘော် အကြပ်စစ်သည် များမှာလည်း အထက်အမိန့်အရငြိမ်းအဖွဲ့များ၏ နယ်မြေ ဒေသများ၌ အသေခံ ပိတ်ဆို့ နေရသည်။ မကြာသေးမီလကပင်ချစ်ကြည်ရေး ဘောလုံးပွဲကို ပူပူနွေးနွေး ကစားထားသည်မှာ အရှိန်မသေသေး။ ယခုမှာတော့ချစ်ကြည်ရေး ပွဲ မဟုတ်တော့ဘဲ သူသေကိုယ်သေ ဆင်နွှဲရတော့မည့် လူသတ်ပွဲကစားရတော့မှာမို့ စိတ်ထိ ခိုက် နေကြသည်။
အိတ်ဖွင့်ပေးစာရုပ်သိမ်းပြီ
ကလလတ မှ ဦးထွန်းကျော်၏ မေတ္တာရပ်ခံစာကြောင့် ရလလဖ လည်း လက်လျော့ လိုက်ရသည်။ ကယန်း ဥက္ကဌ ကတော့ ထွက်ပြီးသားဆင်စွယ် ပြန်ဝင်ရိုး ထုံးစံမရှိ ဟုဆိုကာ မိမိ၏ စိတ်ဓာတ်ကို အခိုင်အမာ အား တင်းသည်။မဟာမိတ် ကလလတ နှင့် ရလလဖ ရဲဘော်များကိုလည်း တောင့်နိုင်သမျှ တောင့်ထားရန်စာရေးနေခိုက် ဦးထွန်းကျော်၏ မေတ္တာရပ်ခံ စာကြောင့် ဗဟို ကော်မတီတွင် မဲခွဲကြသည်။ကယန်း ဥက္ကဌ မဲရှုံးပြီး ရာထူးမှ လျှောကျသွားကြောင်း ဒု-ဥက္ကဌ သန်းစိုးနိုင် ကလွိုင်ကော် စစ်ဗျူဟာမှူးထံ ကြေးနန်း ပေးပို့ လိုက်သည်။ အဖြူအမဲ သဲကွဲ သွားပါပြီ။ရပခ တိုင်းမှူး- ဗိုလ်ချုပ် မောင်ဘို၏ ဆင့်ခေါ်မှုကို လက်ခံကာ သုံးဖွဲ့စလုံးခေါင်းဆောင်များ တောင်ကြီးရှိ ရပခ စစ်ဌာနချုပ်ဆီသို့ ချီတက်ကြတော့သည်။ (ကယန်း ဥက္ကဌမပါဝင်ပါ)
‘ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်’ ဟုနာမည်ကြီးသည့် မောင်ဘို စားပွဲပေါ်တွင် လက်မှတ် ရေးထိုး ရတော့ မည်။စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်းထွန်း ကတော့ “ကျနော်တို့နဲ့ သာ ပေါင်း ပါ။နိုင်ငံတော်က တည်ဆောက်ရေးတွေ လုပ်နေတဲ့ အချိန်မှာ ခင်ဗျားတို့ လက်တွဲကြပါ။ခင်ဗျားတို့ ကိုယ်ကျိုး မမဲ့စေရဘူး” ဟု လေပြေထိုး စကားဖြင့် ဧည့်ခံနေသည်။“ခင်ဗျားတို့ရဲ့ ကွန်မြူနစ် သဘောတရား လောက်တော့ ကျုပ် အကုန် လေ့လာ ပြီးပြီ။လီနင်ရော၊ မော်စီတုန်းကော စုံတယ်။
အားလုံး မော်ဒန် အောက်နေပါပြီ” ဟု ဗိုလ်ချုပ်မောင်ဘိုက ရိသဲ့သဲ့ သရော်လေသည်။ တကယ်တော့
မောင်ဘိုသည် စာဖတ် အင်မတန် ပျင်းပါသည်။ကွန်မြူနစ် သဘောတရားများကို လေ့လာသည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း တိုင်းမှူးသမီးဖြစ်သူ (သင်္ချာ ဘာသာရပ်ဖြင့် တောင်ကြီး တက္က္က သိုလ်တွင် တက်ရောက်နေသူ) က စာရေးသူကို ပြောပြဖူးပါသည်။
မောင်ဘိုသည် စာဖတ် အင်မတန် ပျင်းပါသည်။ကွန်မြူနစ် သဘောတရားများကို လေ့လာသည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း တိုင်းမှူးသမီးဖြစ်သူ (သင်္ချာ ဘာသာရပ်ဖြင့် တောင်ကြီး တက္က္က သိုလ်တွင် တက်ရောက်နေသူ) က စာရေးသူကို ပြောပြဖူးပါသည်။
ဗိုလ်မှူး သန်းအေးကတော့ “ခင်ဗျားတို့နိုင်ငံရေး စကားပြောချင်ရင် စာထုတ်တဲ့ နိုင်ငံရေးမျိုးလောက် မလုပ်နဲ့။ အမျိုးသားညီလာခံ ပြန်လုပ်ရင် တက်ရောက်ခွင့် ပေးမယ်။ အဲ့ဒီမှာ နိုင်ငံရေး စကားပြောလို့ ရတယ်”ဟု ငြိမ်းအဖွဲ့ ခေါင်းဆောင်များကို စကားလမ်းခင်း ပေးသည်။
တိုင်းမှူး၏ အဆူအဆဲကို တချိန်လုံးခံနေရသော ငြိမ်းအဖွဲ့ထဲမှ အသံ ထွက်ပေါ်လာသည်။ သူကား ရလလဖ အဖွဲ့မှ နိုင်ငံရေးမှူးခွန်စိန်ရွှေ ဖြစ်သည်။ ဗိုလ်မှူး သန်းအေး၏ စကားကို အကျကောက်၍ ပြန်ချေပသည်။
“ကျနော်တို့ ငြိမ်းချမ်းရေး လုပ်တော့ တပ်မတော် ခေါင်းဆောင်တွေကငြိမ်းအဖွဲ့တိုင်းကို နိုင်ငံရေး ပါတီ တခုလို သဘောထားပါတယ်။ လွတ်လပ်စွာလုပ်နိုင်ပါတယ်။ ဒါပေမဲ့ မြေပေါ် ပါတီတွေနဲ့တော့ မဆက် ဆံပါနဲ့လို့ (Gentlemanagreement) ပေးခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ကလည်း နေ့စဉ်နဲ့အမျှ တုံးအောက်က ဖားကမိုးမျှော်နေသလို မျှော်နေခဲ့ရပါတယ်။ လက်ရှိ အချိန်ထိ မိုးက လုံးဝမရွာသေး တာကြောင့် ဖားအော် လိုက်ရတာပါ” ဟု ပြောဆိုလိုက်ရာ ဗိုလ်ချုပ်မောင်ဘို တယောက် ပြန် လှန် ပြော ဆိုနိုင်စွမ်း မရှိတော့ဘဲ မျောက်အုန်းသီးကိုင်ထားရသလို မျက်စိ ပြူးကျယ်စွာ မှင်သက်နေမိတော့သည်။
နောက်ဆက်တွဲ အကျိုးဆက်များ
အိတ်ဖွင့်ပေးစာ ရလဒ်ကား ကယန်းပြည်သစ်နယ်မြေများ ဖြစ်သော လွယ်ပေါဒေသ လက်လွတ် ဆုံးရှုံး လိုက်ရသည်။ ရလလဖ နယ်မြေဒေသဖြစ်သော ဖယ်ခုံ အရှေ့ဘက်ကမ်း နမ့်တုတ်၊ စကား ဒေသများ လက်လွတ် ခဲ့ရသလို ရလလဖနယ်မြေအနီး ကရင်နီ စစ်ရေး လှုပ်ရှားမှုကို အကြောင်းပြ၍ နအဖ စစ်တပ် များ တပ်စွဲလာသည်။ဦးစွာ အိတ်ဖွင့်ပေးစာ ပြန်လည် ရုတ်သိမ်းကြောင်း လက်မှတ် ရေးထိုးရန် ဆန္ဒပြုသောကလလတ မှ ဦးထွန်းကျော် ကို ကယားပြည် (ကရင်နီ) မှ သစ်များ ထုတ်လုပ်ခွင့် လိုင်စင်ချပေးလိုက်သည်။ နယ်စပ်ဒေသ ဘီပီ-၁၄ (မယ်စဲ့) လမ်းကို စီးပွားရေး လုပ်ကိုင်ခွင့်ပြုလိုက်သည်။ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) ကို တိုက်ခိုက်ရန် အတွက်လည်း နအဖ မှလက်နက်များစွာ ပေး အပ်လိုက် သည်။ အိတ်ဖွင့်ပေးစာ ကောက်ကြောင်းကို ရေးဆွဲခဲ့သော ရလလဖနိုင်ငံရေး ဌာနမှ ပုဂ္ဂိုလ်များ အပေါ် ကွန်မြူနစ်များဟု စွပ်စွဲသဖြင့် အဖွဲ့မှထွက်ခွာ ပေးရသည်။
ကယန်းပြည်သစ် ပါတီ ဥက္ကဌ ဦးရွှေအေး လည်း ရာထူးမှ အချခံရသည်။မကြာလှသော အချိန်အတွင်းမှာ ပင် တပ်ထုနှင့် လူထု၏ ထောက်ခံမှုကြောင့် ဥက္ကဌ ရာထူးပြန်လည် ရရှိခဲ့သည်။
သို့သော် အဆိုပါ ငြိမ်းအဖွဲ့များ၏အိတ်ဖွင့် ပေးစာသည် ငြိမ်းအဖွဲ့များထဲတွင် ပထမဆုံး နိုင်ငံရေး တိုက်ပွဲ
ဖြစ်သည်။သို့မဟုတ် မိုးခေါင်နေသဖြင့် မိုးမျှော်နေသော တုံးအောက်မှ ဖားသူငယ်ကအော်မြည် လိုက်ခြင်း ဖြစ်သည်။
ဖြစ်သည်။သို့မဟုတ် မိုးခေါင်နေသဖြင့် မိုးမျှော်နေသော တုံးအောက်မှ ဖားသူငယ်ကအော်မြည် လိုက်ခြင်း ဖြစ်သည်။
၆နှစ် ကြာညောင်းခဲ့ပြီးသော်
ညောင်နှစ်ပင် ဒါရိုက်တာကြီးဗိုလ်ခင်ညွန့်၏ ဖိတ်ကြားချက်ကြောင့် ငြိမ်းအဖွဲ့များ ၂၀၀၄ ဇန်န၀ါရီ လအတွင်းညောင်နှစ်ပင် တက်ရောက်ရေး စာရင်း တင်သွင်းကြစဉ် အဆိုပါ ၃ ဖွဲ့လည်း အပါအ၀င်ဖြစ်သည်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ဒီဇယ်ဆီ ဂါလံ ၁၅၀၀ စီနှင့် ဆန်အိတ်၅၀၀ စီ ပံ့ပိုး လိုက်သည်။
ထို့ပြင် လမ်းဖောက်လုပ်ရန် အတွက် ဘူဒိုဇာ တစီးနှင့်လယ်ယာ ၁၆ ထွန်စက် ၁၀ စီးစီ ပေးအုံးမည်ဟု လည်း ဂတိက၀တ် ရခဲ့သည်။ ၂၀၀၄ မေလ ၁၇ ရက်နေ့ပထမ ညောင်နှစ်ပင် ညီလာခံ မစတင်မီ ၈ ရက်အလို မေလ ၉ ရက်နေ့တွင် ငြိမ်းအဖွဲ့ ၈ ဖွဲ့စုပေါင်း၍ စာတမ်းတခု တင်ပြ ကြေညာ လိုက်သည်။ ၈ ဖွဲ့ အမည် ခံထားသောကြောင့် Road Mapရိုဒ့်မက် ဒါရိုက်တာကြီး ဗိုလ်ခင်ညွန့် က ဖိအားပေးခြင်း မလုပ်ရန် အထက်ကို တင်ပြခဲ့သည်ဟု သိရသည်။ မေလ ၁၃ ရက်နေ့တွင် ငြိမ်းအဖွဲ့ အားလုံးကို ခေါ်ပြီး ထမင်းစားပွဲတည်ခင်း ဧည့်ခံလေသည်။ လူစုံ တက်ရောက်သည့် ထမင်းစားပွဲတွင် ဗိုလ်ခင်ညွန့်က ငြိမ်းအဖွဲ့ထဲမှအစဉ်အလာ ကြီးမားသော ခေါင်းဆောင်များနှင့် တ၀ိုင်းတည်း သုံးဆောင်လေသည်။ ထမင်းမစားမီစကား အနည်းငယ် ပြောရာတွင် “ကြွရောက်လာကြတဲ့ တိုင်းရင်းသား ညီအကိုများကို အခုလိုလက်ရေ တပြင်တည်း ထမင်းစားခွင့် ရတဲ့အတွက် အင်မတန် ၀မ်းသာ မိပါတယ်။
လာမယ့်ညီလာခံမှာလည်း နိုင်ငံတော်က လမ်းဖွင့် ပေးထားတဲ့ အတိုင်း ဆွေးနွေးကြပါ။ ညီအကိုအချင်း ချင်း ပွင့်လင်းစွာ ပြောဆို ဆွေးနွေး ကြတာပေါ့ ...” ဟူ၍ လေပြေထိုး စကားပြောဆိုနေခိုက် ကပ်လျက် ထိုင်နေသော (ရလလဖ - ဥက္ကက ဌ) စောတာကလယ် က “ဒီလိုဆို ဗိုလ်ချုပ် ... တောထဲမှာ ကျန်နေတဲ့ညီအကိုတွေ ဖြစ်တဲ့ ဗိုလ်ချုပ်မြနဲ့ အောင်သန်းလေး တို့ကိုကော ပါလာအောင်ဖိတ်ခေါ်ပါလား။ သူတို့တွေပါ လာရင် တကယ့် ညီအကိုတွေ စုံသွားပြီ။ ဟုတ်တယ် မဟုတ်လား... ဗိုလ်မှူး” ဟု တဖက် စားပွဲဝိုင်း၌ ထိုင်နေသော ဗိုလ်မှူးချုပ် ကျော်ဆန်း(ပြန်ကြားရေး ၀န်ကြီး) ကို ထောက်ခံရန် စစ်ကူ တောင်းလိုက်သည်။
အားရပါးရ ၀ါးမျိုနေသော ဗိုလ်ကျော်ဆန်းတယောက် ဘုမသိ၊ ဘမသိဖြင့် “ဟုတ်တယ်၊ ၀ုတ်တယ်” ဟူ၍ ထောက်ခံ လိုက်ပါသည်။ ပထမဦးဆုံးလက်ခုပ် တီးလိုက်သူက ကယန်း ဥက္ကဌ ဦးရွှေအေး ဖြစ် သည်။ နောက်တော့ ဒေါက်တာ တူးဂျာနှင့်ခွဏ်မိန်း (ယခင် MTA - နိုင်ငံရေးမှူး) ကပါ ဆင့်ကဲ လက်ခုပ်တီး လိုက်ပါသည်။ မှတ်တမ်းယူနေသူမှာ ဗိုလ်မှူးချုပ် သန်းထွန်း (ထောက်လှမ်းရေး) ဖြစ်သည်။ ရိုးသားပွင့် လင်းသော စောတာကလယ်၏ စကားကြောင့် ဗိုလ်ခင်ညွန့် တယောက် လွန်စွာ မျက်နှာပျက်သွားပါသည်။ ထို့အတူ ဗိုလ်ခင်ညွန့်ကို လက်အုပ်ချီ ဂါရ၀ပြု ကန်တော့ဖူးသောဦးအောင်ခမ်းထီ ကလည်း ဆရာ့အလိုကျ မျက်နှာ မကောင်း ဖြစ်သွားသည်။
မေလ ၁၇ ရက် ညောင်နှစ်ပင် ညီလာခံစတင်သောအခါ ရိုးသားသော စောတာကလယ်ကို မတွေ့ ရတော့ချေ။ ပျက်ကွက် စာရင်းထဲပါသွားခဲ့ပါသည်။ ညီလာခံတွင် ခွန်စိန်ရွှေ (ရလလဖ) ကလည်း ၈ ပြည်နယ်မူကို ကွေ့ဝိုက်ကာတင်ပြ ခဲ့ပါသည်။ အစုအဖွဲ့ ဆွေးနွေးရာတွင် ခွန်စိန်ရွှေ က “ပြည်နယ် တိုင်းမှာနေထိုင်ကြတဲ့ ဗမာတွေ အင်မတန် မျက်နှာ ငယ်ရပါတယ်။ အဲဒါကတော့ ဗမာပြည်နယ် ဆိုတာမရှိလို့ ပါဘဲ။ ဒါကြောင့် ဗမာပြည်နယ် ဖွဲ့စည်း ပေးလိုက်ရင် လက်ရှိ ပြည်နယ်တွေမှာရောက်နေတဲ့ ဗမာတွေ အဖို့ အင်မတန် မျက်နှာပန်း လှပါတယ်” ဟု တင်သွင်းခဲ့ရာ အစုအဖွဲ့၈ မှ ကိုယ်စားလှယ် အများအပြား ထောက်ခံ လိုက်ကြပါသည်။
တကယ်တမ်း စုံညီ ဆွေးနွေးပွဲတွင်အစုအဖွဲ့ သဘာပတိက အတည်ပြုထားသော ခွန်စိန်ရွှေ၏ စာတမ်း မှာ ပေါ်ထွက် မလာခဲ့ချေ။မှတ်တမ်း အဆင့်သာ ထားရှိပါကြောင်း အခမ်းအနားမှူး ဗိုလ်ကျော်ဆန်း၏ စကား ထွက်ပေါ်လာသောအခါ ငြိမ်းအဖွဲ့များ၏ အော်သံများ ဆူညံ သွားခဲ့ပါသည်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် တက်နေသော ထန်တလန် မြို့နယ်အမတ် ဒေါက်တာ မှုထန်ပင် ပြင်းပြင်းထန်ထန် အော်မြည်ခဲ့သေး သည်။ အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်နေရာ နောက်ဆုံး ဒေါက်တာတူးဂျာနှင့်ငြိမ်းချမ်းရေး မြို့ဝန် ဖဒို အောင်ဆန်း (ကေအန်ယူ သစ်တော ၀န်ကြီးပြုတ်) တို့ကနားချစေ့စပ် ဖြန်ဖြေ ခဲ့ရသည်။ ဒေါသထွက် သံ တခု ထွက်ပေါ်လာ၏။ “ဟိုကောင် တူးဂျာနဲ့ဂျပု အောင်ဆန်း ... မင်းတို့က ငါတို့ဘက် ပါရမယ့် အစား ကြားနေပွဲစား လုပ်တာလားကွ”ဟု အမည်မသိ တိုင်းရင်းသား ကိုယ်စားလှယ် တယောက်၏ အသံကို ကြည်လင် ပြတ်သားစွာကြားလိုက်ရပါသည်။
နောက်တပတ် အကြာတွင် ညီလာခံ ရပ်ဆိုင်းသွားခဲ့ပါသည်။ ဗမာပြည်နယ် ဖွဲ့စည်းရန် ပညာသားပါပါ အဆို တင်သွင်းခဲ့သောခွန်စိန်ရွှေတို့ အဖွဲ့ နောက်ထပ် ညီလာခံသို့ တက်ရောက်ရန် ပယ်ချ ခံခဲ့သည်။ လယ်ယာထွန်စက်နှင့် ဘူဒိုဇာ ပေးမည် ဟူသော ကတိလည်း ပျက်သွားခဲ့ပါသည်။ ဒေါက်တာမှုထန်ကိုလည်း ကြိမ်းမောင်း ဆူပူ ခဲ့ပါသည်။ “နောက်တခါ သူပုန်တွေဘက် လိုက်ရင်ခင်ဗျား ဖွင့်ထားတဲ့ ထန်တလန်က ဆေးခန်း ပြုတ်သွားမယ်” ဟူ၏။
ယခုနောက်ဆုံး လူမျိုး ပေါင်းစုံဖြင့်ဖွဲ့စည်းထားသော ရလလဖ အဖွဲ့ကို ၃ ပိုင်း ဖြစ်အောင် နအဖ တို့ သပ်လျှို ဖြိုခွဲခဲ့ပါသည်။ ကယန်းပြည်သစ် ပါတီကိုလည်း နေပြည်တော် လုံခြုံရေး အကြောင်းပြချက်ဖြင့်ဖိအားပေး လက်နက် ဖြုတ်ရန် ဗျူဟာ ပြင်ဆင် နေပါသည်။ ငြိမ်းအဖွဲ့များ အပေါ် မျက်နှာသာပေးသော ဗိုလ်ခင်ညွန့် ကိုလည်း ရာထူးမှ ဖယ်ရှားခြင်းဖြင့် ငြိမ်းအဖွဲ့များနှင့်ဆက်ဆံရာတွင် “ခင်ဗျားတို့ ငြိမ်းအဖွဲ့တွေကို အာမခံ ချက် ပေးတာက ဗိုလ်ခင်ညွန့်ရဲ့သဘောထား၊ ကျုပ်တို့ တပ်မတော် အစိုးရရဲ့ သဘောထား မဟုတ်ဘူး” ဟု ဟူသတည်း။
မင်းလွင် (ရှမ်းပြည်)


0 မှတ်ချက်များ for "ငြိမ်းအဖွဲ့များနှင့် နအဖ နိုင်ငံရေးလမ်းစဉ်"