ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုကို အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မှာ ပါဝင်မှုနဲ့ပတ်သက်ပြီး သစ္စာဖောက်မှုအပါအ၀င် ရာဇ၀တ်မှုတွေနဲ့ စုံစမ်းစစ်ဆေးဖို့ ဗင်နီဇွဲလား လွှတ်တော်က မတ် ၁၈ ရက်နေ့က တောင်းဆို လိုက်ပါတယ်။
ဗင်နီဇွဲလားဆိုရှယ်လစ်ပါတီ သမ္မတ နီကိုလပ်စ် မာဒူရို ကို ဆန့်ကျင်တဲ့ ၁ လခွဲကြာ ဆန္ဒပြပွဲတွေအတွင်း အသက် ၄၆ နှစ်အရွယ် မာချာဒိုဟာ အဆင့်မြင့်ဆုံး ခေါင်းဆောင်တွေထဲက တဦး ဖြစ်ပါတယ်။ သူ့ကို အဆောက်အဦ ဖျက်ဆီးမှုကနေ ပြည်တွင်းစစ်ဖြစ်အောင် လှုံ့ဆော်မှုအထိ စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးဖို့ ဆိုရှယ်လစ်ပါတီ ကိုယ်စားလှယ်အများစုက လွှတ်တော်အတွင်း မဲပေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်က စပြီး တိုင်းပြည်အတွင်း ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် ဗင်နီဇွဲလား တရား ဥပဒေရှေ့မှောက် သူ့ကို ခေါ်လာဖို့ လွှတ်တော်ဥက္ကဋ္ဌ ဒီယိုဒါဒို ကာဘယ်လိုက ပြောပါတယ်။
ဒီလုပ်ရပ်ဟာ မာချာဒိုနဲ့အတူ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှု ဆင်နွှဲခဲ့တဲ့ အတိုက်အခံခေါင်းဆောင် လီယိုပိုဒို လိုပဲ့ဇ်ကို ဖမ်းဆီးအပြီး ၁ လအကြာမှာ ထပ်လုပ်တာပါ။
လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲချက်တွေ ပြောအပြီး တခြား လွှတ်တော်ကိုယ်စားလှယ်တွေ က ကြွေးကြော်နေချိန်မှာ မာချာဒိုကတော့ မျက်နှာသေနဲ့ ထိုင်မြဲ ထိုင်နေပါတယ်။
ဒီအမိန့် ဘယ်က လာလဲဆိုတာ ကျမ ရှင်းရှင်းလင်းလင်းသိတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ မာချာဒိုက
ပြောပါတယ်။ အတိုက်အခံတွေကလည်း ဆက်လက် ဆန္ဒပြသွားမယ်လို့လည်း ဆိုပါတယ်။
“ဗင်နီဇွဲလား ပြည်သူအားလုံးအတွက် သူတို့အိပ်မက်တွေအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်၊ အရင်တုန်း ကထက် ပိုတဲ့ အင်အားတွေ သုံးသွားမယ်လို့ ပြောချင်တယ်” လို့ မာချာဒိုက ဆက်ပြောပါတယ်။
ကာလကြာရှည် ကုန်စည်ပြတ်လပ်မှုနဲ့ ၅၇ ရာခိုင်နှုန်းထိရှိတဲ့ ငွေကြေးဖောင်းပွမှုတွေကို ဆန့်ကျင်ဆန္ဒပြဖို့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ ဆက်နေဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။____ဒီဗွီဘီ

No comments:
Post a Comment