ဖွဲ့စည်းပုံနှင့်အညီ KNLA ကရင်တပ်ဖွဲ့ ကို ပြန်လည် ဖွဲ့စည်းမည်ဟု ဆို
မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုအောင်မြင် လာပါက ကရင်လက်နက်ကိုင်တပ်ဖွဲ့ကို
နိုင်ငံတော် ဖွဲ့စည်းပုံနှင့် အညီ ပြန်လည်ဖွဲ့စည်းမယ်လို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း က (၆၅)နှစ်မြောက် ကရင့်အမျိုးသား
လွတ်မြောက်ရေး တပ်မတော် (KNLA )နေ့ အခမ်းအနားမှာ ပြော ကြားလိုက်ပါတယ်။
(၆၅)နှစ်မြောက် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA )နေ့ အခမ်းအနားကို ကရင်အမျိုး သားအစည်းအရုံး (KNU)၏ ဖားအံခရိုင် တပ်မဟာ(၇) ရှိ KNLA
ဗဟို စစ်ဦးစီးဌာနချုပ်မှာ ဇူလိုင်လ ၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး KNU အကြီးအကဲများ၊ ခရိုင်အရပ်ဖက် အုပ်ချုပ်ရေးအကြီးအကဲများ၊
KNLA စစ်ဖက်အရာရှိကြီးများ အပါအ၀င် ဒေသခံ ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားအဖွင့်ပွဲ မိန့်ခွန်းမှာ KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်မတော် KNLA ကို ဖွဲ့စည်းရခြင်းဟာ ကရင်လူထုကို ကာကွယ်ဖို့၊ ကရင့်အမျိုး သားတွေအတွက် KNU ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေကို
ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
ထို့အပြင် KNLA ၏ အနာဂတ်အခန်းကဏ္ဍနှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး မှုအောင်မြင်လာပါက
နိုင်ငံတော်ဖွဲ့စည်းပုံနှင့်အညီ ကရင်လက်နက်ကိုင်တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းရမှာ
ဖြစ်ပြီး ပြန်လည်ဖွဲ့မည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ကို မည်သည့်ပုံစံနဲ့ ရပ်တည်မလဲဆိုတာ နိုင်ငံတော် ဖွဲ့စည်းပုံကို အခြေခံ၍ ကျနော်တို့ပြန်လုပ်ရမှာဖြစ်တယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။
KNLA နေ့အတွက် ပေးပို့လာသော KNU ဥက္ကဌ
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ မိန့်ခွန်းလွှာကတော့ "တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်များ
ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေပြီဖြစ်သော် လည်း ကျော်ဖြတ်လာရသည့်အတွေ့အကြုံများအရ တိုင်းရင်းသားလူမျိုးစုများ လိမ္မာပါးနပ်စွာနှင့်
သတိ ၀ိရိယရှိရှိ လုပ်ဆောင်ရန် လိုအပ်သည်" ဟု ဆိုပါတယ်။
စစ်မှန်သည့် နိုင်ငံရေးစနစ်မရှိလျှင် နိုင်ငံရေးလည်း
တည်ငြိမ်မည်မဟုတ်ကြောင်းနှင့် နိုင်ငံရေး မတည်ငြိမ် လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရှိလာမှာမဟုတ်ဘဲ ငြိမ်းချမ်းမှုမရှိလျှင်
နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မည်သို့မျှ ဖြစ် လာနိုင်မည် မဟုတ်ကြောင်းလည်း ထောက်ပြထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကို
၁၉၄၉ ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင် ခဲ့သည်။ ဇူလိုင် ၅ ရက်နေ့ကို KNLA နေ့အဖြစ်သတ်မှတ်ပြီး KNLA နေ့ အခမ်းအနားကို သက်ဆိုင်ရာ KNU ခရိုင်အသီးသီး တပ်မဟာအလိုက် နှစ်စဉ် ကျင်းပပါတယ်။


0 မှတ်ချက်များ for "ဖွဲ့စည်းပုံနှင့်အညီ KNLA ကရင်တပ်ဖွဲ့ ကို ပြန်လည် ဖွဲ့စည်းမည်ဟု ဆို "