ရန်ကုန်ဆေးရုံကြီးတွင် ဆေးရုံဝန်ထမ်းအသွင်အယောင်ဆောင်ပြီး လူနာနှင့် လူနာစောင့်များထံမှ ငွေ ကြေးတောင်းခံနေသည့် လူနာပွဲစား များ
ရန်ကုန်ဆေးရုံကြီးတွင် ဆေးရုံဝန်ထမ်းအသွင်အယောင်ဆောင်ပြီး လူနာနှင့် လူနာစောင့်များထံမှ ငွေ ကြေးတောင်းခံနေသည့် လူနာပွဲစား များရှိနေသောကြောင့် ၎င်းတို့၏ ဓာတ်ပုံနှင့်တကွ သတိပေးထုတ်ပြန် ထားကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ခံဆရာဝန်) ဒေါက်တာခင် သိင်္ဂီမြင့်က News Watch သို့ ပြောသည်။
အဆိုပါ ထုတ်ပြန်ထားသော ဓာတ်ပုံရှင်များမှာ ဆေးရုံကြီး မှတာဝန်ပေးအပ်ထားခြင်း မရှိသူများဖြစ်ပြီး CCTV မှတ်တမ်းနှင့် ဓာတ်ပုံမှတ်တမ်းတို့မှ ထုတ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။ ဆေးရုံဝန်ထမ်းအသွင်ဆောင်သူ စုစုပေါင်း ၂၀ ဦးခန့် ရှိမည်ဖြစ်သော်လည်း လက်ရှိတွင် ဓာတ်ပုံမှတ်တမ်းရရှိသော သူများကိုသာ ထုတ်ပြန်ကြေညာထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
”ဆေးရုံမှာ ၀န်ထမ်းအယောင်ဆောင်ပြီး ငွေညှစ်ယူနေတာ တိုင်ကြားလာလို့ ဆေးရုံမှာ တနေရာကနေ တနေရာ အရွှေ့အပြောင်းတွေမှာ သူတို့က လိုက်ပို့ပြီး ငွေတောင်းတယ်၊ မသိရင် ဆေးရုံကဘဲ ကုန်ကျစရိတ်များနေသလိုပဲ။ ခုလည်း ဓာတ်ပုံမရတဲ့လူတွေ ရှိနေသေးတယ်။ အခုလို လာလုပ်စားနေတဲ့သူတွေထဲမှာ အရင်က အလုပ်ထုတ်ပစ်လိုက်တဲ့ သူတွေပါတယ်။
ဆေးရုံအကြောင်းသိတော့ ၀င်လုပ်လိုက် ပြေးလိုက်နဲ့”ဟု ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောသည်။အဆိုပါ ကြေညာချက်ကို ဇူလိုင်လဆန်းပိုင်းတွင် ဆေးရုံတက်လူနာများ၊ လူနာစောင့်များ သတိထားမိစေရန် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ဆေးရုံဝန်ထမ်းအယောင် ဆောင်သူများထပ်မံတွေ့ရှိခဲ့ပါက ရဲဌာနသို့ အကြောင်းကြားပြီး အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Credit - News Watch


0 မှတ်ချက်များ for "ရန်ကုန်ဆေးရုံကြီးတွင် ဆေးရုံဝန်ထမ်းအသွင်အယောင်ဆောင်ပြီး လူနာနှင့် လူနာစောင့်များထံမှ ငွေ ကြေးတောင်းခံနေသည့် လူနာပွဲစား များ"