အမေရိကန်နိုင်ငံ နယူးယော့ခ်စီးတီးရှိ ကွင်းမြို့မှာ အသက် ၅၀ အရွယ်အမျိုးသမီးကြီးကို လူငယ်လေးဦးက လုယက် သေနတ်ထောက် လိင်ပိုင်းဆိုင်ရာ စော်ကား
အမေရိကန်နိုင်ငံ နယူးယော့ခ်စီးတီးရှိ ကွင်းမြို့မှာ အသက် ၅၀ အရွယ် ဘရားကျောင်းတက်တဲ့ အမျိုးသမီးကြီးကို လူငယ်လေးဦးက လုယက် သေနတ်ထောက် လိင်ပိုင်းဆိုင်ရာ စော်ကားပြီး မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ထိတ်လန့်ဖွယ်ရာ ရုပ်သံထဲမှာ အမျိုးသမီးကြီးကို လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှု မပြုခင် လူငယ် ၄ ဦးက လမ်းမှောင်မှောင်မှာ လျှောက်လာတဲ့ အမျိုးသမီးရဲ့နောက်ကို လိုက်နေကြတာ တွေ့ မြင်ရပါတယ်။
အမျိုးသားငယ် လေးဦးက အမျိုးသမီးကြီးကို သေနတ်ထောက် အဝတ်အစားတွေ အတင်းအဓမ္မချွတ်ခိုင်းပြီး လိင်ပိုင်းဆိုင်ရာ မစော်ကား အဓမ္မမပြုကျင့်ခင် အမျိုးသမီးကြီးကို လုယက်ခဲ့ပါသေးတယ်။
ဂျုလီစက်စ် အသက် ၁၉ နှစ်၊ ဂျက်စတင်ဝီလျမ် အသက် ၁၇ နှစ်နဲ့ ဘရန်ဒန်ဝေါ့ကာ အသက် ၂၀ နှစ်တို့ကို ဒီလို မုဒိမ်းကျင့်ရန် ကြိုးစားမှု လုယက်မှုတွေနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ ဖမ်းဆီးခဲ့ပြီး လေးဦးမြောက် တရားခံကိုတော့ ရဲတွေက လိုက်လံဖမ်းဆီးနေတယ်လို့ စီဘီအက်စ်သတင်းမှာ ရေးသားထားပါတယ်။
အမျိုးသမီးကြီး ဘုရားကျောင်းတက်ပြီး ပြန်လာချိန်မှာ သူမကို လူငယ်တွေက လမ်းပေါ်တွန်းချ သေနတ်ထောက်ပြီး လိင်ပိုင်းဆိုင်ရာ စော်ကားကာ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာပါ။
အမျိုးသမီးကြီးကို လူငယ် ၃ ဦးက လိင်ပိုင်းဆိုင်ရာ စော်ကားပြီး မုဒိမ်းကျင့်ဖို့ ကြိုးစားစဉ် အခြားတဦးက လမ်းသွားလမ်းလာတွေကို ကြည့်ရှုပေးထားတယ်လို့ ရဲတွေက ပြောပါတယ်။
သူမက သူတို့ကြောက်လန့်သွားအောင် သူမမှာ အိတ်ခ်ျအိုင်ဗွီ (HIV) ရောဂါပိုးရှိတယ်လို့ ပြောပေမယ့် သူတို့ထဲက တဦးက ကွန်ဒုံးဝယ်ဖို့ ထွက်သွားတယ်လို့ ဆိုပါတယ်။
“ရာဇဝတ်ကောင်တွေက လုယက်ချင်တယ်။ ပြီးတော့ တယောက်ယောက်နဲ့ အိပ်ချင်တဲ့ သဘောပဲ” လို့ ပြုကျင့်ခံရသူ အမျိုးသမီးကြီးက နယူးယော့ခ်ဒေးလီးသတင်းကို ပြောပါတယ်။
“သူတို့ ပိုက်ဆံလိုလည်း ရပြီးရင် သူတို့ထွက်သွားသင့်တယ်။ ဒါပေမယ့် သူတို့က ဒါထက်ပိုပြီး လိုချင်ကြတယ်” လို့ အမျိုးသမီးကြီးက ဆိုပါတယ်။
ဒီထိတ်လန့်ဖွယ် လိင်ပိုင်းဆိုင်ရာ စော်ကားပြုကျင့်မှု အပြီးမှာတော့ အမျိုးသမီးကြီးက ကိုယ်ပေါ်မှာ အဝတ်အစားအချို့မပါတော့ဘဲ အဝတ်အစားတွေကို လက်ကကိုင်ကာ ဘုရားကျောင်းကို ပြန်ပြေးပြီး ငိုယိုခဲ့ပါတယ်။
“တကယ့်ကို ထိတ်လန့် တုန်လှုပ်ဖွယ်ရာပါပဲ၊ ဒီအမျိုးသမီးကြီးက တကယ်ကို ကြင်နာတတ်တဲ့ အမျိုးသမီးကြီးပါ။ ဒီဘုရားကျောင်းကို တက်နေတာလည်း ၁၀ နှစ်ရှိပြီ” လို့ ဘုန်းကြီးတပါးက ပြောပါတယ်။
ဖမ်းခံရတဲ့ ၃ ဦးကို လုယက်မှု လိင်ပိုင်းဆိုင်ရာ ပြုကျင့်စော်ကားမှုစတဲ့ ရာဇဝတ်မှု ၃ မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
Credit – DVB
0 မှတ်ချက်များ for "အမေရိကန်နိုင်ငံ နယူးယော့ခ်စီးတီးရှိ ကွင်းမြို့မှာ အသက် ၅၀ အရွယ်အမျိုးသမီးကြီးကို လူငယ်လေးဦးက လုယက် သေနတ်ထောက် လိင်ပိုင်းဆိုင်ရာ စော်ကား"