ရှေးထုံးကို မပယ်တဲ့ ကရင်နီတို့ရဲ့တောင်ယာလုပ်ငန်း
ဇူလိုင်(၁၉)၊ ၂၀၁၀။ (ကေတီတိုင်းစ်)
တောင်တန်းတွေ
ကာဆီးထားတဲ့ ကျေးလက်ကျေးရွာလေး တစ်ရွာရဲ့ ထရံတဲအိမ်လေး ၀ရန်တာ အပြင်ဘက်မှာ
လူကြီးလူငယ် စုဝေးနေကြတယ်။
မိုးတွေ
ရွာထားလို့ ညနေခင်းလေးရဲ့ ရှု့မျှော်ခင်းလေးမှာလည်း စုဝေးနေတဲ့ အဖွဲ့လေးကို
သာယာသော အစည်းအဝေး နေ့လေးအဖြစ် ပိုပြီး တွန်းအားပေးနေတယ်။
အစည်းအဝေးက ရပ်မိရပ်ဖ
တစ်ဦးက “မြေထွန်ယက်ပြုပြင်ပြီးပြီဆိုတော့ ငါတို့
ရွာခေါင်းဆောင်ရဲ့တောင်ယာခင်းကို အရင်ဦးဆုံး စပါးကြဲကြမယ်” လို့ စပြီး ဆွေးနွေးလိုက်ပါတယ်။
ကျန်တဲ့
ဦးကြီးတစ်ယောက်ကလည်း “ကောင်းပါတယ်။ မိုးတစ်ခါနှစ်ခါ
ကျပြီဆိုတော့ စကြဲကြတာပေါ့။ ပြီးရင် ကျနော်တို့လည်း ရွာရဲ့ ဦးဦးဖျားဖျား
လုပ်ပေးသင့်တဲ့ ကေးဘျာစယ်ကို အရင်ဦးဖျား စပါးကြဲပြီးမှ နောက်မှ ကျနော်တို့လည်း
ကြဲရမယ်” ဆိုပြီး ပြန်ဆွေးနွေးလိုက်ပါတယ်။
ဆွေးနွေးပြီး
နောက်နေ့မှာပဲ ရွာရဲ့လုပ်ရိုးလုပ်စဉ် ဓလေ့အစဉ်အလာမို့လို့ အစည်းအဝေး
တက်ရောက်လာကြတဲ့ ရွာသားတွေ အားလုံးက အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို
နားလည်သဘောပေါက်ကြတယ်။
အဲဒီအစည်းအဝေး
ပြီးမှာတော့ မနက်ဖြန်ဟာ နေ့ကောင်းနေ့မြတ်လို့ ရွေးခြယ်ကြပြီး ကျေးရွာရဲ့ကေးဘျာစယ်
(ကျေးရွာရဲ့ခေါင်းဆောင်) တောင်ယာခင်းကို တစ်ရွာလုံးက စည်းလုံးညီညွတ်စွာနဲ့ စပါးကို
စပြီး ကြဲကြပါတယ်။
ဒီလိုကယားလူမျိုးတွေ
နေထိုင်ကြတဲ့ ကျေးရွာတွေမှာ မိမိတို့ရဲ့ တောင်ယာစပါး မကြဲမီကာလမှာ တစ်ရွာလုံးက
ကေးဘျာစယ်ကို ဦးဖျားစွာ တောင်ယာလုပ်ငန်းခွင် စတိ အနေနဲ့ အလုပ်လုပ်ပေးရခြင်း
ဖြစ်ပါတယ်။
တချို့ကလည်း
ဝါးကိုင်း အဖျားအပိုင်းတွေကို ပိုင်းပြီး မီးဖုတ်တယ်၊ မိမိတို့ရဲ့ တောင်ယာ
နယ်နိမိတ်အစ သစ်ပင်တွေမှာ နှီးနဲ့ ချီထားကြပါတယ်။ အိမ်တွင်း၊ အိမ်ပြင်လည်း
ပြုလုပ်တယ်။ အဲဒီလိုပြုလုပ်ခြင်းဟာ ကယားစကားဖြင့်
“ပါးပေါ်” လို့ ခေါ်ပါတယ်။
ထိုသို့
ပြုလုပ်ပြီး ကေးဘျာစယ်အိမ်က စပါးကြဲပြီးမှ ကျန်တဲ့ အိမ်တွေက စပါးကြဲကြရပါတယ်။
ကေးဘျာစယ်ဆိုတာ
တောင်စောင့်နတ်၊ တောစောင့်နတ်၊ ရေစောင့်နတ် စတဲ့ နတ်တွေကို ပူဇော်ပသဖို့ ၀တ္တရားကို
ဦးဆောင်ဦးရွက် တာဝန်ယူထားတဲ့ သူကို ကေးသခင် (သို့) ကေးဘျာစယ်လို့ ခေါ်ကြတာ
ဖြစ်ပါတယ်။
ကယားလူမျိုးတွေရဲ့
ဘိုးဘေးဘီဘင် အစဉ်အဆက်က ဆောင်ရွက်ခဲ့ကြတဲ့ ဓလေ့တစ်ခုပါ။
ကေးဘျာစယ်အဖြစ်
တာဝန်ဝတ္တရား ဦးဆောင်ဦးရွက် ဆောင်ရွက်သူဟာ မိမိတို့ရဲ့ ဘိုးဘွားဟာလည်း
ဘိုးဘေးဘီဘေ လက်ထက်ကတည်းက ကေးဘျာစယ် တာဝန်ကို ထမ်းဆောင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။
ကေးဘျာစယ်ရဲ့တောင်ယာ၊
လယ်ယာစပါးတွေ ဦးဦးဖျားဖျား စိုက်ပျိုးရခြင်း ရည်ရွယ်ချက် ရှိကြောင်းကိုလည်း ကေးဘျာစယ်က
“နတ်တွေရဲ့ အစောင့်အရှောက်နဲ့ တောင်ယာ
ကောင်းမွန်စေဖို့၊ ပိုးမွှား အဖျက်အဆီး မကျရောက်နိုင်ဖို့နဲ့ မိုးလေ၀သ ကောင်းပြီး
စပါးသီးနှံ ပိုထွက်ကောင်းအောင် ရည်ရွယ်ပြီး တောင်ယာလုပ်ငန်းခွင်ကို
စောင့်ရှောက်ပေးဖို့ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒီလိုဆောင်ရွက်နေကြတာဟာ
ယနေ့ထက်တိုင် ကယားလူမျိုးတွေရဲ့ ကျေးရွာတိုင်းဓလေ့တစ်ခုအဖြစ် ရှိနေပါသေးတယ်။
အလေးထား
ဆောင်ရွက်နေကြသေးတာကိုလည်း တွေ့ရပါတယ်။ မည်သို့ဆိုစေကာမူ ခေတ်ကြီးဘယ်လိုပဲ
တိုးတက်ပြောင်းလဲပြောင်းလဲ ရှေးထုံးကိုတော့ မမေ့ကြပါဘူး။ မပယ်ကြပါဘူး။
ဘိုးဘွားတွေရဲ့
ရိုးရာဓလေ့ အမွေအနှစ်တစ်ခုကို လက်ဆင့်ကမ်း တာဝန်ယူ တတ်ခြင်းဟာလည်း မွန်မြတ်တဲ့
စိတ်ထားနဲ့ အမျိုးဂုဏ် ဇာတိဂုဏ်ကို ချစ်မြတ်နိုးသူလို့ ကျနော့် အတွေးထဲမှာ
စွဲမြဲစွာ မှတ်သားနေမိပါတော့တယ်။


0 မှတ်ချက်များ for "ရှေးထုံးကို မပယ်တဲ့ ကရင်နီတို့ရဲ့တောင်ယာလုပ်ငန်း"