အကျပ်အတည်းကြား NLD ကို ခေါင်းဆောင်ခဲ့တဲ့ ဦးအောင်ရွှေရဲ့ ဈာပန ကျင်းပ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီ ပါတီရဲ့ ဥက္ကဠ ဦးအောင်ရွှေရဲ့ ဈာပနအခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်က ရေဝင်း သုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။
ပါတီမပြိုလဲအောင် ထိန်းသိမ်း နိုင်ခဲ့တဲ့ ဥက္ကဠဟောင်း ဦးအောင်ရွှေရဲ့ ဈာပနကို သူ့ကို ချစ်ခင်သူတွေနဲ့ ပါတီဝင် အများအပြား တက်ရောက်ခဲ့ပါတယ်။
ဥက္ကဠဟောင်း ဦးအောင်ရွှေရဲ့ ဈာပနအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ရေဝင်းသုသာန်မှာ ကြိတ်ကြိတ်တိုးပြီးသွားခဲ့ရတဲ့ လူအုပ်ကြီးထဲမှာ အမှာစကားပြောကြားခဲ့ပါတယ်။
NLD အကျပ်အတည်း ဆိုက်နေချိန်မှာ အကျပ်အတည်းကို ကျော်ဖြတ်ဖို့ ခေါင်းဆောင်ခဲ့သူ ဖြစ်တယ် ၊ သူ့ကြောင့် အန်အယ်လ်ဒီ ပါတီဟာ ဒီနေ့ အချိန်ထိ ရပ်တည် နိုင်တာ ဖြစ်တယ်လို့ အန်အယ်ဒီ အလုပ်မှုဆောင် ကော်မတီဝင် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
တချို့ကတော့ ဦးအောင်ရွှေဟာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တယောက်လို့ မြင်ကြတယ်။သံအမတ်လည်းဖြစ်ခဲ့သူ ဦးအောင်ရွှေဟာ မြန်မာ့တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဖွဲ့ချုပ် ခေါင်းဆောင်တွေ ထိန်းသိမ်း ခံရချိန်မှာ အန်အယ်လ်ဒီ အနေနဲ့ သိက္ခာ ရှိရှိ ရပ်တည်နိုင်ဖို့ ဒီမိုကရေစီ လှုပ်ရှားမှု ဆက်လက် ရှင်သန် ရပ်တည်ဖို့ လုပ်ပေးခဲ့တဲ့ ဦးအောင်ရွှေဟာ နှစ်သုံးဆယ် နီးပါး ရှေ့က လျှောက်လှမ်းခဲ့သလို ဘေးကနေလည်း ထောက်ခံအားပေးခဲ့သူ တယောက် ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
တချိန်တုန်းက ပါတီ ဆိုင်းဘတ် ပြုတ်မကျရေး အတွက် မားမားမတ်မတ် ရပ်တည် လုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး လူငယ်တွေကို ညီညီညွတ်ညွတ် စုစုစည်းစည်း နေဖို့ ဆုံးမခဲ့သူ တယောက် ဖြစ်တယ်လို့ အကျပ်အတည်းကြားက ပါတီကို ဦးဆောင်ခဲ့တဲ့ ဦးအောင်ရွှေရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး သူ့ရဲ့လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရန်ကင်းမြို့နယ် ဒုဥက္ကဠဟောင်း ဖြစ်တဲ့ ဦးကျော်မြင့်က ပြောပါတယ်။
ဦးအောင်ရွှေဟာ ၁၉၁၇ ခုနှစ် ဧပြီလမှာ သဲကုန်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်မှာ အင်္ဂ္လိပ်ဘာသာ၊ နိုင်ငံရေးသိပ္ပံနဲ့ ခေတ်သစ်သမိုင်း ဘာသာရပ်များနဲ့ဘွဲ့ရခဲ့ပါတယ်။ပါတီရဲ့အလုပ်ကို အသက် ၉၀ အထိ ထမ်းဆောင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွှတ်လာတဲ့ အချိန်မှာ အနားယူခဲ့ပါတယ်။
ဦးအောင်ရွှေဟာ လူကြီးရောဂါနဲ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပြီး သေဆုံးချိန်မှာ အသက် ၁၀၁ နှစ်ရှိခဲ့ပါတယ်။သေဆုံးချိန်မှာ သားသမီး ၆ ဦးကျန်ရစ်ခဲ့ပါတယ်။
ဦးအောင်ရွှေဟာ တပ်မတော်မှာ ထိပ်တန်းရာထူးများထမ်းဆောင်ခဲ့ပြီး မော်ကွန်းဝင်တပ်မတော် အရာရှိဟောင်း တယောက် ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ဈာပနအခမ်းအနား ကိုတော့ စစ်တပ်ကအရာရှိများ တက်ရောက်တာ မတွေ့ခဲ့ပါဘူး။ Credit by : BBC


0 မှတ်ချက်များ for "အကျပ်အတည်းကြား NLD ကို ခေါင်းဆောင်ခဲ့တဲ့ ဦးအောင်ရွှေရဲ့ ဈာပန ကျင်းပ"