ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသရွေ့ ခုခံတော်လှန်စစ် ဆက်ရှိမည်ဟု ချင်းတပ်ပြော
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသေးသရွေ့ ခုခံတော်လှန်စစ် ဆက်ရှိနေဦးမယ်လို့ ဒီကနေ့ကျရောက်တဲ့ ၂၅ နှစ်
မြောက် ချင်းတော်လှန်ရေးနေ့မှာ ချင်းအမျိုးသား တပ်ဦးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ချင်းအမျိုးသားတို့အနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီး ခွင့်ရရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်
ရေးနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် လက်နက်ကိုင်တိုက်ပွဲ ၀င်လာခဲ့တာ ၂၅ နှစ်တိုင် ခဲ့ပြီဖြစ်ပြီး ရည် မှန်းချက် မရောက်သေးသရွေ့ ဆက်ပြီးတော့ လက်နက်ကိုင်ဆောင်သွား မယ်လို့ ကြေညာ ထားပါတယ်။
ချင်းတော်လှန်ရေးနေ့ အခမ်းအနားကို ချင်းပြည်နယ် ထန်တလန်မြို့နယ် ၀ိတိုရိယဌာနချုပ်မှာ ကျင်းပခဲ့ တာပါ။
ဒါ့အပြင် ချင်းအမျိုးသားတပ်ဦးဟာ အစိုးရနဲ့ အပစ်အခတ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့နောက် နိုင်ငံရေး
ဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ ပူးတွဲဆွေးနွေးသွားမယ်လို့လည်း ပါရှိပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့Lautu ချင်းဘုရားရှိခိုးကျောင်းမှာလည်း ဒီနေ့မွန်းလွဲပိုင်းမှာ အခမ်းအနား ကျင်းပခဲ့ပြီး ချင်းအဖွဲ့အစည်းနဲ့ အလုပ်သမား စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ အခမ်း အနားဖြစ်မြောက်ရေး ကော်မတီဝင်ဆလိုင်းကျော်ကျော်က ပြောပါတယ်။
“စီအန်အက်ဖ်ရဲ့ ၂၅ နှစ်တိုင်အောင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့တာကို သူတို့ဂုဏ်ပြုတာတကြောင်းရယ်၊ မလေးရှားရောက် ချင်းလူမျိုးများ စည်းစည်းလုံးလုံးရှိဖို့နဲ့ ဒီမိုကရေစီနိုင်ငံသစ်ရောက်တဲ့အထိ ရောက်ရာ အရပ်ကနေ အုတ်တချပ်သဲတပွင့်အဖြစ် တိုက်ပွဲဝင်ဖို့ ဒီကနေကျနော်တို့ သံဓိဋ္ဌာန်ချမှတ်ထားပါတယ်။”
ချင်းအမျိုးသားတပ်ဦးကို ပူးဇင်ကျုံးဦးဆောင်တဲ့ ချင်းတက္ကသိုလ်ကျောင်းသားတွေက လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ် ၂၀ ရက်နေ့က အိန္ဒယ-မြန်မာနယ်စပ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ __နန်းမြနဒီ(ဒီဗွီဘီ)

0 မှတ်ချက်များ for "ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသရွေ့ ခုခံတော်လှန်စစ် ဆက်ရှိမည်ဟု ချင်းတပ်ပြော"