အကြမ်းဖက်မှုအန္တရာယ် မကြုံရစေဖို့ အမေရိကန်အစိုးရ သတိပေး
အယ်လ်ခိုက်ဒါးအကြမ်းဖက်အဖွဲ့နဲ့ ၎င်းနဲ့ဆက်စပ်တဲ့ စစ်သွေးကြွအဖွဲ့တွေက အမေရိကန်ကို အကြမ်းဖက် တိုက်ခိုက်မယ့်သတင်း ရရှိထားတာမို့လုံခြုံရေး သတိရှိကြဖို့ အမေရိကန် အစိုးရက သတိပေးလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက နိုင်ငံတွေနဲ့ အာရေဗျ ကျွန်းဆွယ်တွေမှာ အမေရိကန်ကို ပစ်မှတ် ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ဖို့ စစ်သွေးကြွအဖွဲ့တွေက ပြင်ဆင်နေတဲ့သတင်း ရရှိထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။
ဘယ်လို ခြိမ်းခြောက်မှုတွေလဲဆိုတာကိုတော့ အသေးစိတ် မဖော်ပြထားပေမယ့် အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ရှိတဲ့ အမေရိကန်သံရုံးတွေနဲ့ သံတမန်အဆောက်အအုံတွေကို အခုလာမယ့် တနင်္ဂနွေနေ့မှာ စတင်ချိတ်ပိတ်ထားဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန က ပြောပါတယ်။

တနင်္ဂနွေနေ့ဟာ အဲဒီဒေသက မွတ်ဆလင်နိုင်ငံတွေမှာ ပုံမှန်ရုံးဖွင့်ရက် ဖြစ်နေသော်လည်း စစ်သွေးကြွတွေရဲ့ခြိမ်းခြောက်မှု အန္တရာယ်တွေကြောင့် အမေရိကန်သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေကတော့ တရက် မက ပိတ်ထားရနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေး အရာရှိတစ်ဦးက ပြောပါတယ်။
အမေရိကန်တွေအပါအဝင် ကမ္ဘာလှည့်ခရီးသွားတွေ သွားတတ်တဲ့နေရာတွေ ခရီးသည်ပို့ဆောင်ရေး ယာဉ်စခန်းတွေကို သွားရင် လုံခြုံရေးသတိရှိဖို့ အမေရိကန်က တိုက်တွန်းထားသလို ကိုယ်သွားမယ့် နေရာ နဲ့ပတ်သက်ပြီး အင်တာနက် ဝက်ဘ်ဆိုက်ကတဆင့် အမေရိကန် ကောင်စစ်ဝန် ရုံးတွေ၊ သံရုံးတွေဆီကို ကြိုတင်စာရင်းပေး အကြောင်းကြားထားကြဖို့ ဆော်သြထားပါတယ်။
အမေရိကန်က သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ ယာယီပိတ်ထားဖို့ ကြေညာတာဟာ စက်တင်ဘာ ၁၁ တိုက် ခိုက်မှုရဲ့ ပထမ နှစ်ပတ်လည် ၂၀ဝ၂ ခုနှစ် ကတည်းကဆိုရင် ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။__Ref: BBC

0 မှတ်ချက်များ for "အကြမ်းဖက်မှုအန္တရာယ် မကြုံရစေဖို့ အမေရိကန်အစိုးရ သတိပေး"